ဟန်ပြကယ်တင်ရှင်တွေလား

0
492

ကျန်းမာရေး စောင့်ရှောက်မှုလို့ ပြောရင် ဆေးရုံဆေးခန်းတွေ၊ ဆရာဝန် တွေ၊ သူနာပြုတွေပဲ မျက်စိထဲ ပြေးပြေး မြင်နေကြတဲ့ ဒီနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း ဘယ်လိုမှ မြင့်လာနိုင်စရာ မရှိပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှု ညံ့ တယ်လို့ ပြောတိုင်းလည်း ဆေးရုံ မလောက် တာ၊ ဆရာဝန် သူနာပြု မလောက်တာ၊ ဆေးဝါးပစ္စည်း မလုံလောက်တာ လောက် ကိုပဲ ပြောနေဆိုကြတာကို တွေ့နေရပါ တယ်။ သေချာတွေးကြည့်ရင် အဖြေက ရှင်းရှင်းလေးပါ။ ဆေးရုံတစ်ခုကနေ ဆေးကုသမှုပေးရတဲ့ လူနာအရေအတွက် ဟာ အဲဒီဆေးရုံက ဝန်ဆောင်မှုပေးနိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုများနေလို့ပါ။

ဒါကို ဖြေရှင်းတဲ့ ပုံစံက ဆေးရုံမှာ ရှိတဲ့ စွမ်းဆောင်ရည်ကို ပိုတိုးပေးလိုက် ရင် အဆင်ပြေမယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေ၊ မူဝါဒချမှတ်သူတွေ အသုံးပြုနေကြပြီး အဲဒီ ဆေးမြီးတိုနည်းပဲ အမြဲအသုံးပြုခဲ့ကြတယ်။ မကြာခင်မှာပဲ တိုးချဲ့လိုက်တဲ့ ဆေးရုံရဲ့ ဝန်ဆောင်မှုက မလုံလောက်တော့ပြန်ပါဘူး။ ဒီနည်း အတိုင်းဆို ရွာတိုင်း ရွာတိုင်းမှာ ဆေးရုံ ဆောက်ပေးရ မလိုတောင် ဖြစ်လာ ပါတယ်။ ဘယ်သူမှ လူနာအရေအတွက် ဘာကြောင့် များလာသလဲဆိုတဲ့ ကိစ္စကို သေချာ မစဉ်းစားကြပါဘူး။

အဓိက ပြဿနာကတော့ နိုင်ငံရေး သမားတွေ၊ ကျန်းမာရေး မူဝါဒချမှတ် သူတွေ ကိုယ်တိုင် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်ကို သေချာနားလည်မှု မရှိခဲ့ ကြလို့ပါ။ ယခင် နအဖလက်ထက်မှ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးခင်ညွှန့်ပါ။ စစ်သားက ကျန်းမာရေးမူဝါဒချမှတ်တယ် ဆိုတော့ စစ်သားနည်းအတိုင်းပဲ လက်တ လော ပြဿနာတခုရဲ့ အကျိုးသက်ရောက် မှုကိုပဲ ကြည့်ပြီး ဖြေရှင်းခဲ့လို့ ပြဿနာ တစ်ခုရှင်းတိုင်း နောက်တခုတိုးလာရင်း ထိရောက်မှု မရှိတာကို အားလုံးအသိပါ။ အခုလက်ရှိ အစိုးရ လက်ထက်မှာလည်း တစ်ပွဲတိုး မူဝါဒတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှုက ဘာမှ ထူးခြားလာမယ် မထင်ပါဘူး။

ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှ ရောဂါဖြစ်မှ ကုပေးတာထက် ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ် တားဆီးမယ်။ ရောဂါ ဖြစ်လာစေမယ့်အရာတွေ မှန်သမျှကို ဘယ်လိုလျှော့ချမယ်ဆိုတဲ့ အတွေးအခေါ် ဟာ အဓိကကျပါတယ်။ ဒါကို တစ်ကမ္ဘာလုံးလည်း လက်ခံထားတဲ့ အခြေခံမူပါ။
ရောဂါဖြစ်တယ်ဆိုတာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်ရတာ ပါ။ ရှေးဘ၀က ကုသိုလ်ကံကြောင့် မဟုတ်ပါဘူး။ ကင်ဆာဖြစ်စေတဲ့ ဓာတု ပစ္စည်းတွေစားရင် ကင်ဆာဖြစ်မယ်။ ဆေးလိပ်များများသောက်ရင် အဆုတ် ရောဂါ ဖြစ်မယ်။ လေထု ညစ်ညမ်းနေရင် အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်မယ်။ အဲဒီရောဂါဖြစ်စေတဲ့ အရာတွေကနေ ကာကွယ်တားဆီးရေးကို အဓိက ဦးစား ပေးပြီး လုပ်ရမယ့်အစားဖြစ်မှ ကုပေး မယ့် အစီအစဉ်ကို ဦးစားပေးခြင်းဟာ မသိလို့ လုပ်ဆောင်ခြင်းလား။ သိလျက် နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း လားဆိုတာ စဉ်းစားစရာပါ။

