ရိုးရှင်းသည်၊ သို့သော် . . .

0
474

လိုသည်ရှိ မလိုသည်ရှိ လူတိုင်း အနာဂတ်သို့ ဦးတည် သွားနေရသည်။တစ်ခုသာလျှင် ကွာခြားချက်ရှိ သည်။ ကြုံရာ ကျပမ်းသွားခြင်းနှင့် စနစ် တကျ မဟာဗျူဟာ ကျကျသွားခြင်း ဖြစ်သည်။ အောင်မြင်တိုးတက်မှု၊ ဖွံ့ဖြိုးမှုသည် လူတိုင်း၏ သည်းခြေကြိုက် ဖြစ်သည်။ သို့သော် ယင်းအောင်မြင်မှုများအတွက် စနစ်တကျ မဟာဗျူဟာ ကျကျ ရှင်သန် နေထိုင်ခြင်းကိုမူ တွန့်ဆုတ်နေတတ်၊ ဆင်ခြေပေး ရှောင်ဖယ်ကြတတ်သည်။

ကိုယ့်ကိုကိုယ် ဦးဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရင်း ဖော်ထုတ် ရေးဆွဲထားသည့် သီအိုရီတစ်ခုကို မိတ်ဆက်ပေးချင် ပါသည်။ ယင်း သီအိုရီ သည် အနာဂတ်သို့ စနစ်တကျ မဟာဗျူ ဟာကျကျ သွားရန်အတွက် အရေးပါ သည်ဟု ယုံကြည်ပါသည်။ (ပုံတွင် ရှုပါ။)
အဆိုပါ သီအိုရီအရ လူတိုင်းသည် မိမိ၏ အနာဂတ်အတွက် နေ့စဉ်နှင့် အမျှ ဆုံးဖြတ်ချက်များ ချနေရသည်။ ရွေးချယ် မှုများ ပြုလုပ်နေရသည်။
ယင်းသို့ နိစ္စဓူဝ ဆုံးဖြတ်ရသည့် ဆုံးဖြတ်ချက်များ၊ ရွေးချယ်ရသည့် ရွေးချယ်မှုများကို ဖြစ်စေသည့် အချက် ၄ ချက် ရှိသည်ဟု အဆိုပါ သီအိုရီက ဆိုသည်။

(၁) ကိုယ့်ကိုကိုယ် သိမှု
(၂) စိတ်နေသဘောထား
(၃) သက်ဝင်လက်ခံမှု
(၄) တန်ဖိုးထားမှု တို့ဖြစ်သည်။

ကိုယ့်ကိုကိုယ် သိမှု
ဆုံးဖြတ်ရမည့် ဆုံးဖြတ်ချက်များ၊ ရွေးချယ်ရမည့် အရေးအရာများ ကိုယ့်ရှေ့ မှောက် ရောက်လာသည့်အခါ ကိုယ့်ကို ကိုယ် သိမှုသည် အင်မတန် အရေးပါပေ သည်။

ကိုယ့်ကိုကိုယ် မည်မျှသိသည် မသိ သည်ကို အောက်ပါအချက်များဖြင့် ထောက်ရှုနိုင်သည်။
(က) ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သိခြင်း
(ခ) ကိုယ့်အိပ်မက်ကို သိခြင်း
(၃) ကိုယ့်အတွက် မည်သည့်အရာ များက အရေးပါသည်ကို သိခြင်း
(ဃ) ကိုယ့်ရဲ့ အဓိက တန်ဖိုးထားမှု ကို သိခြင်း
တို့ ဖြစ်သည်။

