မြိတ်တွင်ရေချိုငါးခူ တစ်နိုင်တစ်ပိုင် မွေးမြူသူများလာ

0
799

မြိတ်တွင် တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ရေချိုငါးခူမွေးမြူ သူများ တွက်ခြေကိုက် သောကြောင့်စီးပွားဖြစ် မွေးမြူသူများလာ ကြောင်း ငါးခူမွေးမြူရေး လုပ်ကိုင်နေသူ များထံမှ သိရသည်။ငါးခူသားပေါက်တစ်ကောင်လျှင် အရွယ်အစားလိုက် ကျပ် ၄၀ နှင့် အထက်ပေးဝယ်ရပြီး သုံးလခန့်မွေးမြူ ပြီးရောင်းချပါက ငွေအရင်း၏ နှစ်ဆ ကျော် ပြန်ရသည့်အတွက် မွေးမြူရန် စိတ်ဝင်စားသူများလာကြောင်း ၎င်းတို့ ထံမှ သိရသည်။

” အရင်ကတစ်အိမ်နှစ်အိမ်ပဲ မွေး တယ်။ အခုက တစ်ရွာတည်းမှာ ဆယ်အိမ် လောက်ရှိပြီ။ ငါးမွေးဖို့ မြေနေရာလည်း သိပ်မလိုဘူးလေ ၁၀ ပေ ပတ်လည် ကန်တစ်ကန်ကို ငါးသားပေါက် အကောင် တစ်ထောင်လောက် မွေးလို့ရတယ်” ဟု ကျွဲကူးကျေးရွာ၊ ရတနာရပ်ကွက်မှ ငါးခူမွေးမြူ သူတစ်ဦးက ပြောသည်။
ငါးခူသားပေါက်များကို မန္တလေး နှင့် ထိုင်းနိုင်ငံ တို့ဘက်မှ ဝယ်ယူကြောင်း သိရသည်။

” ငါးခူကရေချိုငါးဆိုတော့ ကိုယ့် အိမ်နားမှာပဲ ရေကန်လုပ်ပြီး မွေး တယ် နည်းစနစ်ကျကျနဲ့ စည်းကမ်းတကျမွေး နိုင်ရင် တော်တော်တွက်ချေကိုက်တယ်” ဟု မြိတ်မြို့ ကျွဲကူးကျေးရွာမှ တစ် နိုင်တစ်ပိုင် ငါးခူမွေးမြူရေးလုပ်ကိုင်သူ ဦးထူးငယ် ကပြောသည်။
ငါးခူသားပေါက်များကို ဝယ်ယူ၍ အနည်းဆုံး သုံးလခန့်မွေးမြူ ပြီးပါက ရောင်းချနိုင်ပြီး လက်လီတစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှင့် လက်ကားရောင်းချပါက တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ရရှိကြောင်း ရေချိုငါးခူမွေးမြူ သူများထံမှ သိရသည်။