ဘာကြောင့် သိလျက်နဲ့ လုပ်ဆောင် နေခြင်းလားလို့ သံသယဖြစ်မိလဲဆိုတော့ အခု နိုင်ငံအနှံ မြို့ကြီးတွေမှာရှိတဲ့ ပုဂ္ဂလိ က ဆေးရုံ ဆေးခန်းတွေကို ပိုင်ဆိုင်သူ အများစုဟာ ဆေးလောကမှာ တာဝန် ကြီးကြီး ရာထူးကြီးကြီး ယူထားခဲ့ကြ ဖူးသူ၊ ယူနေကြသူတွေများပါတယ်။ ဒါမှမဟုတ် သူတို့တတွေရဲ့ သားသမီးနဲ့ ဆွေမျိုးတွေပါပဲ။ ပုဂ္ဂလိက လုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်က အကျိုးအမြတ် ပါ။ လူတွေမကျန်းမာနေသမျှ ကာလပတ် လုံး သူတို့အတွက် အကျိုးအမြတ်က များစွာ ဖြစ်ထွန်းနေပါတယ်။ လူတွေ ကျန်းမာရေး အဆင့်အတန်းမြင့်လာရင် သူတို့တတွေရဲ့ ဝင်ငွေ၊ ရပိုင်ခွင့်တွေ နည်းသွားနိုင်တဲ့ အကျိုးစီးပွား ထိခိုက် မှုတွေ ရှိနေပါတယ်။ တချို့အထူးကု ဆရာ ဝန်တွေဟာလည်း အစိုးရ ဆေးရုံကြီး တွေမှာ လစာနည်းတာကို အကြောင်း ပြပြီး ပြင်ပဆေးရုံ ဆေးခန်းတွေမှာ အချိန်ပိုင်း ထိုင်ပေးခြင်းအားဖြင့် သူတို့ အတွက် အကျိုးအမြတ်တွေ များများ ရနေပါတယ်။ ဒါကိုလည်း အစိုးရအနေနဲ့ လျစ်လျူရှုထား ပြန်ပါတယ်။

တကယ်ဖြစ်သင့်တာက အစိုးရ အနေနဲ့ မူဝါဒတွေချမှတ်ပြီး အဲလို အကျိုးစီးပွား ပဋိပက္ခဖြစ်နေတာကို ထိန်းချုပ်ဖို့ တားဆီးဖို့ လိုပါတယ်။ ဒါပေမယ့် မူဝါဒ ချမှတ်နိုင်စွမ်းရှိသူတွေ ကိုယ်တိုင် အဲဒီကနေ အကျိုးစီးပွားရနေ တဲ့သူတွေ ဖြစ်နေတဲ့အတွက် အဲဒီကိစ္စကို လျစ်လျူရှုထားပါတယ်။အဲဒီနည်းနဲ့ ကျန်းမာရေး စောင့် ရှောက်မှု စနစ်ကြီးတစ်ခုလုံးဟာ ဈေးကွက် စီးပွားရေးအမည် အရေခြုံပြီး ဆေးကွက် စီးပွားရေး ဖြစ်လာပါတယ်။ ဒါကို ဆေးလောကရဲ့ Oligarchy လို့တောင် ပြောလို့ရပါတယ်။ ကျန်းမာရေးစောင့် ရှောက်မှုတွေအတွက် မူဝါဒချမှတ်နိုင်သူ တွေရယ်၊ အဲဒီလောကမှာ ပညာရပ်ပိုင်း ဆိုင်ရာအရ ဩဇာအာဏာ ရှိသူတွေရယ်၊ စီးပွားရေး သမားတွေရယ် စုပေါင်းထားတဲ့ ကြီးမားတဲ့ ကွန်ရက်ကြီးပါ။

