တစ်နာရီ တန် ၆၀ ထွက် ကွန်ကရစ် ကတ္တရာဖျော်စက် ထားဝယ်ရောက်

0
503

စက်လည်ပတ်ချိန် အချိန် ၁ နာရီ အတွင်း တန်ခြောက်ဆယ်အထိ ဖျော် စပ် ပြီးစီးနိုင်သည့် ဂျာမဏီ နိုင်ငံထုတ် ကွန်ကရစ်ကတ္တရာ ဖျော်စက်တစ်လုံး ဇွန် လ ၁၂ ရက်က ထားဝယ်မြို့သို့ ရောက်ရှိလာကြောင်း တနင်္သာရီတိုင်း ဒေသကြီး လမ်းဦးစီး ဌာနထံမှ သိရ သည်။

ဂျာမဏီနိုင်ငံမှ ထုတ်လုပ်ပြီး ဘရာဇီးနိုင်ငံတွင် တပ်ဆင်သည့် အဆို ပါ ဖျော်စက်မှာ အမှုန်အမွှားထွက်ရှိမှု နည်းပါးပြီး အလွယ်တကူ ရွေ့ပြောင်း နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးက ဆိုသည်။”အခုစက်က ပိုကောင်းပြီး အမှုန် အမွှား ထွက်မှုလည်း သက်သာတယ်” ဟု တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။

အဆိုပါဖျော်စက်ကို ဘရာဇီးနိုင်ငံ မှ ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်မြို့တွင် ယခင်က လည် ပတ်နေသည့် ၁ နာရီလျှင် တန် ၃၀ ခန့် ဖျော်စပ်ပြီးစီးနိုင်သည့် ဖျော်စက်ကို ကော့သောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဦးစီး အရာရှိ(စက်မှု)တစ်ဦးက ဆိုသည်။

လမ်းခင်းနိုင်သည့် ကွန်ကရစ် ကတ္တရာရရှိစေရန် ကျောက်စရစ်၊ သဲ၊ ဘိလပ်မြေနှင့် ကတ္တရာများကို သတ်မှတ် အချိုးအစားအတိုင်း စက်ဖြင့် ဖျော်စပ်ရ ကြောင်း သိရသည်။အကျယ် ၁၈ ပေနှင့် ထု ၂ လက်မရှိ ကွန်ကရစ်ကတ္တရာလမ်း(နိုင်လွန်) အရှည်ပေ ၁၀၀ အတွက် ဖျော်စပ်ပြီးသော ကွန်ကရစ်ကတ္တရာ တန် ၂၀ ခန့် အသုံးပြုရကြောင်း လမ်းဦးစီးဌာနထံမှ သိရသည်။