ယစ်မျိုးဥပဒေပြင်ရန် မြို့ နယ် အလိုက် အကြံပြုချက် တောင်းခံ

0
591

ပြည်ထောင်စု ယစ်မျိုးဥပဒေပြင်ဆင်ချိန်တွင် အကြံပြုချက်များ ပေးပို့နိုင်ရန်အတွက် မြို့နယ်အလိုက် အကြံပြုချက်များကို တောင်းခံထားကြောင်းထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ပြီးခဲ့သည့် ၁၉၁၇ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ယစ်မျိုးဥပဒေမှာ နှစ်ပေါင်း ၁၀၀ ခန့်ကြာပြီဖြစ်ပြီး ပြင်ဆင်ရေးဆွဲရန် မြို့နယ်အသီးသီးတွင် အလုပ်ရုံဆွေးနွေးပွဲလုပ်ကာ ပြည်သူများ၊ တတ်သိပညာရှင်များထံမှ အကြံပြုချက်များ တောင်းခံနေခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်၎ ခုမှ အကြံပြုချက်များကို ဇွန်လ ၁၅ရက် နောက်ဆုံးထားကာ ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပေးရန် ညွှန် ကြားထားပြီးဇွန်လ ၂၀ရက်တွင် တိုင်းဒေသကြီးထွေအုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြောသည်။

“ခေတ်ကာလနဲ့ လျော်ညီအောင်အောက်ခြေက အခက်အခဲနဲ့ပတ်သက်ပြီးအကြံပြုချက်တောင်းတာပါ” ဟု ၎င်းကဆိုသည်။ပြီးခဲ့သည့် မေလကုန်ပိုင်းက ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး အကြံပြုချက် များ တောင်းခံခဲ့ပြီး ဇွန်လ ၅ရက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်
သွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဖြည့်စွက်၊ ပယ်ဖျက်မယ့် အကြံပြုချက်တွေကို ဖိတ်ခေါ်ထားတုန်းပဲ”ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးလင်းသန့်က ဆိုသည်။နေပြည်တော်တွင် ယစ်မျိုးဥပဒေ
ပြင်ဆင်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါ အကြံပြုချက်များကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ရေဖြူမြို့နယ်တွင်လည်း အကြံပြု ချက်တောင်းခံသည့် ဆွေးနွေးပွဲကို မေလအတွင်းကျင်းပခဲ့ပြီး ရရှိခဲ့သည့် အကြံပြုချက်များကို ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားပြီး
ဖြစ်ကြောင်း ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲကို လိုင်စင်ဖြင့်ရောင်းချနေသူများကိုသာ ခေါ်ယူပြီးလိုင်စင်မရှိသူများကို ခေါ်ယူခြင်း မရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကျွဲကူးကျေးရွာနှင့်မြိတ်မြို့ထဲတွင်အရက်ဆိုင်ဖွင့်ထားသူ ဒေါ်သူဇာမိုးကပြောသည်။” ကိုယ်ကျတော့ လိုင်စင်တင်ပြီးတော့ သူများကျတော့ လိုင်စင်မတင်ပဲ
ရောင်းတာဆိုတော့ ကိုယ်က တအားနွားကျသလို ဖြစ်နေတာပေါ့” ဟု ၎င်းကပြောသည်။

လိုင်စင်လုပ်သူများမှာ လိုင်စင်ကြေးအပြင် ထောက်ခံချက်အဆင့်ဆင့်တွင် ငွေကြေး သိန်းချီကုန်ကျသော်လည်းလိုင်စင်မရှိသူများမှာ လိုင်းကြေးလောက်
သာပေးပြီး ရောင်းချခွင့်ရနေသည့်အတွက်မျှတမှုမရှိဟု ၎င်းက ဆိုသည်။” လိုင်စင်ရှိတဲ့သူတွေက မရှိတဲ့သူတွေကို တိုင်တယ်။ လိုင်စင်က သူတို့ မလုပ်ပေးသေးဘူး။ လိုင်စင်ကြေးကလဲဘယ်လောက်မှန်းလဲ မသိဘူး” ဟုမြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာမှ လိုင်စင်မဲ့အရက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကဆိုသည်။

