ထားဝယ်မြို့ ကြိုးဖုန်းနံပါတ် ဂဏန်းနှစ်လုံး တိုး

0
579

အိတ်ချိန်းကို အဆင့်မြှင့်လိုက်သည့် အတွက် ထားဝယ်မြို့ရှိ ကြိုးဖုန်းများတွင် ဖုန်းနံပါတ် နှစ်လုံးပိုလာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းရုံးထံမှ သိရသည်။

ဇွန်လ ၈ ရက်မှ စတင်ကာ ၀၅၉ ဖြင့် စသည့် ကြိုးဖုန်းနံပါတ်များ (၀၅၉-၂၁၊၂၂၊ ၂၃၊ ၂၄×××) ကို ယခင်က ဂဏန်း ၅ လုံး အစား ဂဏန်း ၇ လုံး (ဥပမာ ၀၅၉-၂၁၀၀၀ ဖုန်းကို ၀၅၉-၂၀၂၁၀၀၀) တိုးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး တိုင်းဒေသကြီး မန်နေဂျာကဆိုသည်။ယင်းသို့ အဆင့်မြှင့်လိုက်ခြင်း ကြောင့် ယခင်က အဝင်ဖုန်းနံပါတ်များ မပေါ်သည့် ၀၅၉-၂၁၊ ၂၂××× များတွင် အဝင်ဖုန်းနံပါတ်များပေါ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်း အတွင်း ထားဝယ်မြို့ အိတ်ချိန်း တစ်ခု ကိုသာ အဆင့်မြှင့်ထားပြီး ကျန်သည့် မြို့နယ်များတွင်လည်း ဆက်လက် အဆင့်မြှင့်သွားရန်ရှိကြောင်း တိုင်းဒေသ ကြီး မန်နေဂျာ ဒေါ်တင်တင်အုန်းက ပြောသည်။” ကြိုးဖုန်း သုံးစွဲသူများတဲ့ မြို့ကို ပထမဦးစားပေး ပြောင်းတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာက ဆိုသည်။

ယခင်အိတ်ချိန်းတွင် ဖုန်းခေါ်ဆိုမှု (Voice) ဝန်ဆောင်မှုသာ ရရှိရာမှ အိတ် ချိန်းကို အဆင့်မြှင့်လိုက်ပြီး နောက်ပိုင်း အင်တာနက်အပါအဝင် အခြားဝန်ဆောင် မှုများ ရလာမည်ဖြစ်ကြောင်း မြိတ် အိတ် ချိန်းတာဝန်ခံ ဒေါ်ယုယုနွဲ့က ရှင်းပြ သည်။” ဒီအဆင့်မြင့် အိတ်ချိန်းက လိုင်း တွေ ပိုကောင်းလာတယ်” ဟု ဒေါ်ယု ယုနွဲ့က ပြောသည်။

အိတ်ချိန်း အဆင့်မြှင့်ပြီးနောက်ပိုင်း ဆက်သွယ်လာသည့် ဖုန်းနံပတ် ပေါ်နေ ပြီး ယင်းဖုန်းကို ပြန်ဆက်သွယ်နိုင် သည့်အတွက် ဖုန်းဖြင့် နှောင့်ယှက်မှု အကြိမ်ရေနည်းသွားကြောင်း ထားဝယ် မြို့မ ရဲစခန်းမှူးက ဆိုသည်။” ဘယ်ဖုန်းက ဆက်တယ်ဆိုတာ သိရတော့ အရမ်း အကျိုးရှိတာပေါ့” ဟု စခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ပြော သည်။

ထားဝယ်မြို့မ ရဲစခန်းတွင် တပ် ဆင်ထားသည့် ကြိုးဖုန်းကို ယခင်က ဖုန်းဆက် အနှောင့်အယှက် ပေးမှုများ တစ်ရက်လျှင် အကြိမ်များစွာရှိနေပြီး ဖုန်းနံပါတ်မပေါ်သည့်အတွက် ပြန်ဆက် သွယ်ရန် ခက်ခဲရှိခဲ့ကြောင်း သိရသည်။ ၀၅၉-၂၁xxx ဖြင့်စသည့် ကြိုး ဖုန်းများ မိမိကို ခေါ်ဆိုသည့် ဖုန်းနံ ပတ်ပေါ်စေသော ဝန်ဆောင်မှု အတွက် တစ်နှစ်လျှင် ငွေခြောက်ထောင်ကျပ် ပေး သွင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးရုံးထံမှ သိရသည်။

ယင်းသို့ ဖုန်းနံပါတ် နှစ်လုံးတိုးလာ သည်ကို ကြိုးဖုန်းသုံးစွဲသူအချို့ မသိ သေးသည့်အတွက် ယခင်ဖုန်းနံပါတ်ရော ဖုန်းနံပါတ်အသစ်ပါ နှစ်မျိုးစလုံး သုံးစွဲ နိုင်မည့်ကာလကို အချိန် ၃ လ သတ် မှတ်ထားကြောင်း သိရသည်။

ထားဝယ်အိတ်ချိန်းတွင် တပ်ဆင် ထားသည့် ကြိုးဖုန်းအရေအတွက် ၂၅၀၀ လုံးခန့် ရှိကြောင်း တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးရုံးထံမှ သိရသည်။