ရွှေဇင်ယော်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှုတ်ထွက်

0
415

ကော့သောင်းမြို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး နှုတ်ထွက်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။
ရွှေဇင်ယော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၎င်း၏ ဆန္ဒအလျှောက် နှုတ် ထွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရသစ် လက်ထက် တွင် တာဝန် စတင်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

” ကျန်းမာရေး မကောင်းလို့ပါ၊ ခဏခဏ ဆေးခန်းပြရတယ်။ အိမ်က မိသားစုတွေကလဲ အစကတည်းက ပေးမလုပ်ချင်ဘူး၊ ဘာပြဿနာကြောင့်မှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ တာဝန် မယူနိုင်တော့တဲ့အတွက် နှုတ်ထွက် စာတင်လိုက်တာပါ” ဟု ရွှေဇင်ယော်ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ရှင်းပြသည်။

ဧပြီလက နှုတ်ထွက်စာတင်ခဲ့ပြီး ဇွန် ၂ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေပုဒ်မ-၁၆၊ပုဒ်မခွဲ(ဂ)အရ ဒုတိယ ဆန္ဒမဲ အများဆုံးရရှိသည့် ရာအိမ်မှူး တစ်ဦး ဦးအား ယာယီခန့်အပ်ထားရန်နှင့် ပုဒ်မ-(၅၊၆၊၇)အရ ရက်ပေါင်း ၃၀ အတွင်း ပြန်လည် ရွေးချယ် အတည် ပြုခန့်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

လက်ရှိနှုတ်ထွက်ခဲ့သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဇွန် ၈ ရက်က နောက်ဆုံး တာဝန်လွှဲပြောင်းပေးခဲ့သည့် ယာယီအုပ်ချုပ်ရေးမှူးဖြစ်မည့်သူမှာ ယခင်အုပ်ချုပ်ရေးမှူး အဟောင်းဖြစ် ကြောင်းသိရသည်။