လေယာဉ်ပျံကြီးစီးပြီး ပြန်လာမယ်

0
626

၁၁ ရက် ဇွန်လ ၂၀၁၇ ခုနှစ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
“Cabin crews, be seated for take-off – လေယာဉ်ထွက်ခွာရန်အတွက် လေယာဉ်မောင်/မယ်များ ထိုင်ခုံတွင် ထိုင်ကြပါ” လို့ လေယာဉ်မှူး အခန်းက မိုက်ကရိုဖုန်းနဲ့ ကြေညာလို့ အပြီးမှာတော့ ရန်ကုန်မြို့ကနေ ထားဝယ်မြို့ကို ဦးတည် မယ့် ခရီးစဉ်အမှတ် ယူဘီ – ၃၁၅ လေ ယာဉ်ဟာ ဘယ်ညာ တောင်ပံ နှစ်ဖက်ဆီ က တဝီဝီ အသံကြီးမြည်ဟီးပြီး လေထုထဲ ကိုသိမ်းငှက်တစ်ကောင်လို ထိုးခွင်းထွက် ခွာ လိုက်ပါပြီ။

မာတာမိခင်ကြီးက ” သား အပြန် ဘတ်စ်ကားနဲ့ ပြန်လာပါလား” လို့ တပ်မတော်လေယာဉ်ပျက်ကျပြီး ညနေ ကတည်းက တဖွဖွ မှာနေလေရဲ့။
အခုလည်း လေယာဉ်လက်မှတ်က ဖြတ်ပြီးသားဖြစ်လို့ လေယာဉ်နဲ့သာ ပြန်လာမှာဖြစ်ပြီး ဘာမှစိတ်မပူဖို့ အမေ့ ကို နှစ်သိမ့်ရသေးတယ်။
တပ်မတော်လေယာဉ်ပျက်ကျတဲ့ ဇွန်လ ၇ ရက်ကလည်း သူတို့ စိတ်ပူခဲ့ရပြီး ပြီလေ။ ဘာလို့ဆို အဲဒီနေ့က ညနေပိုင်း လေယာဉ်နဲ့ ကျွန်တော်က ထားဝယ်ကနေ ရန်ကုန်ကို စီးလာခဲ့တော့ လေယာဉ်ပျက် ကျတယ်လို့ ကနဦး သတင်းကြားချိန် မိသားစုဝင်တွေ မိတ်ဆွေတွေက ကျွန်တော် စီးလာတဲ့ လေယာဉ်များလားဆိုပြီး စိတ်ပူ ကြရခဲ့သေးတယ် မဟုတ်လား။

တကယ်တော့ အားလုံးသိပြီးဖြစ်တဲ့ တပ်မတော် Y-၈ လေယာဉ် သတင်းဆိုး ကြောင့် ကိုယ်ကိုယ်တိုင် လည်း လေထဲ ဖြတ်ပျံရမှာ နည်းနည်းတော့ လန့်မိသား။
အပေါ်မှာ ပြောခဲ့ပြီးတဲ့အတိုင်း မြန် မာ အမျိုးသား လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ယူဘီ – ၃၁၅ ဟာ ရန်ကုန် က စထွက်လာပါပြီ။ လေထဲကိုရောက်ပြီး မိနစ်ပိုင်းအတွင်းမှာ ညာဘက်တောင်ပံ အစွန်း အောက်ဘက်မှာ အင်းစိန်ထောင် ကြီးကို ရှင်းရှင်းကြီးမြင်နေရတယ်။ ရန်ကုန်ရဲ့ ၁၁ ရက်နေ့ မနက် ရာသီဥတု ဟာ တိမ်အသင့်အတင့်ရှိပေမယ့် ကောင်း ကင်ပြာပြာ ကြီးကို လေယာဉ်မတက်ခင် မြင်နေခဲ့ရတာပါ။

