ပြည်သူနှင့် အတူ

0
480

မျက်နှာကျက် မရှိသော အမေ့အိမ်၏ ထုပ်တန်းတွင် ကပ်ရိုက်ထားသည့် ၄ ပေ မီးချောင်းသည် ည ၇ နာရီကျော်လာ သည်နှင့် အခြေအနေ သိပ်မဟန်တော့။ နဂို လင်းထိန်နေရာမှာ အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့လာ၏။ ထို့နောက် တဖျပ်ဖျပ်နှင့် မှိန်တဖန် လင်းတစ်လှည့်။ သို့ကလို ဖြင့်ပင် အချိန်အနည်းငယ်အတွင်း အိမ်တစ်ဆောင်လုံး အလင်းရောင် နိတ္ထိတံ လေသည်။

အမေသည် ၀ရန်တာရှိ သစ်သားခုံ အဟောင်းကြီးတွင် ထိုင်နေရာမှထကာ အတွင်းခန်းသို့ ဝင်သည်။ ” မီးက ဒီလိုပဲ သားရေ၊ တစ်ပတ်ကို ၃ ၊ ၄၊ ၅ ရက်က ပျက်နေကြ၊ ခုအချိန်လောက်က ပြတ်သွား ရင် တစ်ခါတလေ ၈ နာရီခွဲ ၉ နာရီ လောက် တခါတခါလည်း ဒီထက်နောက် ကျမှ ပြန်လာတယ်” ဟုလည်း သံဝေဂရ သည့် အသံဖြင့် ဆိုလေသည်။ ထို့နောက် အမ် ၁၅၀ အအေးဗူး၏ အဖုံးကို အပေါက် ဖောက်၊ ထိုအပေါက်မှ ဆီးဇာကို မီးတို့ရ သည့် လက်ဖြစ်ရေနံဆီ မီးခွက်ကို မီးညှိ ပြီး သစ်သား ဗီရိုအဟောင်း ကြီးပေါ်တွင် တင်လေသည်။ သို့ဖြင့် ရေနံဆီဝနေသည့် အမေ့၏ ရှေးအိမ်ကြီးသည် လက်ဖြစ် မီးပုံးမှ ထွက်ပေါ်လာသော အလင်းရောင် မှန်ဖျော့ဖျော့အောက်တွင် ကဗျာပင် ဆန် လျက် ရှိနေတော့သည်။

” ပိုက်လိုင်းတွေ လာမယ်ဆိုတုန်း ကတော့ အဖွားတို့ကို ရွာလူကြီးတွေက အစည်းအဝေးတွေခေါ်ပြီး ပြောပါတယ်။ ရွာကလမ်းတွေ အပျံစားဖြစ်သွားမယ်၊ မီးတွေထိန်ထိန်လင်းနေမယ်ပေါ့၊ ခုတော့ ဘယ်ကလာ၊ ထင်းရှာရခက်လာတာပဲ အဖတ်တင်တယ်၊ ကောင်းတဲ့ဟာတွေ လည်း တချို့တော့ ရှိပါတယ်”
ဓနိဖက်တစ်ရွက်ချင်းစီကို ဝါးခြား အပြားသေးသေးပေါ်တွင် စိမ်ပြေနပြေ တင်ပြီး သက်ကယ်ထိုးနေသည့် အသက် ၇၀ ကျော်အဖွားက ဆိုသည်။ သူမ၏ မျက်ဝန်းတို့သည်လည်း လွန်ခဲ့သည့် ၁၉၉၅-၉၆ ခုနှစ်များဆီသို့ ပြန်ရောက် သွားသည့်နှယ် ရွှင်လန်း တက်ကြွလျက် ရှိသည်။

