ကျောင်းအပ်ချိန် ပုံနှိပ်စာအုပ် ချက်ချင်းထုတ်ပေးမည်

0
471

လာမည့်ကျောင်းဖွင့်ရာသီ ကျောင်း အပ်လက်ခံချိန်တွင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ချက်ချင်းထုတ်ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းအပ်ရာတွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပေးနိုင်ရန်အတွက် ပြီးခဲ့သည့် မတ်လကစကာ မြို့နယ် အသီးသီးကို ဖြန့်ဝေပေးထားပြီး မေလ တွင် အခြေခံပညာကျောင်းများကို ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ပြဋ္ဌာန်းစာအုပ်များ လုံလောက်မှုရှိ စေရန် အခြေခံပညာကျောင်းများ၏ ပြီးခဲ့သည့် ပညာသင်နှစ် စက်တင်ဘာလ ရှိ ကျောင်းသားစာရင်းထက် ၂ ရာခိုင် နှုန်းကို ပိုဖြန့်ပေးထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

“ကျောင်းလာအပ်တာနဲ့ တစ်ခါ တည်း ထုတ်ပေးလိုက်မှာ ဖြစ်တယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
သို့ရာတွင် မူလတန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် ၆ အုပ် အခမဲ့ပေးမည့် အစီအစဉ်မှာမူ ရုံးချုပ်မှဘတ်ဂျက်ချထားပေးမှု နောက် ကျသည့်အတွက် ထုတ်ပေးချိန် နောက် ကျနိုင်ကြောင်း ၎င်းက ပြောသည်။

ွGrade 1 ဖြစ်သည့် ပထမတန်း တွင်မူ သင်ရိုးညွှန်းတမ်းအသစ်ဖြစ်သည့် အတွက် ပြဋ္ဌာန်းစာအုပ်များကို ကျောင်း အပ်ချိန်အမီ မဖြန့်နိုင်သေးသော်လည်း ကျောင်းဖွင့်ချိန်အမီ ဖြန့်နိုင်လိမ့်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆို သည်။

အခြေခံပညာကျောင်းသားများကို မေလ ၂၅ ရက်တွင် စတင်ကာ ကျောင်း အပ်လက်ခံမည်ဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။