လေယာဉ်မှူးဆီက ထိုင်ခုံခါးပတ် ပတ်တဲ့ အချက်ပြတဲ့မီးကို မှိတ်လိုက် ပြီဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်း ရှင်းရန်အတွက် ထိုင်ခုံမှာထိုင်နေစဉ် အတွင်း ထိုင်ခုံခါးပတ်များကို ပတ်ထား ပေးဖို့ အကြောင်း လေယာဉ်မယ်က ကြေ ညာတယ်။ ပြီးတော့ ထုံးစံအတိုင်း ခရီး သည်တွေကို အဆာပြေ ကော်ဖီနဲ့ မုန့် ဧည့်ခံဖို့အတွက် လေယာဉ်အမှုထမ်းတွေ အလုပ်ရှုပ်နေကြတယ်။ ရန်ကုန်မြို့ပြင် ကောင်းကင်ပြင် လယ်ကွင်းတွေ အပေါ်ကိုအရောက်မှာ တော့ မိုးတိမ်တောင်တွေနဲ့ လေယာဉ် ကိုယ်ထည် စတိုက်မိပါပြီ။ စောစောက လေယာဉ် ပြတင်းပေါက် လေကာမှန် တွေကို ဖြတ်ပြီး မြင်နေရတဲ့ တိမ်ပြာပြာ ကောင်းကင်ဟာလည်း ရုတ်ချည်း အရောင် ပြောင်းသွားပြီး ညိုပုပ်ပုပ် မည်းညစ်ညစ်နဲ့ တစ်လောကလုံး အမှောင်ဖုံးသွားပါ တော့တယ်။

” တီးတောင် ..တီးတောင်” ဆိုတဲ့ အချက်ပေး ခေါင်းလောင်းသံနဲ့ အတူ လေယာဉ်မှူးအခန်းကနေ ” Please fasten your seat belt – သင့်ထိုင်ခုံ ခါးပတ်များကို ပြန်လည်၍ တပ်ဆင် ထားပေးပါ” ဆိုတဲ့ ကြေညာချက် ထွက် ပေါ်လာတယ်။ ခရီးသည်ထိုင်ခုံတွေ ကြားက လျှောက်လမ်းကျဉ်းကျဉ်း ကလေးမှာ အစားအသောက်တင်တဲ့ စင်ကလေးကို တစ်ဖက်တစ်ချက်စီကိုင်ပြီး “ကော်ဖီ လက်ဖက်ရည် အအေး ဘာများ သုံးဆောင်ပါမလဲရှင်” လို့ ဖော်ရွေပျူငှာ ဝန်ဆောင်မှုပေးနေတဲ့ လေယာဉ်မယ် ကလေးနှစ်ဦးလည်း စောစောကလို ဣနြေ္ဒမရတော့။ လုပ်လက်စ အလုပ်တွေ ကို ရပ်ထားပြီး အစားအသောက်တင်တဲ့ စင်ကလေးကိုကိုင်ပြီး ခေတ္တရပ်နေရ တယ်။ လေယာဉ်ကြီးကတော့ မိုးတိမ် တောင်တွေကို ဖြတ်လို့ကောင်းတုန်း။ ဘယ်ညာတောင်ပံနှစ်ဖက်ဆီကနေလည်း တိမ်မည်းထုတွေကို ဖြတ်ရာကနေ ထွက်ပေါ်လာတဲ့ တဖျပ်ဖျပ် တလှပ်လှပ် တရွှီးရွှီးတဝှီးဝှီးအသံတွေ ထွက်လို့ ကောင်း နေတုန်း။

အခြေအနေဟာ ခဏကလေးပါပဲ။ မိနစ်ပိုင်းပါပဲ။ ဒါပေမဲ့ အတော်ကြာတဲ့ မိနစ်ပိုင်းပါ။ ကြောက်စရာ မိနစ်ပိုင်းပါ။ စိတ်ဟာလွန်ခဲ့တဲ့ ၃ ရက်ကမှ ခုသွားနေ တဲ့ လမ်းကြောင်းမှာပဲ ပျက်ကျသွားတဲ့ Y-8 ဆီကိုရောက်နေတယ်။ အဲဒီ လေယာဉ် ပျက်ကျရာမှာ ပါသွားတဲ့ အလောင်းတွေဆီကို ရောက်နေတယ်။ စိတ်ဟာ အဲဒီ ပျက်ကျလေယာဉ်ထဲက ခရီးသည်တွေနဲ့ အဖြစ်ဆိုးကိုတွေးတွေး ကြည့်ပြီးလူကိုသတ်နေတယ်။ အဲဒီ သတင်းဆိုးကို သိထားတဲ့ အားလုံးနီးပါး သော ခရီးသည်တွေရဲ့ မျက်နှာဟာ တည် ငြိမ်လွန်းနေတယ်။ ကျွန်တော့်စိတ်လိုပဲ သူတို့ရဲ့ စိတ်လည်း Y-8 ဆီကိုများ ရောက်နေလေရော့ သလားမသိ။
ကျွန်တော်နဲ့ အတူလာတဲ့ လုပ်ဖော်ကိုင်ဖက် ကော်ဖီကြိုက်တဲ့ ထိုင်း အမျိုးသမီးက လေယာဉ်မယ် တည်ခင်း တဲ့ ကော်ဖီကို သောက်ဖို့ ငြင်းဆန်တယ်။ သူမကိုကြည့်ရတာ အခြေအနေမဟန်။ (လေယာဉ်ဆိုက်မှ သူမ ပြန်ပြောပြတာက ” ငါဇောချွေးတွေပျံနေတာ” တဲ့) တကယ် တော့ ကျွန်တော်လည်း ဇောချွေးတွေ ပျံနေခဲ့တာပါ။

