အမေ့ခံမေးခွန်း

0
408

ဦးလှက ကျွန်တော့် လူနာတော့ မဟုတ်ပါဘူး။ သူငယ်ချင်း အထူးကု ဆရာဝန်တစ်ယောက် မအားလပ်လို့ သူ့ဆေးခန်းကို အချိန်ပိုင်း သွားထိုင်ပေး ရင်း ဦးလှနဲ့ တွေ့ရတာပါ။ ဦးလှက အသက် ၇၃ နှစ်ရှိပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ ဥပဓိရုပ်ကောင်းမွန်သူ တစ်ယောက်ပါပဲ။ ဒါပေမဲ့သူက ကျန်းမာ ရေးတော့ ချို့တဲ့ရှာတယ်။ သူ့ခြေထောက် တွေက ယောင်ယမ်းနေပြီး စကားနည်း နည်းပြောရင် ဒါမှမဟုတ် လမ်းနည်းနည်း လျှောက်ရင်တောင် အမောဖောက်လာ တယ်။

နောက်ပြီး သူ့မှာ နှလုံးသွေး ကြောကျဉ်းရောဂါလည်း ရှိတယ်။ ကျောက်ကပ်ကလည်း မကောင်းဘူး။ ဆီးချိုနဲ့ သွေးတိုးလည်း ရှိတယ်။ သူ့ကျန်းမာရေးအခြေအနေ ကတော့ စိုးရိမ်စရာပါပဲ။ သူ့ရောဂါတစ် ခုဖောက် လာလို့ ဆေးရုံ ဆေးခန်း သွားကုပြီး သက်သာလာရင် နောက် ရောဂါတစ်ခုက ပေါ်လာပြန်တော့တာပဲ။ ဒီလိုနဲ့ပဲ သူ့ဘ၀ရဲ့နောက်ဆုံး နေဝင်ချိန်တွေဟာ အထူးကုဆရာဝန်တွေ၊ သမားတော်တွေ၊ ခွဲစိတ်ဆရာဝန်တွေဆီ သွားနေရတာနဲ့ တင် သံသရာလည်နေတယ်။

ဦးလှမှာ မမြမေလို့ခေါ်တဲ့ သမီး တစ်ယောက် ရှိတယ်။ သူကတော့ သူ့အဖေကို ဆေးခန်းလာပြဖို့ သူတို့ နေတဲ့ နေရာကနေဆို ၂နာရီလောက် ကြာအောင် ကားစီးရပေမဲ့ ဆေးခန်း ချိန်းတဲ့နေ့ကို နေပူပူ မိုးရွာရွာ မပျက်မ ကွက် လာလေ့ရှိတယ်။ ကျွန်တော်သူ့ကို တွေ့တော့ သူ့အဖေရဲ့ ရောဂါကို သက် သာ ပျောက်ကင်းအောင် ကုပေးနိုင်မယ့် ဆရာဝန်ကြီး တစ်ယောက်များလားလို့ မျှော်လင့်တွေးထင်နေတဲ့ အရိပ်အယောင် တွေ သူ့မျက်နှာမှာ တွေ့နေရတယ်။

ကျွန်တော်ရဲ့ နှစ်ပေါင်း ၃၀ ကျော် ဆေးလောကမှာ ကျင်လည်ခဲ့တဲ့ အတွေ့ အကြုံအရ ဦးလှ ခံစားနေရတဲ့ ရောဂါ တွေကို လုံးဝပျောက်ကင်းအောင် ကုသ မပေးနိုင်ဘူးဆိုတာ သေချာတယ်။ ကျွန်တော့် ခေါင်းထဲမှာ နှစ်ပေါင်း ၇၀ ကျော် အလုပ်လုပ်လာတဲ့ သူရဲ့နှလုံးနဲ့ ကျောက်ကပ်တွေကို ဘယ်လိုနည်းနဲ့ ပြန်လည် သက်သာကောင်းမွန်လာအောင် ကုသရမလဲဆိုတာပဲ တွေးနေမိတယ်။ အဲဒီအချိန်မှာ အိုမင်းမစွမ်းတော့တဲ့ အသက်အရွယ်ကြီးသူကို ဘယ်လိုဂရုစိုက် စောင့်ရှောက် ကုသ သင့်တယ်ဆိုတဲ့ သမားတော်ကြီး တစ်ယောက်ပြောတဲ့ စကားကို သတိရလိုက်မိတယ်။ အဲ့ဒီ စကားက ” လူနာတွေက ငါတို့ဆရာဝန် တွေဆီက ဘယ်လိုဂရုစိုက်မှုမျိုးကို လိုချင်တာလဲ။ နောက်ပြီးတော့ လူနာတွေ ဘာဖြစ်ချင်လဲ၊ သူတို့ ဘာကိုမျှော်လင့် သလဲဆိုတဲ့ မေးခွန်းကို မေးဖို့မေ့နေကြ တယ်” ဆိုတာပါပဲ။

