ထော်လာဂျီ မဝင်ရလမ်း ထပ်တိုးမည်

0
674

ထားဝယ်မြို့တွင် ထော်လာဂျီ မဝင်ရ တားမြစ်မည့် လမ်းအရေအတွက်ကို ထပ်တိုးမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မြို့အတွင်း လူစည်ကားသည့် လမ်း များတွင် သံလုံး၊ ဘိလပ်မြေအိတ်များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်ဆောင်ကာ အရှိန်ပြင်း မောင်းနှင်သည့် ထော်လာဂျီအချို့ကြောင့် မဝင်ရလမ်းများ တိုးချဲ့သတ်မှတ်နိုင်ရန် တိုင်းဒေသကြီး အစိုးရထံ မေလ ၂၂ ရက်နေ့က တင်ပြထားကြောင်း မြို့နယ် စည်ပင်မှ တာဝန်ရှိသူက ဆိုသည်။

” မြို့တွင်းမှာ အရှိန်ပြင်းပြင်းနဲ့ သွားနေလို့ လမ်းကြောင်းသတ်မှတ်ဖို့ သင့်တယ်လို့ တင်ပြထားတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အာဇာနည်လမ်း၊ သင်္ဘောဆိပ်ရပ်ကွက်တွင် အလယ်လမ်း မှ လမ်းဆုံကြီး မီးပွိုင့်လမ်းဆုံအထိ အစရှိသည့် လမ်းများကို ထော်လာဂျီ မဝင်ရ လမ်းများအဖြစ်သတ်မှတ်ထားပြီး ယာဉ်အသွားအလာများသည့် ကမြော ကင်းတံတားထိပ်အနီးမှ ဆန်းချီလမ်းဆုံ အထိ လမ်းပိုင်းအပါအဝင် လမ်း ၅ လမ်း ခန့်ကို ထပ်မံ အဆိုပြု တင်ပြ ထား ကြောင်း ၎င်းကဆိုသည်။

ထော်လာဂျီ မဝင်ရ လမ်းများ တိုးချဲ့ သတ်မှတ်ခြင်းထက် အရှိန်ပြင်း သွားလာနေသည့် စည်းကမ်းမဲ့ ထော်လာ ဂျီများကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့် အရေးယူခြင်းက ပိုမိုထိရောက်နိုင်မည် ဟုထင်ကြောင်း ထားဝယ်မြို့ ဘုမ္မော် ရပ်ကွက်နေ ဦးဇော်ဝင်းက အကြံပြုသည်။

“ထော်လာဂျီ အသံတွေက ကျန်းမာ ရေး မကောင်းတဲ့သူတွေဆို ချက်ချင်း ထဖောက်သွားနိုင်တယ် ” ဟု ဦးဇော်ဝင်း က ပြောသည်။
ထားဝယ်ဒေသတွင် ထော်လာဂျီကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အသုံးပြုမှုများပြီး စည်းကမ်းမဲ့ မောင်း နှင်သွားလာနေမှုများကြောင့် ပြည်သူ များအကြား ဝေဖန်ပြောဆိုမှုများ ရှိသည်။