ဘယ်လောက် အထိ ကြီးသလဲဆိုရင် အဲဒီကွန်ရက် ကြီးဟာ အိမ်ပေါက်ကိုတောင် ရောက်နေ ပါပြီ။ အဲဒီကွန်ရက်ကြီးဟာ ၎င်းတို့ အကျိုးစီးပွားကို အထောက်အကူပြုမယ့် ကိစ္စတွေကိုပဲ ဦးစားပေးလုပ်ဆောင်ပြီး ထိခိုက်လာ နိုင်ချေရှိတဲ့ အရေးကိစ္စတွေကို လျစ်လျူ ရှုထားကြပါတယ်။ တစ်ခါတစ် ရံ အပြင်းအထန် တားဆီးပိတ်ပင်ကြ ပါတယ်။ နှောင့်ယှက်ဖျက်ဆီးကြပါတယ်။ လုပ်ဆောင်ရမယ့် တာဝန်ကို လျစ်လျူရှု ထားခြင်းဟာ အကြီးမားဆုံး ဆေးပညာ သည် ကျင့်ဝတ်ဖောက်ဖျက်မှု ကြီးပါ။

လက်ရှိ ကျန်းမာရေးမူဝါဒကို ကြည့်ပါ။ အစိုးကအနေနဲ့ Universal Health Coverage ဆိုပြီး တကြော် ကြော်အော်ပြီး အောင်မြင်နိုင်ချေနည်း တဲ့ကိစ္စကိုလာပြီး အကောင်အထည် ဖော်နေပါတယ်။ နတ်ဝတ်ပုဆိုး ကိစ္စကို ကိုယ်တွေပြော ပြန်ရင်လည်း ဝန်ကြီးကို သိက္ခာချတယ် ထင်နေကြပါတယ်။ အစိုးရရဲ့ ကျန်းမာရေးမူဝါဒကို ပြန် ကြည့် ရင်လည်း လူတွေရဲ့ မကျန်းမာ မှုကို ဖြစ်စေတဲ့ အရာတွေကနေ ဘယ်လို ကာကွယ်မယ် တားဆီးမယ်ဆိုတာ တိတိ ကျကျ ခိုင်ခိုင်မာမာ ချိတ်ဆက်ပြဋ္ဌာန်း ထားခြင်း မရှိသေးပါဘူး။

ဥပမာအနေနဲ့ လူတွေရဲ့ နေ့စဉ်စားသုံးနေတဲ့ အစား အစာတွေမှာ ဓာတုပစ္စည်းပါဝင်မှုကို တားဆီးဖို့အတွက်၊ အာဟာရပြည့်ဝတဲ့ စားနပ် ရိက္ခာတွေရလာဖို့အတွက် စိုက်ပျိုးရေး မူဝါဒနဲ့ချိတ်ဆက်ပြီး ရေးဆွဲထားဖို့လိုသလို ဖွံ့ဖြိုးရေး လုပ်ငန်း တွေကြောင့် ဖြစ်စေ၊ စက်မှုလုပ်ငန်း တွေကြောင့် ဖြစ်စေဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ဘယ်လိုကာကွယ်တားဆီးမယ်ဆိုတဲ့ မူဝါဒကိုလည်း အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မူဝါဒ ရေးဆွဲထားရပါမယ်။

လက်ရှိ အခြေအနေထိ တချို့ မြို့နယ်ဆေးရုံကနေ ရရှိထားတဲ့ အချက် အလက်တွေအရ ပြည်သူလူထုကို သေဆုံးစေတဲ့ အဓိက ရောဂါတွေဟာ မူဝါဒချမှတ်သူ လူကြီးမင်းများ တဖွဖွ ပြောနေတဲ့ ကူးစက်ရောဂါတွေ မဟုတ် တော့ပါဘူး။ ကူးစက်ရောဂါတွေကို အစိုးရအနေနဲ့ ကုပေးစရာ မလိုပါဘူး။ အဲဒီအတွက် ကုသဖို့ လူထုအနေနဲ့ တတ်နိုင်ပါတယ်။ လူထုအနေဲ့ ကုသဖို့ မတတ်နိုင်တာက မကူးစက်ရောဂါ တွေပါ။ မကူးစက်ရောဂါ တွေဖြစ်တဲ့ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေပါ။ အဓိက ဖြစ်စေတဲ့ အကြောင်းက နေထိုင်မှုပုံစံနဲ့ အစား အသောက်ကြောင့်လို့လည်း အများစုက လက်ခံထားပါတယ်။

