ဆိုင်ကယ်ဦးထုပ် မဆောင်းသူ များအား ဆိုင်ကယ်ဦးထုပ် ဆက်ရောင်းမည်

0
498

ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများအား အရေးမယူဘဲ ဆိုင်ကယ်ဦးထုပ်များကို ဝယ်ရင်းဈေးဖြင့် ဆက်ရောင်းမည်ဖြစ်ကြောင်း အမှတ် (၁၁)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) ထံမှ သိရသည်။

သင်္ကြန်ကာလပြီး အချိန်မှ လက်ရှိ အချိန်ထိ ဦးထုပ်အလုံးရေ ၇၇ လုံးကို ဝယ်ရင်းဈေးအတိုင်း ရောင်းပေးခဲ့ပြီး နောက်ထပ် ဦးထုပ် အလုံးရေ ၁၀၀ ကို ထပ်မံမှာ ယူထား ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ဒုတပ်ဖွဲ့ခွဲမှူးက ဆိုသည်။ဆိုင်ကယ်ဦးထုပ် မဆောင်းသူ များကို အရေးယူပါက နစ်နာမှုရှိနိုင်သော ကြောင့် အရေးယူမှုမလုပ်ဘဲ လုံခြုံစိတ်ချ ရသည့် ဦးထုပ်များရောင်းပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
” ဦးထုပ်မဆောင်းတာကို အမှတ်ရ နေအောင် ဦးထုပ်ရောင်းပေးနေတာပါ” ဟု ဒုတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကိုကိုက ဆိုသည်။

ဆိုင်ကယ် ဦးထုပ်မဆောင်းသည့် အတွက် ဖမ်းဆီးခံရချိန်တွင် ဆိုင်ကယ် ဦးထုပ်မဝယ်ပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။” ဒီလိုမျိုး အရေးမယူဘဲ ပညာ ပေးတဲ့အနေနဲ့ ဦးထုပ်ရောင်းတာကိုတော့ ကြိုဆိုပါတယ်၊ ဒါပေမယ့် ပညာပေးမှု တွေကို နည်းလမ်းပေါင်းစုံနဲ့ ထပ်လုပ် ပေးသင့်တယ်” ဟု ထားဝယ်မြို့ ကြက် စားပြင်ရပ်ကွက်နေ အသက် ၂၇ နှစ် အရွယ် သုံးဘီးယာဉ်မောင်းတစ်ဦး ဆိုသည်။

ဆိုင်ကယ်စီးဦးထုပ်များကို ထား ဝယ်မြို့ရှိ ဆိုင်မှတစ်ဆင့် ရန်ကုန်မြို့မှ ၁၁၀၀၀ ကျပ်တန် အမျိုးအစားနှင့် ၁၂၀၀၀ ကျပ်တန် အမျိုးအစား နှစ်မျိုးကို မှာယူရောင်းချပေးလျက်ရှိကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံး (တနင်္သာရီ)ထံမှ သိရသည်။