အဲ့ဒီစကားကို သတိရမိတော့ ကျွန်တော် တွေဝေပြီး ဦးလှရဲ့မျက်လုံးတွေကို ကြည့် ရင်း မေးမိတယ်။
” ဦးလေး ဒီဆေးခန်းကိုလာပြီး ဆေးကုနေတာနဲ့ ပတ်သက်ပြီး တခြား ဘာတွေများ လိုအပ်နေတာ ရှိသေးလဲ။ ကျွန်တော်ဘာများ ကူညီပေးရမလဲ” လို့မေးလိုက်တယ်။ကျွန်တော့်စိတ်ထဲ တွေးမိတာက ” ဆရာရယ် မသေခင် မြေးလေးတော့ ချီသွားချင်သေးတယ်။ ဒါမှမဟုတ် လာမယ့် သီတင်းကျွတ်မှာ ကျွန်တော့် သမီးလေး မင်္ဂလာဆောင်ဖို့ ရှိတယ်။ မင်္ဂလာပွဲလေးတော့ မီချင်သေးတယ်” လို့ ပြောမယ်ထင်ထားပေမယ့် သူက ” ဆရာရယ် ကျွန်တော် လမ်းလျှောက်တဲ့ အခါ သိပ်မမောဘဲ၊ အကူမပါဘဲ လမ်း လျှောက်နိုင်ချင်တယ်” လို့ ပြောလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်နေတာတွေ မရှိတော့ဘူး။ အဲ့လောက်ပဲဆိုရင် ကျွန်တော်ကူညီနိုင်တာပဲလို့တွေးပြီး စိတ်ထဲ ပေါ့ပါးသွားမိတယ်။

“ဦးလေးတဲ့ အခြေအနေက ဆေးရုံ တက်ဖို့ မလိုအပ်သေးပါဘူး။ အနားယူပြီး လိုအပ်တဲ့ဆေးတွေ၊ အားရှိတဲ့ အစာတွေ စားလိုက်ရင် ဦးလေးလမ်းလျှောက်တဲ့ အခါ မမောတော့ပါဘူး’လို့ ကျွန်တော် ပြောလိုက်တော့ ဦးလှ ပြုံးနေတယ်။ သူ့ သမီးကလည်း သက်ပြင်းချပြီး “အဖေက လည်းဆေးရုံ တက်ခိုင်းမှာကိုပဲ ကြောက် နေတာဆရာ” လို့ ပြောရှာတယ်။

လူနာအသစ်နဲ့ ဆရာဝန် အသစ် ကြားက နှစ်လိုဖွယ်အပြုံးတွေကြောင့် မေးဖို့ မေ့နေတတ်ကြတဲ့ အမေ့ခံ မေး ခွန်းဆိုတဲ့ အရိပ်မည်းကြီးက ကျွန်တော် တို့ အပေါ်မှာ မရှိတော့ဘူးလို့ ခံစား လိုက်ရတယ်။ ” ဦးလေးဆေးရုံ မတက် ချင်တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဦးလေးရဲ့ နှလုံးက တော်တော် အားနည်း နေတယ်။ အဲဒါတော့ ဂရုစိုက်ရလိမ့် မယ်။ ကျွန်တော် လိုအပ်တဲ့ဆေးတွေ ပေးလိုက်ပါ့မယ်။ အရေးပေါ် လိုအပ်ရင် ဆက်သွယ်ရမယ့် သူတွေကိုလည်း ပြောပြလိုက်ပါမယ်။ ဦးလေးအိမ်မှာ သက်သက်သာသာနေပါ” လို့ ပြောတော့ သူပြုံးပြီး ခေါင်းညိတ်ရှာတယ်။

အဲ့ဒီနေ့ကစပြီး ကျွန်တော် ဆုံးဖြတ် ချက်တစ်ခု ချလိုက်တယ်။ ဆရာဝန်နဲ့ လူနာကြားမှာ အမြဲလိုလို မေးဖို့မေ့နေ တတ်ကြတဲ့ မေးခွန်း၊ လူနာတွေရဲ့ စိတ်ခံစားချက်ကို လျစ်လျူမရှု့တဲ့မေးခွန်း၊ လူနာတွေကို စိတ်ခွန်အားဖြစ်စေတဲ့ မေးခွန်းဖြစ်တဲ့ “ဆေးကုသမှုနဲ့ပတ် သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်လို ကူညီပေးရမလဲ။ ဘယ်လိုဖြစ်ချင်တဲ့ ဆန္ဒ ရှိပါသလဲ။ ” ဆိုတဲ့ အမေ့ခံမေးခွန်းကို အမြဲမေးမယ်ဆိုတာပါပဲ။