simple_but_2

ကိုယ့်အိပ်မက်က ဘာမှန်းမသိ၊ ဘာကို အဓိက တန်ဖိုးထားမှန်းမသိ၊ ဘာ အတွက် လုပ်နေမှန်းမသိ၊ ဘယ်အရာက အရေးကြီးပြီး ဘယ်အရာက အရေးမကြီး သည်ကို မသိဘဲ မှန်ကန်သည့် ဆုံးဖြတ် ချက်များကို ချရန် မဖြစ်နိုင်ပေ။ကိုယ့်ကိုကိုယ်မသိဘဲ အနာဂတ်သို့ သွားနေခြင်းသည် မျက်စိပိတ်ပြီး လမ်း လျှောက်သည်နှင့် တူသည်။ သွားတော့ သွားနေသည်။ သို့သော် လားရာမသိ။ ရောက်ရာမသိ။ ဦးတည်ချက်မရှိ။ ကြုံရာ ကျပန်း ခရီးသွားခြင်းသာ ဖြစ်သည်။
ကိုယ့်ကိုကိုယ်မသိမှုဖြင့် အနာဂတ် သို့ သွားသည့်အခါ အခက်အခဲ၊ အကြပ် အတည်းများဖြင့် ကြုံသည့်အခါ လွယ် လင့်တကူလက်လျော့လှည့်ပြန် တတ်ကြ ပေသည်။

ကြိုးစား အားထုတ်မှုသည်လည်း သာမန်ထက် မပိုပေ။ ယင်းမှာ အင်မတန် ရိုးရှင်းသည့် သဘောတရားဖြစ်သည့် မိမိဘာ ဟင်းစားချင် မှန်းမသိဘဲ ဈေးထဲ ရောက်သွားသည့်အခါ မည်မျှ စုံလင် သည့် ဈေးဖြစ်ပါစေ ဘာကို ဝယ်ရမှန်း မသိ၊ ဝယ်ခဲ့သည် များကိုလည်း နှစ်နှစ် ကာကာ မဖြစ်ဘဲ ရှိနေတတ်သည်။

စိတ်နေသဘောထား
ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ အတွက် နောက်ထပ် အရေးကြီးသည့် သော့ချက် တစ်ခုမှာ စိတ်နေသဘောထား ဖြစ်သည်။ စိတ်နေသဘောထားကို လောကအပေါ် တုန့်ပြန်မှုဟု ယေဘုယျ ဆိုနိုင်ပေသည်။ တူညီသည့် သက်ရောက်မှုများ အတွက် ကွဲပြားသည့် တုန့်ပြန်မှုများကို တွေ့မြင်နေရသည်မှာ စိတ်နေသဘော ထား မတူကြခြင်း တနည်းအားဖြင့် လောကအပေါ် တုန့်ပြန်ပုံ မတူခြင်း ကြောင့် ဖြစ်သည်။

မိဘများ၏ တူညီသည့် အုပ်ထိန်း မှုပေါ် သားသမီးများ၏ တုန့်ပြန်ပုံ မတူ ညီသည်မှာ သားသမီးတစ်ဦးချင်းစီ၏ မတူညီသည့် စိတ်နေသဘောထား၊ မတူညီသည့် တုန့်ပြန်မှုကြောင့် ဖြစ်သည်။ နွေလယ်နေ့ခင်းတစ်ခုတွင် အိမ် ခန်းတစ်ခုအတွင်းရှိသည့် ကိုယ်ခန္ဓာ အရွယ်အစားအတူတူ၊ ကျန်းမာရေး အခြေအနေ အတူတူ၊ အသားအရောင် အတူတူ ဖြစ်သည့် လူတစ်ခုချင်းစီ၏ တုန့်ပြန်ပုံ မတူကြ။

တူညီသည့် အခက်အခဲတစ်ခုကို ရင်ဆိုင်တုန့်ပြန်ပုံ မတူညီကြသည် မှာ လည်း စိတ်နေသဘောထားကြောင့် ဖြစ် သည်။
စိတ်နေသဘောထားကို ယေဘုယျ အားဖြင့် မျက်မှန်နှင့် တင်စားလေ့ရှိသည်။မိမိဝန်းကျင်ရှိ အရာများအား မိမိ တပ်ထားသည့် မျက်မှန် အပေါ်မူတည်ပြီး ကွဲပြားစွာ မြင်ကြသည်။ ကိုယ်မြင်သည့် အတိုင်းလည်း တုန့်ပြန်တတ်ကြသည်။

