မြစ်ထဲသို့ အမှိုက်စွန့်ပစ်သူကို စည်ပင်ကော်မတီ ဒဏ်ငွေရိုက်

0
417

မြိတ်မြို့တွင် သက်တမ်းလွန် အချိုရည်ဘူးများကို မြစ်ထဲသို့ စွန့်ပစ် သူအား ဒဏ်ငွေကျပ်သုံးသောင်း ပေး ဆောင်စေခဲ့ကြောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

မြိတ်မြို့၊ ကမ်းနားလမ်း၊ မြစည်းစိမ် ဟိုတယ်အနီးတွင် မေလ ၁၈ ရက်ည ၁၁ နာရီအချိန်ခန့်က သက်တမ်းလွန် အချို ရည်ဗူးများကို ဖွင့်ဖောက် သွန်ချခြင်းမရှိဘဲ မူရင်းပါကင်အလိုက် မြစ်အတွင်း စွန့်ပစ် နေကြာင်း သတင်းအရ စည်ပင်ကော်မတီ မှ သွားရောက်စစ်ဆေးခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

” အမှိုက်စွန့်ပစ်တဲ့သူကို စည်းကမ်း မဲ့ အမှိုက်စွန့်ပစ်မှုနဲ့ ဒဏ်ငွေသုံးသောင်း ရယ် နောက်ထပ်မဖြစ်အောင်လဲ ခံဝန် ကတိ ထိုးခိုင်းခဲ့တယ် ” ဟု ဦးမြတ်ကိုကို က ဆိုသည်။

သက်တမ်းလွန် အချိုရည်ဗူးများကို ဖွင့်ဖောက်ပြီး သွန်ချခြင်းမဟုတ်ဘဲ မူရင်း ပါကင်အတိုင်း မြစ်ထဲပစ်ချသဖြင့် ယင်း အချိုရည်ဗူးများကို မသိ နားမလည် သော ကလေးများ သောက်သုံးမိပါက အန္တရာယ်ဖြစ်စေနိုင်သည်ဟု ၎င်းက ပြောသည်။