တနင်္သာရီတိုင်းတွင် အမျိုးသမီး ခြောက်ရာခိုင်နှုန်း အဝလွန်

0
420

တနင်္သာရီတိုင်းအတွင်း အမျိုးသမီး ၆ ရာခိုင်နှုန်း အဝလွန်နေကြကြောင်း၂၀၁၅-၁၆ မြန်မာနိုင်ငံ လူနေမှုဘ၀နှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်း အရ သိရသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာတစ်နိုင်ငံလုံးရှိ အသက်၁၅ နှစ်မှ ၄၉ နှစ်အကြားရှိ အမျိုးသမီး၁၂၈၈၅ ဦးကို စစ်တမ်းကောက်ယူခဲ့ပြီးယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအရ တိုင်းအတွင်းရှိ ၁၅နှစ်မှ ၄၉ နှစ်အထိ အမျိုးသမီး ၂၂ ရာခိုင်နှုန်းမှာ ရှိသင့်သည့် ကိုယ်အလေးချိန်ထက်ပိုနေကြပြီး ၆ ရာခိုင်နှုန်းမှာ အဝလွန်
နေကြကြောင်း သိရသည်။လူတစ်ဦးတွင် ရှိသင့်သည့် ခန္ဓာကိုယ် အလေးချိန်ထက် ပိုနေပါက အဆီပိတ်ပြီး နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်း အစရှိသည့် ရောဂါများဖြစ်လာနိုင်ချေများကြောင်း တနင်္သာရီတိုင်းဒေသကြီးအစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တိုင်းတာဝန်ခံဒေါက်တာ ဟိန်းမင်းထက်အောင် က ဆိုသည်။

” ၀ တဲ့သူနဲ့ ပိန်တဲ့သူ နှိုင်းယှဉ်ရင်ဝ တဲ့သူက ရောဂါတွေ ဖြစ်နိုင်ချေ ပိုများတယ်” ဟု ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။တိုင်းအတွင်း ပိန်သော အမျိုးသမီး၁၆ ရာခိုင်နှုန်းရှိပြီး ပုံမှန် ခန္ဓာကိုယ်အလေးချိန်ရှိသည့် အမျိုးသမီး ၅၆ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းအရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အဝလွန်အမျိုးသမီး ၆ ရာခိုင်နှုန်းရှိပြီး၁၉ ရာခိုင်နှုန်းမှာ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေကြကြောင်း ယင်းစစ်တမ်းအရ သိရသည်။ချမ်းသာကြွယ်ဝသော အိမ်ထောင်စုများတွင် အဝလွန်ခြင်းကို ပိုတွေ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနစ် သန်းခေါင်စာရင်းအရတနင်္သာရီတိုင်းတွင် အသက် ၁၅ နှစ်မှ၄၉ နှစ်ကြားရှိ အမျိုးသမီး သုံးသိန်းခွဲခန့်ရှိသည်။အရပ်အမြင့်နှင့် ကိုယ်အလေးချိန်
အချိုးအရ အရပ် ၅ ပေတွင် ကိုယ်အလေးချိန် ၁၅၅ ပေါင်၊ ၅ပေ ၁ လက်မတွင် ၁၆၀ ပေါင်၊ ၅ပေ ၂ လက်မတွင်၁၆၅ ပေါင်၊ ၅ ပေ ၃ လက်မတွင် ၁၇၀
ပေါင်၊ ၅ ပေ ၄ လက်မတွင် ၁၇၅ ပေါင်နှင့် ၅ ပေ ၅ လက်မတွင် ၁၈၀ ပေါင်အသီးသီးရှိနေပါက အဝလွန်နေသည်ဟုသတ်မှတ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်စွာကျင့်သုံးနေသော အရပ်အမြင့်နှင့် ကိုယ်အလေးချိန်အချိုး (Body Mass Index) အရ ပိန်သူ၊ ပုံမှန် ကိုယ်အလေးချိန်ရှိသူ၊
ရှိသင့်သည့် ကိုယ်အလေးချိန်ထက်ပိုသူ၊အဝလွန်သူ၊ အလွန်အဝလွန်သူဟု အဆင့်ဆင့် ခွဲထားသည်။