မွန်အမျိုးသားပညာရေးကျောင်းများကို အစိုးရ ထောက်ပံ့ရန် စီစဉ်

0
603

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိနေသည့် မွန်အမျိုးသားပညာရေး ကျောင်းများကို အစိုးရမှ ကူညီထောက်ပံ့ ပေးရန် ရှိသည်ဟု မွန်ပြည် နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးက ပြောသည်။မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်တွင် မိခင်ဘာသာ စကားအခြေပြု သင်ကြားနေသည့် အမျိုး သားပညာရေးကျောင်း ၁၃၃ ကျောင်း ရှိပြီး ကျောင်းသူ / ကျောင်း သား ၁ သိန်း ၇ သောင်းကျော်တို့က ပညာသင် ကြားလျက်ရှိသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီ MNEC ထံမှ သိရသည်။

” မွန်အမျိုးသား ပညာရေးကျောင်း ပညာရေးထောက်ပံ့ဖို့ ပြည်ထောင်စုကို တင်ထားတယ်၊ ပြည်ထောင်စုကနေ ပြီးတော့ ကျလာလို့ရှိရင် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ် ပညာ ရေးမှူးကနေပြီးတော့ ညှိနှိုင်းပေါင်းစပ် ပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောသည်။

မွန်အမျိုးသားပညာရေးကျောင်း များအတွက် ကျောင်းထောက်ပံ့ကြေးကို ယခင်ပညာသင်နှစ်များက UNICEF မှ ကူညီ ထောက်ပံ့ ပေးခဲ့သည်။
ယခုနှစ်ပညာသင်နှစ်အတွက် UNICEF ၏ ကူညီထောက်ပံ့ပေးရေး အစီအစဉ် ကုန်ဆုံးသွားသည့်အတွက် ပြည်နယ်အစိုးရက ကူညီထောက်ပံ့ ပေး ရန် တင်ပြတောင်းခံထားခြင်း ဖြစ်သည် ဟု မွန်အမျိုးသား ပညာရေးကော်မတီ ထံမှ သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀၀၀၀ ကျော်နှင့် အစိုးရ ကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၄၀၀၀ ကျော်ရှိကာ ကျောင်းဆရာ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန် အမျိုးသားပညာရေးကော်မတီမှ မိကရက်နွန်က ပြောသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ဂရိတ် မြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်းများတွင် သင်ကြား လျက်ရှိသည်။