လက်က အယောင်ယောင် အမှားမှားနဲ့ ထိုင်ခုံရဲ့ခေါင်းပေါ်တည့် တည့်မှာ တပ်ထားတဲ့ လေထွက်ပေါက် အဖွင့်အပိတ်လုပ်တာ လေယာဉ်မောင်၊ မယ် ခေါ်တဲ့ခလုတ်ကို မှားနှိပ်မိတယ်။ ” တီးတောင်” ဆိုတဲ့အသံကြားလို့ “ဘာများ အကူအညီ ပေးရပါမလဲရှင်” လို့ အနားရောက် လာပြီးမေးတဲ့ လေ ယာဉ်မယ်ကို ခလုတ်မှားနှိပ်မိခြင်းဖြစ် ကြောင်းတောင်းပန်ရတယ်။ ကော်ဖီခွက် ထဲကို သကြားနဲ့ နို့မှုန့်ဖောက်ထည့်တော့ လည်း လေယာဉ်က ခါနေလို့ ကိုယ့်ရှေ့ ထိုင်ခုံမှာကပ်ထားတဲ့ အစားအသောက် တင်တဲ့ စားပွဲငယ်ပေါ်ဖိတ်စင်ကုန်တယ်။ တစ်ချိန်တည်း တွေးမိတာက ငါတို့ အားလုံး အောက်ခံကြမ်းပြင် ဘာဆို ဘာမျှမရှိတဲ့လေဟာနယ်ကြီးထဲကို ရောက်နေပါလား ဆိုတဲ့အသိရယ် အဲဒီ အသိနဲ့အတူ ဝင်လာတဲ့ ကြောက်စိတ်။

အခြေအနေဟာ ပြန်လည်တည် ငြိမ်သွားပါပြီ။ မေလ ၉၊ ၁၀၊ ၁၁ တွေမှာ ကြေညာထားတဲ့ ဘင်္ဂလားပင်လယ်အော် က လေဖိအားနည်း ရပ်ဝန်းဟာ ၁၁ ရက် နေ့မှာ အားပျော့သွားပြီဆိုတာ သိထား ရပေမယ့် ဝေဟင်ဟာ မှောင်နေဆဲ။ ခါ တိုင်း ထားဝယ်သွားရင် မြင်နေကျ အရှေ့ ဘက်က ကမ်းရိုးတန်းရယ် အနောက် ဘက်က အပြောကျယ်လှတဲ့ အက်ဒမန် ပင်လယ်ကြီးရယ်ကိုမတွေ့ရ။ အရာအား လုံးဟာ မှောင်မည်းနေဆဲ။ လေယာဉ် ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွား နေပါတယ်။

စိတ်ဟာ မကြာသေးတဲ့ ၅ နှစ်တာ ကာလအချိန်ကို နောက်ပြန်ဆုတ်သွားခဲ့ တယ်။
စက်တင်ဘာလ ၂၀၁၂ ခုနှစ်။
ကျွန်တော့်ဘ၀မှာ လေယာဉ်ပျံ စစီးဖူးတဲ့အချိန်။ ရက်ကိုတော့ အတိ အကျမမှတ်မိတော့။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာမှာ အခြေစိုက်တဲ့ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းစီမံကိန်း ပိုက်လိုင်းဗဟိုစခန်းဝင်း ထဲက ပုဂ္ဂလိကလေယာဉ်ကွင်းမှာ။ ကံပေါက်ကနေ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်။ တောင်ပံ တစ်ဖက် တစ်ချက် စီမှာ စက်တလုံးစီ တပ်ဆင်ထားတဲ့ တွင် အော်တာ (ကျွန်တော် မှတ်မိသလောက် ၁၈ ယောက်စီး) လေယာဉ်ပျံ အသေးလေး။ မတ်တပ်ရပ်လို့ မရ။ ထိုင်ခုံဆီကို ရောက် ဖို့ ခေါင်းငုံပြီး ဝင်ထိုင်ရတယ်။ စက်နှိုး လိုက်ရင် ဆူညံလွန်းလို့ အားလုံးကို နားကြပ်တွေတပ်ဖို့ ညွှန်ကြားထားတယ်။ လေယာဉ်မောင်/မယ်မရှိ။ လေယာဉ်မှူး ၂ ဦးက တာဝန်ယူပျံသန်းတယ်။ များ သောအားဖြင့် နိုင်ငံခြားသားလေယာဉ်မှူး တွေ။ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားချက် ဗွီဒီယိုကို လေယာဉ်စီး မယ့်သူတိုင်း ကြည့်ရတယ်။

