စံမမီဆောက်သည့် တင်ဒါကုမ္ပဏီ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေဖြင့် အရေးယူခံရမည်

0
449

လက်ရှိဘဏ္ဍာရေးနှစ် အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်သည့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် စံမမီ ဆောက် ထားသည့် ကုမ္ပဏီများကို ပြည်သူ ပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်မှစကာ တင်ဒါဆောက်လုပ်ရေးလုပ်ငန်းများ စံမမီပါက ပြုပြင်ခိုင်း သွားမည်ဖြစ်ပြီး မပြုပြင်ပါက ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်ကာ ပြုပြင်မှု ဆက်မလုပ်ပါက ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အရေး ယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

” ပြီးခဲ့တဲ့နှစ် အတွေ့အကြုံတွေကို ကြည့်ပြီး ဒီလိုစီမံလိုက်တာ” ဟု တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။
စံမမီဆောက်လုပ်သည့် ကုမ္ပဏီအချို့ က ကြိုက်သလို အရေးယူနိုင်ကြောင်း ပြောဆိုမှုများရှိခဲ့သည့်အတွက် ယင်းကဲ့ သို့ စီမံရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်တွင် ကုမ္ပဏီ ၂ ခု ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီ ၃ ခုနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီ ၂ ခုကို အမည်ပျက် စာရင်းသွင်းခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းကြောင်း ကြေညာရာတွင် ယခင်က တိုင်းဒေသကြီးအတွင်းသာ ကြေညာရာမှ နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကြေညာသွားမည်ဖြစ်ကြောင်း ဦးသိန်းအောင်က ဆိုသည်။တနင်္သာရီတိုင်းအစိုးရသစ် တက် ပြီးနောက်ပိုင်းတွင် တင်ဒါတည်ဆောက် ရေးလုပ်ငန်းများကို စံချိန်မီစေရန် ကြပ် မတ်ဆောင်ရွက်နေမှုများ ရှိသည်။