အစားအသောက်တွေထဲမှာ အများ ဆုံးစားသုံးတဲ့ ဆန်စပါးကို ပြန်လိုက် ကြည့်ရင် လယ်ယာမြေမှာ ဓာတုပိုးသတ် ဆေးတွေ အလျှံပယ် သုံးစွဲနေပါတယ်။ တချို့ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး တွေဟာ ဘယ်လို့မှ ခွင့်ပြုလို့မရတဲ့ အရာပါ။ ဒါကို တရားဝင် လွတ်လွတ် ကျွတ်ကျွတ် သုံးခွင့်ပြုထားပါတယ်။ အခုဆိုရင် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး ပေါင်းထားတဲ့ဆေးကို စိုက်ပျိုးရေး ပစ္စည်းထုတ်တဲ့ နာမည်ကြီး ကုမ္ပဏီကြီး တခုက တရားဝင်ထုတ်လုပ် ဖြန့်ဖြူးနေ ပါတယ်။ တစ်မ္ဘာလုံးက လက်ခံမထားတဲ့ ကိစ္စကို ဒီမှာလာလုပ်နေတာကို အစိုးရက ခွင့်ပြုထားပါတယ်။ ဒါကို ကျန်းမာရေး မူဝါဒနဲ့ စိုက်ပျိုးရေး မူဝါဒပိုင်းမှာ ချိတ် ဆက်ပြီး ဦးစားပေး အဖြေရှာရမယ့် ကိစ္စပါ။ သူတို့ မလုပ်ကြပါဘူး။

နောက်ဥပမာ တစ်ခုကတော့ စက်မှု ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့်ဖြစ်လာ မယ့်၊ ဖြစ်နေတဲ့ လူထုကျန်းမာရေး ပြဿနာတွေကို လျစ်လျူရှုထားခြင်းပါ။
ဥပမာ ရှမ်းပြည်နယ်မှာ ရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကြောင့် လေထုညစ်ညမ်းမှု၊ ရေထုနဲ့မြေဆီလွှာ အဆိပ်သင့်မှုတွေ ဖြစ်နေပါတယ်။ အဲဒါ ကြောင့် အဲဒီမှာ နေထိုင်တဲ့ ရှမ်းနဲ့ပအို့ဝ် တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးအခြေ အနေ ဘယ်လောက်အထိ ထိခိုက်ပျက်စီး နေတယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက လျစ်လျူရှု ထားပါတယ်။

အဲလိုပါပဲ ကရင်ပြည်နယ် ဘားအံက မြိုင်ကလေး ဘိလပ်မြေစက်ရုံ အတွက် လည်ပတ်နေတဲ့ ကျောက်မီးသွေး စက်ရုံကိစ္စ၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှာ ရှိတဲ့ မော်လမြိုင်ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေးကိစ္စ၊ မုဒုံမှာရှိတဲ့ ရော်ဘာပေါင်းခံ စက်ရုံကြောင့် လေထု ညစ်ညမ်းမှု ကိစ္စ၊ တနင်္သာရီတိုင်း မြိတ် မြို့နားက ငါးမှုန့်စက်ရုံကြောင့် မြို့နယ် လူထုတစ်ရပ်လုံး လေထုညစ်ညမ်မှု ဒဏ်ခံနေရတဲ့ ကိစ္စ၊ ပြောရမယ်ဆိုရင် တော့ ပြည်သူလူထုကို မကျန်းမာမှုကို ဖြစ်စေတဲ့ ကိစ္စတွေကို လက်ရှိ တည်ဆဲ ကျန်းမာရေး မူဝါဒနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်တိုင် လျစ် လျူရှုထားတဲ့ ကိစ္စတွေ အများကြီးပါ။