အဲဒီ လေယာဉ်သေးသေးလေးနဲ့ ရန်ကုန်မြို့ကို ရတနာ လူမှုစီးပွား စီမံကိန်း ရဲ့ ဝန်ထမ်း တစ်ယောက်အနေနဲ့ ကျွန်တော် ပထမဆုံး ရောက်ဖူးခဲ့တာပါ။ နောက်ပိုင်း ၂၀၁၅ နှောင်းပိုင်း အဲဒီအလုပ်က မထွက် ခင်အထိ ရန်ကုန်နဲ့ကံပေါက် အကြိမ် များစွာစီးခဲ့တယ်။ ရန်ကုန်ကနေ ကံပေါက် အဆင်းဟာ အုန်းပင်ကွင်းရွာက တောင်တန်း တွေကြားကနေ ခက်ခက်ခဲခဲနဲ့ လေယာဉ် ကွင်း သေးသေးလေးထဲကို ဆင်းရတာ ဖြစ်လို့ ကြောက်စရာကောင်းသလို ရင်ခုန် စိတ် လှုပ်ရှားစရာလည်း ကောင်းလှပါ တယ်။

လေယာဉ်သေးသေးလေးက တစ်ခါ တစ်လေ တိမ်တွေကြားမှာ ခုန်ပေါက် လှုပ်ရှား လွန်းလို့ ရိုလာကိုစတာစီးရသလို ရင်ထဲ တလှပ်လှပ်နဲ့ပါ။
နောက်ပိုင်း နိုင်ငံရပ်ခြား တိုင်း ပြည်တွေကိုသွားတော့ လေယာဉ်စီးရတာ ဘတ်စ်ကားတွေ စီးရသလောက် မကြောက် တော့။ အေးအေး ဆေးဆေးပါပဲ။ ၂၀၁၆ ဩဂုတ်လမှာ နယူးဇီလန်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပြန်လာတဲ့ ၁၂ နာရီ ကျော်ကြာစီးရတဲ့ ခရီးစဉ် တစ်ခု မှာတော့ မှတ်မှတ်ရရ ကြောက်ခဲ့ဖူးတယ်။ တကယ်တော့ လူပေါင်း ၃၀၀ ကျော် တင်ထားတဲ့ Thai airway လေယာဉ် ကြီးကတည်ငြိမ်လွန်းလှတာပါ။ နာမည် ကျော် Thai airway ရဲ့ “smooth as silk” ဆိုတဲ့ ကြေညာထဲက အတိုင်း တကယ့်ကို ပိုးသားပေါ်မှာ ထိုင်နေရသလို နူးညံ့ကောင်းမွန်နေခဲ့တာပါ။ ဖြစ်ချင် တော့ သမုဒ္ဒရာတွေအပေါ်က ဖြတ်အပျံ လမ်းတစ်လျှောက် မိုးကြိုးမုန်တိုင်းတွေ တွေ့ရတာပါပဲ။

