ဒီမိုကရေစီ၏ အောက်ဆီဂျင်

0
510

အနာပေါ် တုတ်ကျ၊ တီကောင် ဆားပက်ဟု တင်စားပြောကြသည့် ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေး ချင်ပါသည်။ အခြားကြောင့်မဟုတ်၊ ဝေဖန် ထောက်ပြမှုများနှင့် ပတ်သက်ပြီး သဘောပေါက်မှု၊ ခံယူနားလည်မှုများ နှင့်ပတ်သက်ပြီး စိတ်ပျက်ဖွယ်ရာအထိ မြင်နေတွေ့နေရသောကြောင့် ဖြစ်သည်။

သာမန်လူထုအစ၊ နိုင်ငံရေး စိတ် ဝင်စားသူများ အလယ်၊ နိုင်ငံရေးသမား များအဆုံး ဝေဖန်ထောက်ပြမှုများအပေါ် ခံယူပုံက မှားယွင်းနေဆဲဖြစ်သည်။
ဝေဖန်ထောက်ပြမှုများနှင့် ပတ် သက်ပြီး ထင်သာမြင်သာအရှိဆုံး အုပ် စု ၃ ခု ရှိသည်။ အတိုက်အခံနိုင်ငံရေး အင်အားစု များ၊ မီဒီယာနှင့်တက်ကြွ လှုပ်ရှားသူများ ဖြစ်သည်။

ယေဘုယျအားဖြင့်လူထု၏ အကျိုး စီးပွားကိုအခြေခံပြီး ဝေဖန်ထောက်ပြကြ သည်။ မည်သည့်အစိုးရတက်တက် ဝေဖန် ထောက်ပြသည့်အလုပ်ကို ထိုသူတို့က လုပ်ကြသည်။ အခြားကြောင့်မဟုတ် လူထု၏ အကျိုးစီးပွားကိုအခြေခံသောကြောင့်အုပ်စု၊ ဂိုဏ်းဂဏ၊ အစိုးရများ ပြောင်းသော်လည်း မပြောင်းမလဲ ဝေဖန် ထောက်ပြကြခြင်း ဖြစ်သည်။

ဝေဖန်ခြင်းမှာအကျိုးများစွာ
ဝေဖန်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှု ဒဏ်ကို မခံနိုင်သည့်နိုင်ငံရေးသမားများ အမြဲတမ်း ပြောလေ့ရှိသည်မှာ အပြု သဘောဖြင့် ဝေဖန်ရန် ဖြစ်သည်။
သည်နေရာတွင်ဆွေးနွေးစရာရှိ သည်မှာ အပြုသဘော ဝေဖန်ခြင်းနှင့် အပျက် သဘောဝေဖန်ခြင်းကို မည် သည့် ပေတံဖြင့် တိုင်းတာမည်နည်း။
မည်သို့ ဝေဖန်သည့် ဝေဖန်ချက် ကို အပြုသဘောဟု ပြောပြီး မည်ကဲ့ သို့သော ဝေဖန်ချက်ကို အပျက်သဘောဟု ပြောမည်နည်း။
စဉ်းစားစရာများစွာ ရှိပါသည်။

ဝေဖန်ချက်များသည်မိမိအား အခြား သူများကမြင်သည့် အမြင်ဖြစ် သည်။
တနည်းအားဖြင့်မိမိအား အခြား တစ်ဖက်မှမြင်သည့် အမြင်များ ဖြစ် သည်။
ဆိုးသည်လည်း ရှိ၊ ကောင်းသည် လည်း ရှိမည်။ ဘက်ပေါင်းစုံမှ ရပ်တည် ချက်ကိုယ်စီ၊ ရှုမြင်မှု ကိုယ်စီဖြင့် ရှုမြင် ကြ၊ ဝေဖန်ကြ၊ ထောက်ပြကြမည်။
လူသဘာဝသည် ကိုယ်ကိုကိုယ် မြင်နိုင်ခဲသည်။ ကောင်းပေ့ ဟူသည့်မှန် ဖြင့် ကိုယ့်ရုပ်ကိုယ် ကြည့်ချိန်တွင်ပင်အနည်းငယ်ဘက်လိုက်ပြီး မြင်တတ် အကဲဖြတ်တတ်သည်။

ထင်သာမြင်သာရှိသည့် ရုပ်နှင့် ပက်သက်ပြီးပင် ယင်းသို့ ရှုမြင်ဘက် လိုက်တတ်သည့် လူသဘာဝသည် အလုပ်၊ စွမ်းဆောင်ရည်၊ စိတ်စသည် တို့နှင့်ပတ်သက်ပြီး ကိုယ်ကိုကိုယ် ရှုမြင်သည့်အခါ ဘက်လိုက်မည်မှာ ပြော စရာပင်မလိုသည့် အခြေအနေဖြစ်သည်။ထို့ကြောင့်အခြားသူများ၏ ဝေဖန် ထောက်ပြမှုများအပေါ် ကောင်းစွာခံယူပြီး အကျိုးရှိစွာသုံးတတ်ရန်အင်မတန် အရေး ကြီးပေသည်။ ခံယူတတ်သူများအတွက်မည်သည့် ဝေဖန်ချက်ဖြစ်ဖြစ် အကျိုးရှိပေသည်။

အပြုသဘော ဝေဖန်ခြင်းဖြစ်ဖြစ်၊ အပျက်သဘော ဝေဖန်ခြင်းဖြစ်ဖြစ်၊ အကောင်းအမြင် ဝေဖန်ခြင်း ဖြစ်ဖြစ်၊ အဆိုးအမြင် ဝေဖန်ခြင်းဖြစ်ဖြစ် ဝေဖန် ခံရသူအတွက် အကျိုးရှိသည်ချည်း ဖြစ် သည်။

