အမှီအခို လျော့ရေး

0
487

ယနေ့ခေတ် လူမှုဘ၀များ အင်မတန်အမှီအခိုကြီးလာသည်။များစွာသော မှီခိုမှုများအနက် လျှပ်စစ်ဓာတ်အားအပေါ် အလွန်အကျွံ မှီခိုနေရခြင်းမှာ အဆိုးဆုံး ဖြစ်သည်။လျှပ်စစ်မီးအပေါ် အလွန်အကျွံမှီခိုထားသည့် ဘ၀နေထိုင်မှု ပုံစံကြောင့် လျှပ်စစ်မီးမရှိသည့်အခါ နေအိမ်တစ်ခုလုံး၏ အရာရာသည် ဟန်ချက်ပျက်သွား ခဲ့သည်။

ရေပုံးဖြင့် ရေငင်၍မရသည့် အဝီစိတွင်းများ၊ အဲကွန်း၊ ပန်ကာဖွင့်မထားလျှင် နေထိုင်မရသည့်အိမ်ခန်းများ၊ ချက်ပြုတ်ကြော်လှော်မရတော့သည့် မီးဖိုချောင်များ၊ နေ့ခင်းကြောင်တောင် လျှပ်စစ်မီးထွန်းရသည့် အခန်းများ စသဖြင့်များစွာ။ တပြိုင်တည်းတွင် တခါသုံးယဉ်ကျေးမှုကလည်း ထွန်းကားလာသည်။ အဆိုပါတခါသုံး ပစ္စည်းများအတွက် သုံးရသည့်စွမ်းအင်ကလည်း မနည်း မနော။ သက်တောင့်သက်သာဖြစ်သည့် ယင်းနေထိုင်မှုပုံစံကို အကြိုက်တွေ့ကြ သည့်အတွက် နေ့စဉ်နှင့်အမျှ လျှပ်စစ်လိုအပ်ချက် မြင့်လာသည်။

တပြိုင်နက်တည်းတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုများကြောင့် လူမှုဘ၀ ထိခိုက်နစ်နာရမှုများကလည်း ကမ္ဘာနှင့်အဝှမ်း တနေ့တစ်မျိုး မရိုးနိုင်။
အစိုးရများနှင့် ထိခိုက်နစ်နာရသူများ အမြဲလိုလိုထိပ်တိုက်တွေ့ကြရသည်။ လျှပ်စစ်မူဝါဒများနှင့် ပတ်သက်ပြီး စိန်ခေါ်မှုပိုကြီးလာသည်။
ယခုအခြေအနေအတိုင်း ရှေ့ဆက်သွားပါကကမ္ဘာကြီးအတွက်မလွယ်။ အစိုးရများအတွက် မလွယ်။ လူထုအတွက်မလွယ်။ မည်သူ့အတွက်မှမလွယ်ပေ။
ဘ၀နေထိုင်မှုပုံစံများကို ပြန်သုံးသပ်ရမည် ဖြစ်သည်။

တစ်ခါသုံး ယဉ်ကျေးမှုကို ပြန်သုံးသပ်ရမည် ဖြစ်သည်။ စွမ်းအင်မှမဟုတ် အခြားမှီခိုရမှုများကိုလည်း ပြန်သုံးသပ်ပြီး လျော့ချရန်လို ပေသည်။
အဆောက်အဦ တည်ဆောက်မှုပုံစံ၊ နေထိုင်စားသောက်သွားလာမှု စသည့် တို့ကို ပြန်သုံးသပ်သင့်နေပြီ ဖြစ်သည်။