လူထုရဲ့ ကျန်းမာရေးအသိမြှင့် တင် ရေး လုပ်ငန်းတွေကို အစိုးရရဲ့လုပ် ဆောင်မှုပုံစံ၊ နည်းလမ်းတွေဟာ လည်း ခေတ်နောက်ကျ ကျန်နေပါတယ်။
ကျန်းမာရေးပညာပေးတဲ့ ပွဲတွေ ကြည့်ရင် လူလေးငါးဆယ်ယောက် လောက် ဝိုင်းဖွဲ့ထိုင်မယ်။ ရှေ့ကနေ ကားချပ်လေးထောင်ပြီး ပြောမယ်ဆို တာက စစ်ပြီးခေတ်က နည်းလမ်းတွေပါ။ ကျန်းမာရေး ပညာပေးဖို့အတွက် အစိုးရ ရဲ့ အားစိုက်ထုတ်မှု၊ ငွေကြေးနဲ့ သုတေ သန လုပ်ငန်းတွေဟာ အရက်ကြော်ငြာ ဘီယာကြော်ငြာလောက်တောင် မထိ ရောက်ပါဘူး။ ဆိုတော့ လူထုအနေနဲ့ ထိရောက်ပြီး လက်တွေ့ကျတဲ့ သတင်း အချက်တွေ ရမနေပါဘူး။ ဆိုတော့ လူတွေရဲ့နေထိုင်မှု ပုံစံတွေဟာ ကျန်းမာ တဲ့ နေထိုင်မှုပုံစံဖြစ်မလာဘဲ အန္တရာယ် ရှိတဲ့ နေထိုင်မှု ပုံစံတွေဆီ ကူးပြောင်းနေ ပါတယ်။ ယခင်က လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အလေ့အထတွေဟာ အခုဆို အရက်ဆိုင်ထိုင်မှာ အလုပ်ဖြစ်တယ်ဆိုတဲ့ အယူအဆ အလေ့အထတွေအထိ ဖြစ် လာပါတယ်။

တစ်ဖက်က လူတွေရဲ့ ကျန်းမာရေး ကို ထိခိုက်စေတဲ့ အရာတွေ၊ အကြောင်း အရင်းတွေကို လျစ်လျူရှုထားပြီး ရောဂါ ဖြစ်လာမှ ကုပေးဖို့ ကြိုးစားနေတာ တမင်သက်သက် ကြိုတင်ကြံစည်ထား သလားတောင် ထင်ရပါတယ်။ နောက်ပြီး အဲလိုနည်းနဲ့ မကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပွားနှုန်းများလာလေ။ ပုဂ္ဂလိက ဆေးရုံတွေ ဆေးကုနေသူတွေအတွက် အကျိုးပိုများလေ။ စီးပွားရေးအကျိုး အမြတ်ပိုရှိလေ ဖြစ်တဲ့အတွက် ပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့ ဘယ်လောက် ငွေရှာရှာ… ဘယ်လိုပင် စုထားထား… နောက်ဆုံးမှာတော့ ဆေးလောက ရဲ့ ခရိုနီအုပ်စုထဲကို လုပ်ကိုင်ကျွေးမွေး သလိုပဲ ဖြစ်နေပါတယ်။
မိသားစုထဲမှာ နာတာရှည်လူနာ တစ်ယောက်ရှိရင် အဲဒီမိသားစုတစ်ခုလုံး ရှာဖွေသမျှ အကုန်ကုန်ပါတယ်။ ပိုသေ ချာ တိကျချင်ရင်တော့ RHC အပိုင်တစ် ခုချင်းစီမှာ Health Economic Survey ကောက်ကြည့်လိုက်ပါ။

ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်တယ်ဆိုတာ မဖြစ်ခင် ကတည်းက ကာကွယ်တာ… ဖြစ်လာရင် ကုပေးတာပါ။ ကာကွယ်တာက ဦးစား ပေးပါ။ ကုပေးတယ်ဆိုတာ နောက်မှပါ။ ဒါကို မူဝါဒချမှတ်သူတွေ သိဖို့ လုပ်ဆောင် ဖို့ လိုပါတယ်။ ကလေးပေါက်စ ဘေးနားကို အဆိပ် ခွက်ထားပြီး အဆိပ်မိမှ ကုပေးချင်တဲ့ ဟန်ပြ ကယ်တင်ရှင်စိတ်တွေကို လျှော့ ချဖို့ ဖျောက်ကြဖို့ လိုပါပြီ။

ဒီအတိုင်းသာ ဆက်သွားနေဦးမယ် ဆိုရင်ကတော့ တစ်ရွာမှာ ဆရာဝန် တစ်ယောက်၊ ဆေးရုံတစ်ရုံထားလည်း တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့်အတန်း မှာ အဆင့် ၁၉၀ ထက်မြင့်လာဖို့ မရှိ ပါဘူး။ပြောင်းလဲဖို့ အချိန်တန် နေသော် လည်း… မပြောင်းလဲသေးတာကတော့ ကိုယ်တွေ အသုံးမကျလို့ပဲ မှတ်ယူလိုက် ပါတယ်။