(၁) ကိုယ့်ကိုကိုယ်မမြင်နိုင်သည်များကို ဝေဖန်သူများ၏ အကူအညီဖြင့် မြင်နိုင်သည်။
(၂) ကိုယ်နှင့်မတူသည့် ရှုမြင်မှုဖြင့် မည်သည့်အင်အားစုများက ရှုမြင်နေ သည်ကို သိနိုင်သည်။
(၃) ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နိုင် သည်။
(၄) ဆန်းသစ်သည့်စိတ်ကူးစိတ်သန်းများကို တွေ့နိုင်သည်။
(၅) မည်သည့်အင်အားစုများအား မည်သို့ ချဉ်းကပ်ရမည်ကို သိနိုင်သည်။
စသည်ဖြင့်များစွာသော အကျိုး ကျေးဇူးများရှိသည်။

ခံယူတတ်ရန်သာလိုသည်။ မိမိ ကိုယ်မိမိ ဘက်လိုက်သည့်စိတ်ကို ဘရိတ်အုပ်တတ်ရန်သာ လိုသည်။ ဝေဖန် ချက်များအား အကျိုးရှိစွာသုံးတတ်သည့် ရင့်ကျက်သည့် စိတ်နေစိတ်ထား ခံယူ ချက်များ ထားတတ်ရန်သာ လိုပေသည်။
ဝေဖန်သူများအား ကျေးဇူးရှင်များ အဖြစ်ပင် သတ်မှတ်နိုင်ပေသည်။

ကျောက်ခဲ၏ လာရာနှင့်ကျောက်ခဲ
ဝေဖန်မှုနှင့်ပတ်သက်ပြီး အခြားသူ များနှင့်ပုံစံမတူသည့်သူများမှာ သတင်း စာ ဆရာများ ဖြစ်သည်။ကိုယ်တိုင်လည်း ဝေဖန်ထောက်ပြ သကဲ့သို့ အခြားသူများ၏ ဝေဖန်ထောက် ပြမှုများကိုလည်း လူထုသိအောင် ဝန်ဆောင်မှု ပေးကြသည်။ နောက်ထူးခြားချက်တစ်ခုမှာ သတင်း မီဒီယာများသည် ဝေဖန်ထောက်ပြ အထိန်းအထေ ပြုလုပ်ရန်အတွက် တည် ရှိနေခြင်း ဖြစ်သည်။ အတိုက်အခံအင်အားစုများ၊ တက် ကြွလှုပ်ရှားသူများနှင့် ရပ်တည်ပုံခြင်း မတူ။

တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး စသည့်ကဏ္ဍများအပြင် သက်ဆိုင်ရာလူမှုရေး၊ စီးပွား ရေး စသည့်နိုင်ငံတစ်နိုင်ငံ၏ ဖြစ်တည် မှုတွင် ပါဝင် ပတ်သက်နေသူများနှင့် ပတ်သက်ပြီး အစဉ်တစိုက် ဝေဖန်ထောက် ပြကြသည်။ ထို့ကြောင့် အခါအတော်များများ တွင် သက်ဆိုင်ရာနယ်ပယ်မှ ပါဝင်ပတ် သက်သူများ၏ မျက်စိစပါးမွေးစူးမှုကို ခံကြရသည်။

အထူးသဖြင့်အရေပါးသူများ၊ မရင့် ကျက်သည့်နိုင်ငံရေးသမားများနှင့်တွေ့သည့်အခါ တိုက်ခိုက်သည်ဟု စွပ်စွဲခံ ကြရသည်။
တကယ့် အရှိတရားမှာ သတင်းမီဒီ ယာများသည် ဝေဖန်မှုများအား ကိုယ်စား ပြုသယ်ဆောင်လာခြင်းသာ ဖြစ်သည်။
လူထု၏ ဝေဖန်မှု၊ အတိုက်အခံ အင်အားစုများ၏ ဝေဖန်မှုရှုမြင်မှု စသဖြင့်နယ်ပယ်အစုံက ရှုမြင်နေမှုများကို ဝေဖန်ခံရသူများရော လူထုပါသိရန် ဝန်ဆောင်မှု ပေးကြသူများသာ ဖြစ် သည်။

သတင်းမီဒီယာများအား မျက်စိ စပါးမွေးစူးခြင်းသည် မိမိဆီရောက်လာ သည့်ကျောက်ခဲကိုသာ အာရုံစိုက် ရန်လို နေပြီး ကျောက်ခဲပစ်သူနှင့်ကျောက်ခဲ၏ လားရာကို မေ့လျော့နေသည့်သဘောဖြစ် နေသည်။လူထုအသံ၊ လူထု၏ ဝေဖန်ချက်များကိုဆောင်ယူပေးရန်မှာ သတင်း မီဒီယာသမားများ၏ တာဝန်ဖြစ်သည်။
နိုင်ငံ၏ မဏ္ဍိုင် ၃ ရပ်အား အထိန်း အထေပြုလုပ်ရန်မှာ သတင်းမီဒီယာ သမားများ၏ တာဝန်ဖြစ်သည်။

ယင်းသည် ဒီမိုကရေစီ၏ အောက်ဆီ ဂျင် ဖြစ်သည်။ ဝေဖန်ထောက်ပြမှုများသည် ဒီမိုကရေစီ၏ အောက်ဆီဂျင်ဖြစ်သည်။
ဝေဖန်ထောက်ပြမှုများ မရှိတော့ လျှင် ဒီမိုကရေစီသည်လည်း အောက်ဆီ ဂျင် ပြတ်တောက်သေဆုံးသွားမည်ဖြစ် သည်။