အကောင်းမြင် စိတ်နေသဘောထား ရှိသူများ၏ လောကအပေါ် တုန့်ပြန်ပုံနှင့် အဆိုးမြင် စိတ်နေသဘောထားရှိသူ များ ၏ လောကအပေါ် တုန့်ပြန်ပုံ မတူညီကြ။ ရွေးချယ်ပုံ မတူကြ။ လားရာ မတူကြပေ။ ထို့ကြောင့် အနာဂတ်သို့ သွားရာလမ်း အတွက် စိတ်နေသဘောထား၏ သဘော သဘာဝနှင့် အတိမ်အနက်ကို ကောင်းစွာ သဘောပေါက်ရန်၊ လက်တွေ့ အသုံးချ ရန် အင်မတန် အရေးကြီးပေသည်။

သက်ဝင် လက်ခံမှု
နောက်ထပ် အရေးကြီးသည့် အချက်တစ်ခုရှိသည်။ နိစ္စဓူဝ မိမိကြုံ ရသည့် အရေးအရာ ကိစ္စများအား လက်ခံမှု၊ သက်ဝင်မှု ဖြစ်သည်။
သက်ဝင်ယုံကြည်မှုဟု ပြောလျှင် ဘာသာရေးကိစ္စများနှင့် ရောနှော စဉ်းစားတတ်ကြသည့်အတွက် သက်ဝင် လက်ခံမှုဟု သုံးခြင်း ဖြစ်သည်။ သဘော တရားမှာ ယေဘုယျအားဖြင့် အတူတူ ဖြစ်သည်။

လူတိုင်းသည် မိမိသက်ဝင်လက်ခံမှု အပေါ်မူတည်ပြီး ကြုံရသည့် အရေးအရာ ကိစ္စများကို လက်ခံမှု ကွဲပြားတတ်ကြ သည်။ ယင်းသို့ ကွဲပြားသည့် လက်ခံမှု များက ရွေးချယ်မှု ဆုံးဖြတ်မှုများအပေါ် များစွာ လွှမ်းမိုးပေသည်။

တန်ဖိုးထားမှု
လူတိုင်းတွင် မတူညီသည့် တန်ဖိုး ထားမှုများ ရှိသည်။ တန်ဖိုးထားမှုကို လူတစ်ဦးချင်းစီက ကိုယ့်အတွက် ကိုယ် တိုင် သတ်မှတ်ထားသည့် အဆင့်အတန်း သတ်မှတ်ချက် ဖြစ်သည်။ တူညီသည့် ကိစ္စရပ်တစ်ခုနှင့် ပတ် သက်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထား သူ တစ်ဦး၏ရွေးချယ်မှုနှင့် ငွေကို တန်ဖိုး ထားသူတစ်ဦး၏ ရွေးချယ်မှု မတူညီပေ။

ရိုးသားမှုကို တန်ဖိုးထားသူတစ်ဦး နှင့် တန်ဖိုးမထားသူတစ်ဦး၏ ရွေးချယ်မှု မတူညီ။ ထိုမတူညီမှုများကပင် မိမိသွားချင် သည့် အနာဂတ်သို့ သွားရာခရီးအတွက် နောက်ကွယ်က ကြိုးကိုင်ကြပေသည်။ ထို့အပြင် ကိုယ့်ကိုကိုယ် သိမှု၊ စိတ်နေသဘောထား၊ သက်ဝင်လက်ခံမှု၊ တန်ဖိုးထားမှု တို့သည် သီးခြား ဖြစ်တည် နေခြင်းမဟုတ်ဘဲ တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆက်စက်နေပေသည်။ ရိုးရှင်းသည်ဟု ထင်ရပြီး အင်မတန် ရှုပ်ထွေး နက်ရှိုင်းသည်။
အငြင်းပွားစရာ အချက်များစွာ ရှိပေမည်။

အနာဂတ်အတွက် ဆွေးနွေးငြင်း ခုန်ရန် စိတ်ဝင်တစား မျှော်လင့်နေပါသည်။