ယခု အနှစ် ၂၀ ကျော်ကြာပြီး အချိန် တွင်ကား အခြေအနေများ လုံးဝ ပြောင်း လဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရှိခဲ့သည် ရွာပြင် စားကျက်မြေများ လုံးဝ မရှိတော့။ မြေဈေးများလည်း ခေါင်ခိုက် နေသည်။ ပိုက်လိုင်း စီမံကိန်းများက စိုက်ပျိုးသီးနှံ လယ်ယာမြေများအပေါ်သို့ ဖြတ်သန်းသဖြင့် ပိုင်ရှင်များသို့ ပေး လျော်သည့် လျော်ကြေးငွေများသည် လည်း နှစ်အနည်းငယ်အတွင်း ကုန်လေ ပြီ။ သိန်းထောင်ပေါင်းများစွာ လျော်ကြေး ရသူအချို့သာ ထုပ်ထုပ် သိမ်းသိမ်းနှင့် ဟန်မပျက်နေနိုင်၏။ အများစုကား စားဝတ် နေရေးကအစ အခက်ကြုံလျက်ရှိ ၏။ ထိုအထဲ လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကြောင့်လည်း ဒေသခံတို့၏ စိုက်ပျိုးမြေများ ဧက ထောင်သောင်းချီ အသိမ်းခံရ၏။

” ကျွန်တော်တို့ကို ပိုက်လိုင်းတွေ ဆောက်ပြီးတာနဲ့ မီးရမယ်ဆိုပြီး ပြော သွားတာ၊ ခုအဲဒီပြောသွားတဲ့ လူတွေကို ခေါ်ပြီး ပြန်မေးချင်တယ်၊ တကယ်တော့ ရွာသားတွေကို မက်လုံးပေးပြီး စီမံကိန်း တွေကို လက်ခံခိုင်းခဲ့တာ၊ လျော်ကြေး ကလည်း သီးနှံအတွက် ၃ နှစ်စာပဲရတာ၊ အဲဒီခေတ်က သူများယူလို့ ကိုယ်မယူရင် လည်း ဘာဆက်ဖြစ်မလဲ မပြောနိုင် ဘူးလေ” တိုင်းပြည်ဖွံ့ဖြိုးရေးအမည်ခံ စီမံ ကိန်းများကို ဒေသခံများ လက်ခံလာ အောင် စည်းရုံးခဲ့ပုံများကို တဖွဲ့တနွဲ့ ပြန်ပြောင်း ပြောပြကြသည်။ အဖြစ်အပျက်တို့သည် နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့လေပြီ။

ကံပေါက်မှ ထားဝယ်သို့သွားသည့် လမ်းဘေးတစ်လျှောက် ဓာတ်ကြိုးမရှိဘဲ နှစ် ၂၀ နီးပါး အထီးတည်းဖြစ်နေသည့် ဓာတ်တိုင်တို့ လွန်ခဲ့သည့် နှစ်မှ စတင် ကာ အသက်ဝင်လာခဲ့လေသည်။ ထားဝယ်ခရိုင် ၂၄ နာရီ လျှပ်စစ်မီးရပြီ။ ကျေးရွာ အများစုတွင်ကား ယနေ့ ထိ မလင်းသေး။
ပြောချင်သည်က ပြည်သူ့ဆန္ဒ မပါသော ဖွံ့ဖြိုးရေး စီမံကိန်းများ အကြောင်း။

စစ်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံ သူများနှင့် လျှို့ဝှက်စွာ ချုပ်ဆိုခဲ့သော စာချုပ်၊ သဘောတူညီမှုတို့သည် ပြည်သူ ကို ယနေ့ထိ ဒုက္ခပေးလျက် ရှိနေသေး သည်။ တိုင်းပြည်စီးပွားရေး၏ ရာခိုင် နှုန်းအများစု တွင်းထွက်သယံဇာတတို့ကို အားကိုးနေရသည့် အခြေအနေ ဆုံးဖြတ် ချက်ချမှတ်ရာတွင် အဓိက ပါဝင်ရမည့် ပြည်သူလူထုကို စစ်ခေါင်းဆောင်တို့ မျက်ကွယ်ပြုခဲ့ကြောင်း အထူးပြောရန် မလိုတော့ပေ။

