တာကျိုးပျက်စီး လယ်မြေများ အတွက် မိုးစပါးချေးငွေမရ

0
397

ပုလောမြို့နယ် ဇရပ်ဆိပ်ရွာတွင် တာကျိုးကာ ပျက်စီးခဲ့သည့် လယ် အချို့မှ တောင်သူ ၇၀ ကျော် မိုးစပါး ချေးငွေမရကြောင်း ယင်း တောင်သူ တစ်ချို့က ပြောသည်။ဇရပ်ဆိပ်ရွာရှိ လယ် ၆၀၀ ဧက ဝန်းကျင်ခန့်အတွင်း တာကျိုးပေါက်ကာ ရေငန်များဝင်ရောက်မှုကြောင့် လယ်များ ပျက်စီးခဲ့သည့်အတွက် တောင်သူ ၇၆ ဦး ချေးငွေများ မရရှိခဲ့ခြင်းဖြစ်ကြောင်း တောင်သူ တစ်ချို့က ဆိုသည်။

“ချေးငွေ မရတော့ လယ်ပြန်ပြင်ဖို့ တော်တော် ခက်ခဲနေရတယ်” ဟု တောင်သူ တစ်ဦးဖြစ်သူ ဦးကျော်ရှိက ပြောသည်။ရေငန်မဝင်သည့် ပတ်ဝန်းကျင် လယ်မြေများတွင်မူ ချေးငွေများရရှိခဲ့ ကြောင်း ၎င်းတို့ထံမှ သိရသည်။”ရေငန်တွေဝင်တော့ စပါးစိုက်လို့ မရတော့ဘူး။ နောက်နှစ်တာပတ် (တာ ကိုပြင်ဆင်) ပြီးမှ ပြန်ချေးပေးမှာပါ ” ဟု ပုလောမြို့နယ် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

လယ်အတွင်း ရေငန်များဝင်ရောက် ခဲ့သည့်အတွက် ယခုနှစ်အတွက် စပါး စိုက်ပျိုးမည်ဆိုပါက အရည်အသွေးညံ့ ဖျင်းသည့် စပါးများသာထွက်ရှိမည့် အနေအထားရှိနေကြောင်း ၎င်းက ပြော သည်။စိုက်ပျိုးစရိတ်ကို အမှန်တကယ် စိုက်ပျိုးမည့်သူများကိုသာ ထုတ်ချေးပြီး ၎င်းတို့ကိုထုတ်ချေးမည်ဆိုပါက ပြန် ဆပ်ချိန်တွင် ပြန်ဆပ်ရန် အခက်အခဲ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ယင်းတောင်သူ များမှာ ချေးငွေ အတွက် တင်ပြထားပြီးမှ ဇွန်လ ပထမ အပတ်ခန့်တွင် တာများကျိုးပေါက်ကာ လယ်ယာများ ပျက်စီးခဲ့ရခြင်းကြောင်း တောင်သူများထံမှ သိရသည်။