မောတောင်နယ်စပ်ဂိတ်တွင် ငွေကြေး မကောက်ခံရ

0
479

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ် သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ တစ်ဆင့် နေရပ်သို့ အလည်အပတ် ပြန်လာသည့် ရွှေ့ ပြောင်း လုပ်သားများထံမှ ငွေကြေး ကောက်ခံခြင်း မပြုရန် ယင်းနယ်စပ်ဂိတ် တာဝန်ရှိသူများအား ဇွန်လ ၄ ရက်တွင် ပြောကြားထားကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်ထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ် နေကြသော ပန်းရောင်ကတ်ကိုင်ဆောင် ထားသူများ၊ ဆယ်နှစ်ခံ ကတ်ပြားများနှင့် ပတ်စ်ပို့ ကိုင်ဆောင်ထားကြသူ မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံ ဒန်းစင် ခွန်(လ၀က)ဂိတ်တွင် တစ်ဦးလျှင် အများဆုံး ဘတ်ငွေ ၇၀၀ အထိ ပေး ဆောင်ရပြီး မောတောင်နယ်စပ်ဂိတ် (မြန်မာ) ဘက်မှလည်းငွေကြေး ကောက်ခံ မှုများရှိနေကြောင်း မောတောင် ဒေသခံ တချို့ထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဇွန် လ ၄ ရက်က လုပ်သည့် အစည်း အဝေး တွင် မြို့နယ်အုပ်ချူပ်ရေးမှူးက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းမှ ထုတ်ပေးထားသည့် ယင်း ကတ်ပြား ကိုင်ဆောင်ထားသူများမှာ မောတောင်နယ်စပ်ဂိတ်မှ တရားဝင် ဝင်^ထွက် သွားလာခွင့်မရှိသော်လည်း ယခင်ကတည်းက နားလည်မှုဖြင့် ခွင့်ပြု ထားခြင်း ဖြစ်သည်။

” တရားဝင်တာက BP နဲ့ TBP လောက်ပါပဲ” ဟု အထက်ပါ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်Border Pass(BP) ဖြင့် ၁၃ ညအိပ် ၁၄ ရက် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass (TBP) ဖြင့် ၆ ညအိပ် ၇ ရက်ကို တရားဝင် သွားလာခွင့်ပြု ပေးထားပြီးဖြစ်ကြောင်း မောတောင် နယ် စပ်ဂိတ်မှ သိရသည်။

ပန်းရောင်ကတ်ပြားသည် ထိုင်း နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ရှိပြီး ဆယ် နှစ်ခံ ကတ်ပြားမှာ ထိုင်းနိုင်ငံအတွင်း ယာယီ ၁၀ နှစ်နေထိုင်ခွင့် ရရှိထားသူ များ ဖြစ်သည်။အဆိုပါ ကတ်ပြား ကိုင်ဆောင်ထား သူများသည် ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်နေသူများဖြစ်ကြပြီး မောတောင် နယ်စပ်ဂိတ်မှ တစ်ဆင့် နေရပ်သို့ ခဏ အလည်အပတ် ပြန်လာလေ့ ရှိကြသည်။

ယင်းကဲ့သို့ ပြန်လာချိန်တွင် မော တောင်ဂိတ်မှ ငွေကြေး မကောက်ခံရန် အုပ်ချုပ်ရေးမှူးက ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်းသို့ ၃ ညအိပ် ၄ ရက် သွားလာခွင့်ကို ၂၀၁၆ ဇန်နဝါရီ ၂၉ ရက်က ထိုင်းနိုင်ငံက တရားဝင် ခွင့်ပြုထားပြီး ဖြစ်သည်။

မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင်ဖွင့်လှစ် ထားပြီး ထိုင်းနိုင်ငံ ဒန်းစင်ခွန်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ ဖွင့်လှစ်ထားကာ တရားဝင် ဖွင့်လှစ်ထား ခြင်း မရှိသေးပေ။