ယနေ့ကား အခြေအနေများ ပြောင်း လဲခဲ့လေပြီ။ ပြည်သူအများစု ရွေး ကောက်လိုက်သည့် ပြည်သူ့အစိုးရ ဖြစ်လေပြီ။ သို့ရှိသော် ဆုံးဖြတ်ချက် အများစုကို ပြည်သူလူထု ချမှတ်နိုင်ပြီ လောဟု မေးစရာရှိ၏။ အဖြေကား မဟုတ်ဟု ဖြေရလေမည်။ တကယ်တော့ ဆုံးဖြတ်ချက် အများစုကို ပြည်သူ ကလည်း ချမှတ်နေရန် မလို။ ကိုယ်စား ပြုဒီမိုကရေစီ၏ သဘောသဘာဝအရ ပြည်သူတို့က ၎င်းတို့ကိုယ်စား ဆုံးဖြတ် ချက်များ ချမှတ်မည့် ပြည်သူ့ကိုယ်စား လှယ်များကို ရွေးချယ်ထားပြီး ဖြစ်သည်။

သို့သော် ပြည်သူ့ကိုယ်စားလှယ် များက လုပ်ချင်တိုင်း လုပ်လို့ရသည်တော့ မဟုတ်။ အရေးကိစ္စကြီးငယ် မဟူ ဆုံးဖြတ်ချက်ချမည့် အခြေအနေတိုင်းတွင် ပြည်သူ့ဆန္ဒကို ထင်ဟပ်စေရမည်။ ဆုံး ဖြတ်ချက်သည် ပြည်သူကို အကျိုးပြု နေရမည်။
လက်ရှိအနေအထားတွင်ကား အခြေအနေသည် ထိုသို့ ဖြစ်မနေ။ ပြည်သူ့အစိုးရသည် စစ်ခေါင်းဆောင်တို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်နေသလောဟု မေး ခွန်းထုတ်စရာရှိလာသည်။ ဥပမာ ဆိုရ သော် ထားဝယ်ခရိုင်အတွင်းရှိ သတ္တု တွင်းလုပ်ငန်းများကြောင့် ပြည်သူ့ဘ၀ နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ အကြောင်းကို အစိုးရတာဝန်ရှိသူများ ထဲထဲဝင်ဝင် သိရှိပြီး ဖြစ်သည်။ သို့သော် ဥပဒေကြောင်းအရ အကာအကွယ်ပေး ရမည့် ကိစ္စရပ်များတွင်မူ မျှော်မှန်း ထားသည်ထက် အားနည်းလျက် ရှိသည်။ အစိုးရ တာဝန်ရှိသူများ လုပ်မည်ဟု တရားဝင်ပြောပြီးယနေ့ထိ အကောင် အထည်မပေါ်သေးသည့်ကိစ္စများ ရှိနေ သည်။

ဤသည်မှာ ပြည်သူ့ဆန္ဒကို မျက် ကွယ်ပြုမှု ဖြစ်သည်။
နောက်ထပ် ဥပမာ ပေးစရာ အများ အပြား ရှိပါသည်။ စစ်အစိုးရ၏ ဆိုးမွေ ကို ဆက်ခံရသည့် ပြည်သူ့အစိုးရ အနေဖြင့် ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ကြက်ဥအစရှာသလို ဖြေရှင်းရခက်နေသည်ဆိုသည်မှာ အလွန် ပင် လက်တွေ့ကျပြီး လက်ခံ နိုင်သည့် ကိစ္စဖြစ်သည်။

သို့သော် ပြဿနာဖြစ်လာတိုင်း ထိုအချက်ကို အသုံးပြုပြီး ပြည်သူကို ဆင်ခြေပေးရန် မဟုတ်။ ဘာတွေ လုပ်နေသည်၊ ဘယ်လို လုပ်နေသည်၊ ဘာကြောင့် ဖြေရှင်းမရဖြစ်နေသည် ဆိုသည်ကို ပြည်သူကို ချပြရပေမည်။ အစိုးရတစ်ရပ် ကောင်းမကောင်းကို ဆင်ခြေကောင်းကောင်း ပေးခြင်းဖြင့် တိုင်းတာရန်မဟုတ်၊ ပြည်သူ့ အကျိုး စီးပွားပြုသည့် အလုပ်မည်မျှ ပြီးမြောက် အောင် လုပ်^မလုပ်ဟူသည့် ပေတံဖြင့် တိုင်းရန် ဖြစ်သည်။
ဒီမိုကရေစီတွင် အတိုက်အခံသည် အရေးကြီးကြောင်း အထူးပြောရန်လိုမည် မထင်။ လွှတ်တော်နှင့်အစိုးရ အဖွဲ့တွင် အတိုက်အခံ ရှိမနေခြင်းသည် သွေးအား နည်းရောဂါရနေသည့် လူတစ်ယောက်နှင့် တူပေမည်။

