ထားဝယ်ကမ်းနားလမ်း လုပ်ငန်းများ အသနားခံစာတင်

0
493

ထားဝယ်မြို့ ကမ်းနားလမ်းရှိ သဲ၊ ကျောက်လုပ်ငန်းများ ပြောင်းရွှေ့မှုကို ပွင့်လင်းရာသီအထိ အချိန်ရွှေ့ဆိုင်းပေး ရန် ဇွန်လ ၂ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ထား သည်။

သဲကျောက် လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာကို မြေဖို့ခြင်း၊ သဲဖို့ခြင်း အစရှိသည့် ပြင်ဆင်မှုများ ပြုလုပ်ရသည့် အတွက် လုပ်ငန်းပြောင်းရွှေ့မှုကို ပွင့် လင်းရာသီအထိ ရွှေ့ဆိုင်းပေးရန် အသနား ခံရခြင်းဖြစ်ကြောင်း သဲကျောက်လုပ် ငန်းရှင်များအသင်း အတွင်းရေးမှူးက ဆိုသည်။
သဲကျောက် လုပ်ငန်းလုပ်ကိုင်ရန် အစားထိုးမြေနေရာ ဝယ်ယူသွားမည် ဖြစ်ပြီး သဲကျောက်လုပ်ငန်း ဇုန်အဖြစ် ဥပဒေနှင့်အညီ တရားဝင်သတ်မှတ် ပေးနိုင်ရန်အတွက် အသနားခံတင်ပြ ကြောင်း အသနားခံစာအရ သိရသည်။

ကမ်းနားလမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စီမံခွင့်ရှိသည့် မြေပေါ်တွင် ယာယီငှားရမ်းလုပ်ကိုင်နေသော သဲကျောက် လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင် ၄၄ ဦးကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှား ပေးရန် တတိယအကြိမ်မြောက် အသိပေးစာ ပေးပို့ထားသည်။သဲကျောက်လုပ်ငန်း သဘော သဘာဝ အရ မြစ်ကမ်းနံဘေးတွင်သာ လုပ်ကိုင်ရ သည့်အတွက် မြစ်ကမ်းနှင့် နီးသည့် လယ်မြေ သို့မဟုတ် ဓနိတောကို ဝယ်ယူမည်ဖြစ် ကြောင်း သဲကျောက်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူးက ဆိုသည်။

” မြို့စည်ပင်ဖွံ့ဖြိုးဖို့ ဒီနေရာကနေ ဖယ်ပေးမှာမို့လို့ ဝယ်မယ့် လယ်မြေ၊ ဓနိတောတွေကို အခြားနည်း အသုံးပြု ခွင့်ရအောင် ကူညီပေးစေချင်တယ်” ဟု သဲကျောက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောသည်။သတ်မှတ်ရက်အတွင်း ဖယ်ရှား ပေးခြင်းမရှိပါက ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း နောက်ဆုံးအနေ နှင့် အသိပေးကြောင်း ယင်းအသိပေး အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထားဝယ်ကမ်းနားလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအနီးမှ ကမ်းနား လမ်းရှိ မြောင်းပုလဲတံတားအထိ ဆိပ် ကမ်းအာဏာပိုင် စီမံခွင့်ရှိသည့် မြေနေရာ တွင် လုပ်ငန်းရှင် ၄၄ ဦးဖယ်ရှား ပေးရ မည်ဖြစ်ပြီး လုပ်ငန်းရှင် ၁၂ ဦးပိုင် ဆိုင်သည့် ဆိပ်ခံတံတား ၁၃ စင်းကို ယာယီငှားရမ်းခွင့် ဆက်လက်ခွင့်ပြုထား ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်ရုံး (ထားဝယ်)ထံမှ သိရသည်။