ဟိန္ဒားသတ္တုမိုင်း လည်ပတ်ခွင့် တတိယအကြိမ်မြောက် ရပ်ဆိုင်း

0
410

ဟိန္ဒားသတ္တုမိုင်းအတွင်း ညွှန်ကြား ထားသည့်အတိုင်း ဆောင်ရွက်ထားမှု မရှိသည့်အတွက် မြန်မာပွန်ပီပက် ကုမ္ပဏီအား သတ္တုတူးဖော်ခွင့် ခေတ္တရပ် ဆိုင်းထားရန် ဇွန်လ ၇ ရက်က ထပ်မံ စာပို့ အကြောင်းကြား လိုက်ပြန်သည်။

ယင်းသည် တိုင်းအစိုးရမှ ဟိန္ဒား သတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက်ကုမ္ပဏီအား တတိယ အကြိမ် သတ္တုတူးဖော်ခွင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။နှုန်းစစ်ကန် ၅ ကန်ရှိသည့်အနက် ၃ ကန်မှာ ပြုပြင်တူးဖော်မှု မရှိခြင်း၊ ကျန်နှုန်းစစ်ကန် ၂ ခုမှာလည်း ပြုပြင် တူးဖော်မှုလုပ်ငန်း ဆောင်ရွက်ဆဲသာ ဖြစ်ခြင်းတို့ကြောင့် ယင်းသို့သတ္တု ထုတ်ခွင့် ရပ်နားထားရန် ညွှန်ကြား ထားခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က ယင်း သတ္တုတွင်း လုပ်ငန်းခွင်သို့ သွားရောက် ကာ နှုန်းစစ်ကန် စနစ်တကျ ပြုပြင် တူးဖော်ရန်၊ ရေဝေရေလဲ ဧရိယာ အတွင်း သစ်ပင်များခုတ်လှဲခြင်း မပြု ရန်တို့ကို ညွှန်ကြားခဲ့သည်။

ယခုနှစ် မေလ ၂၈ ရက်တွင် ဝန်ကြီး ဦးမြင့်မောင်နှင့်အဖွဲ့ ကွင်း ဆင်း စစ်ဆေးပြီးနောက် ညွှန်ကြားချက် အတိုင်း မလုပ်ဆောင်သဖြင့် တတိယ အကြိမ် သတ္တုတူးဖော်ခွင့် ရပ်ဆိုင်းလိုက် ခြင်း ဖြစ်သည်။” ညွန်ကြားထားတဲ့ အချက်အလက် တွေ လိုက်နာမှု ရှိ/မရှိပေါ် မူတည်ပြီး ပြန်လည်ပတ်ခွင့် ပြုမပြု ဆုံးဖြတ်မယ်” ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

မြန်မာပွန်ပီပက် ကုမ္ပဏီအား မြောင်းပြိုချောင်းကို ပြန်လည်ဖော်ဆောင် ပေးရန် အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုကြောင်း ဝန်ကြီးချုပ်က နိုဝင် ဘာလတွင် ပြောခဲ့ဖူးသည်။ယင်းကုမ္ပဏီသည် ဟိန္ဒားတွင် လုပ်ကွက်ဧရိယာ ၂၁၁၀ ဧကကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်အထိ လုပ် ကိုင်ခွင့် ရရှိထားသည်။