အနည်းအကျဉ်းသာ ရောင်းချသည့်အတွက် လိုင်စင်ကြေး မတတ်နိုင်ပါကလုပ်ဖြစ်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။” လိုင်စင် မရှိတဲ့ ဆိုင်တွေကို ကြီး
ကြပ်စေချင်တာရယ် အခွန်နဲနဲလေးလျော့ပေးစေချင်တာရယ်ပါ၊ အရင်ကဆို FL-၁၇ လိုင်စင်လုပ်တုန်းက ၆ သိန်းပေးရတယ်။ ခုဒီတစ်ခါ ၈ သိန်း။ ကျန်တဲ့
စည်ပင်နဲ့ အမြတ်ခွန်ပေါင်း လိုက်ရင်၁၀ သိန်းလောက်ရှိတယ်” ဟု ကော့သောင်းမြို့၊ရွှေဇင်ယော် ရပ်ကွက်ရှိ သရဖူဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ဆိုသည်။

ယစ်မျိုး ဥပဒေကို ပြင်ဆင်ရန်အကြံပြုချက် တောင်းခံသည့်ဆွေးနွေးပွဲများကို မြို့နယ်အများစုတွင် ပြုလုပ်ပြီးဖြစ်ပြီး အချို့မြို့နယ်များတွင်မူ မပြုလုပ်သေးကြောင်း သိရသည်။လောင်းလုံးမြို့နယ်တွင်မူ မေလ၂၅ ရက်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲသို့ မြို့နယ် ယစ်မျိုးအကြံပေးအဖွဲ့၊ လိုင်စင်ရလုပ်ငန်းရှင်များ(လိုင်စင်ရှိ အရက်ဆိုင်ပိုင်ရှင်များ)၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ မြို့နယ်တရားသူကြီးတို့ကို ဖိတ်ခေါ်ကာ ဆွေးနွေးခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဆွေးနွေးရာတွင်လည်း တည်ဆဲဥပဒေကို တစ်ပိုဒ်ချင်းဖတ်ပြကာ ဆွေးနွေးပွဲ တက်ရောက်လာသူများက ပြင်ဆင်လိုသည့် အကြောင်းအရာများကို ဆွေးနွေး
အကြံပြုကြကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။” ယစ်မျိုးလိုင်စင်နဲ့ ပတ်သက်ပြီးအသစ်မချပေးတော့လို့ အသစ်ချပေး
နိုင်အောင်လုပ်ပေးဖို့တော့ အကြံပြုကြတယ်” ဟု ဦးကျော်သူက ဆိုသည်။

လက်ရှိတွင် အရက်လိုင်စင်အသစ်ထုတ်ပေးခွင့်ကို ပိတ်ထားသော်လည်းမူကြမ်းရေးဆွဲနေသည့် ယစ်မျိုးဥပဒေအတည်ပြုပြီးပါက လိုင်စင်အသစ် ထုတ်ပေးမည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။” အဓိက အခွန်များနေတာတွေလျော့ ပေးစေချင်တယ်” ကော့သောင်းမြို့နယ် အဏ္ဏဝါရပ်ကွက်တိုင် လိုင်စင်မရှိဘဲ ဘီယာနှင့် စားသောက်စရာများရောင်းသည့် စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ယစ်မျိုးတွင် ထန်းရည်၊ ဓနိရည်၊ ပအုန်းရည်များပါဝင်နေခြင်း၊ ယစ်မျိုးလိုင်စင် မထုတ်ပေးတော့ခြင်းကြောင့် လိုင်စင်မဲ့အရက်ဆိုင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအကြား လာဘ်ပေး လာဘ်ယူမှုများ ရှိလာခြင်းများအပေါ် ဝေဖန်မှုများရှိနေပြီးလိုင်စင်လုံးဝ မထုတ်ပေးခြင်းထက်ဈေးကွက် လိုအပ်ချက်များအရ ဆိုင်များကို စိစစ်ခွင့်ပြုသင့်ကြောင်း အကြံပြုသူများလည်း ရှိသည်။