လျှပ်စီးတွေ တဖျပ်ဖျပ် တလှပ်လှပ်။ အသံသာ မကြားရပေမယ့် လေယာဉ်ကြီးရဲ့ ပြတင်းတံခါးတွေကနေ ဖြတ်မြင်နေရတဲ့ အတော်ကြီးမားတဲ့ တဝင်းဝင်း တလင်းတလင်း မိုးကြိုး လျှပ်စစ်တွေ။ တခါတခါ လင်းလွန်းလို့ လေယာဉ်အပြင်ဘက် လောကကြီး တခု လုံးကို ထင်းကနဲနေအောင်မြင်ရရင် မြင်ရ ရဲ့။ တစ်ခါတစ်ခါကျပြန်တော့ ကြီးမား လှတဲ့ လေယာဉ်ကိုယ်ထည်ကြီးတောင် သိမ့်ကနဲ တုန်တုန် သွားလေရဲ့။ တိုတို ပြောရရင် ဘန်ကောက်ကို ဘေးကင်း ကင်းနဲ့လေယာဉ်ဆိုက်ပါတယ်။ ဝေးက နေ အော်ပြီး တိုင်ပင်မထားဘဲ ဝမ်းသာ အားရ လက်ခုပ်လက်ဝါး ထတီး လိုက် ကြတဲ့ ခရီးသည်တွေရဲ့ အပျော်မျက်နှာနဲ့ အတူ ဆယ်ဂဏန်းချီတဲ့ လေယာဉ်အမှု ထမ်းတွေရဲ့ ပီတိအပြုံးတွေ ကိုမြင်ရတာ စိတ်ချမ်း သာစရာကောင်းရဲ့။ စိတ်မချမ်း သာစရာက နောက်တစ်ရက် ကြားရတဲ့ သတင်းဆိုးပါ။ ကျွန်တော်တို့နဲ့ လမ်း ကြောင်းတစ်ခုတည်း မောင်းလာတဲ့ လေယာဉ်တစ်စီး ပါပူးဝါး နယူးဂီနီ နိုင်ငံ အနီးမှာ မိုးကြိုးမုန်တိုင်းမိပြီး ပျက်ကျ သွားတယ် ဆိုတာပါပဲ။

အတိတ်အကြောင်းတွေ ပြန်စဉ်းစား နေတုန်း ထားဝယ်မြို့ကို တဖြည်းဖြည်း ချဉ်းကပ်လာနေတဲ့ လေယာဉ်ဟာ ရုတ် ချည်း တုန်ခါလာပြန်တယ်။ ” တီးတောင် … တီးတောင်” ဆိုတဲ့အချက် ပေးခေါင်း လောင်းသံနဲ့အတူ လေယာဉ်မှူးအခန်း ကနေ “Please fasten your seat belt – သင့်ထိုင်ခုံ ခါးပတ်များကို ပြန်လည်၍ တပ်ဆင်ထားပေးပါ” ဆိုတဲ့ ကြေညာ ချက် ထပ်မံထွက်ပေါ်လာတယ်။ လေယာဉ် ကလည်း (ကျွန်တော့်အထင်) ခါတိုင်း သွားနေကျလမ်းကြောင်းကနေ အနောက် ဘက်ကို ရုတ်တရက်ဆွဲကွေ့လိုက်ပြီး ပင်လယ်ပြင်ဘက်ကိုလည် ထွက်သွား တယ်လို့ ခံစားရတယ်။ (လေယာဉ်စီး နေတုန်း တဘက်ဘက်ကိုကွေ့ရင် ခုံမှာ ထိုင်နေပေမယ့် ကွေ့နေတယ်ဆိုတာ သိသာပါတယ်)။ သိပ်မကြာပါဘူး။ အရှေ့ဘက်ကို ပြန်ဆွဲကွေ့တဲ့ အသိကို ခံစားရပြီး ထားဝယ်လေဆိပ်ကို လေယာဉ် ဆင်းသက်တော့မှာ ဖြစ်ကြောင်း လေယာဉ်မယ်ဆီက ကြေညာပါတယ်။

ထားဝယ်လေဆိပ်ကို ချောချောမွေ့ မွေ့ဆင်းသက်လိုက်ပါပြီ။ ကျေးဇူးတင်ပါ တယ် မြန်မာအမျိုးသား လေကြောင်း လိုင်း။ ထားဝယ် လေဆိပ်မှာတော့ ကျွန် တော်တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းက စောင့်ကြိုနေပါတယ်။ တပ်မတော် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ။ Y-8 ကြောင့် သေဆုံးခဲ့ရသူတွေ အကုန်လုံး ကောင်းရာဘုံဘ၀ ရောက်ကြပါစေ။


၂၀ ရက် ဇွန်လ ၂၀၁၇ ခုနှစ်။ ထားဝယ်လေဆိပ်

ထားဝယ်ကနေ ရန်ကုန်ကို မွန်းလွဲ ၂း၅၅ မှာ တက်မယ်လို့ကြေညာထားတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း ယူ ဘီ – ၃၁၆ ဟာ ပုံမှန်ထက် နာရီဝက် လောက်စောပြီး ထွက်လာခဲ့တယ်။ မနက် က ခရီးသွားခါနီး အမေ့ကို ကန်တော့ရင်း ကျွန်တော် ၂၉ ပြန်လာခဲ့မယ် အမေလို့ နှုတ်ဆက်ခဲ့သေးတယ်။
ဟုတ်ကဲ့။ ကျွန်တော်တို့ လေယာဉ် ပျံတွေ ဆက်စီးနေရဦးမှာပါ။