အထူးကြပ်မတ် ကုသမှု မခံယူဘဲ ထူထူထောင်ထောင် ဖြစ်လာရန် မလွယ် ကူလှပေ။
ဤအခြေအနေတွင် မီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးလှပေ၏။ အစိုးရ၏ဟာကွက်၊ လစ်ကွက်များကို မီဒီယာက ကောင်းကောင်း ထောက်ပြ နိုင်သည်။ ဝမ်းနည်းစရာကောင်းသည် ကား တိုင်းအစိုးရသည် မီဒီယာကို လုပ်ဖော်ကိုင်ဖက်ဟု သဘောမထား။ အတိုက်အခံဟုလည်း ယူဆဟန်မတူ။ ဆွေးနွေးပွဲတစ်ခုတွင် ” မီဒီယာတွေက အစိုးရအဖွဲ့ကို တိုက်ခိုက်နေတာ” ဟု ပြောသည်ကို ထောက်ရှု ရလတ်သော် ရန်သူဟု သဘောထားသည်ဟုပင် ဆိုရ မလိုဖြစ်နေသည်။

ခေတ်ပညာသင်ယူနေသည့် လူငယ်တစ်ဦး လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည့် စာသားအချို့ကို သဘောကျမိသည်။
သူက ” ပြည်သူ့ဆန္ဒဖြင့် တက်လာ သည့် အစိုးရသည် ပြည်သူထံမှ လက် ခုပ်သံများကိုသာ မျှော်လင့်ရမည် မဟုတ်၊ ဝေဖန်သံများကိုပါ လက်ခံနိုင် ရပါမည်” ဟု ဆိုလေသည်။ ဒီမိုကရေ စီတွင် အစိုးရတစ်ရပ်ကို ထောက်ခံသည် ဆိုရာ၌ ပုံစံအမျိုးမျိုး ရှိနိုင်သည်။

အကြောင်းကိစ္စ တစ်ခုတွင် ထောက်ခံပြီး အခြားအကြောင်း ကိစ္စတစ်ခုတွင် ကန့်ကွက်လျှင် ကန့်ကွက်ပေမည်။ ကိုယ် ရွေးလိုက်သည့် အစိုးရမို့ ဘာလုပ်လုပ် လက်ခုပ်ထိုင်တီးနေမှ ကြိုက်မည် ဆို လျှင်တော့ အာဏာရှင်နှင့် ဘာမျှခြား နားမည် မဟုတ်တော့ပေ။ သို့သော် အားကိုးစရာကား ကျန်နေ သေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ” ပြည်သူနှင့်အတူ ” ဟု တိုင်းသူ ပြည်သား များကို ကြွေးကြော်ထားသည်။ သူမ၏ သဘောထားအတိုင်း ကျွန်တော်တို့ ပြည်သူ (အများစု) လူကိုမကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေးခဲ့သည်။ သို့ဖြင့် ကျွန်တော်တို့ အလိုရှိအပ် တောင့်တအပ် လှသော ပြည်သူ့အစိုးရ ကို လက်ဝယ် ပိုင်ပိုင်ရရှိ လေပြီ။

ယခု တစ်နှစ်ကျော် ကြာပြီးသည့် အချိန်မှစတင်ကာ နောင်လာမည့် ၄ နှစ်တာကာလတွင် ပြည်သူ့ဆန္ဒကို သိပြီး၊ ပြည်သူပါဝင်သည့် ဆုံးဖြတ်ချက် များကို ပြည်သူနှင့်အတူ ချမှတ်လျှောက် လှမ်းနိုင်ပါစေကြောင်း ဆုတောင်း ပတ္တနာပြုလိုက်ရပါ လေသည်။