လာမည့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ခေါင်းစဉ်ထပ်တိုး

0
432

ခရိုင် ၃ ခုတွင် ဒုတိယအကြိမ် ကျင်းပမည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများတွင် ဆွေးနွေး မည့် ခေါင်းစဉ်တစ်ခု တိုးမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးထံမှ သိရသည်။

ထပ်မံကျင်းပမည့် ဒေသဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးမည့် ခေါင်းစဉ်တစ်ခု တိုးလာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
ယခင်က ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသလျှပ်စစ်နှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံဖြိုး တိုးတက်ရေး စသဖြင့် ဒေသအလိုက် ခေါင်းစဉ်များခွဲကာ ဆွေးနွေး ခဲ့သည်။

ဒုတိယအကြိမ် ဆွေးနွေးပွဲများတွင် ပထမအကြိမ်မှ ခေါင်းစဉ်များအပြင် အထက်ပါ ခေါင်းစဉ်တစ်ခုကို ထပ်တိုး ကာ ဆွေးနွေးမည်ဖြစ်သည်။
ပထမအကြိမ် ဒေသဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ခရိုင်အလိုက် ကျင်းပ ခဲ့သည်။ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ အပေါ်မူတည်ပြီး ခရီးသွားလာရေးကဏ္ဍကဲ့သို့သော ရလဒ်အောင်မြင်ချက်များကို ပြည်သူလူထုထံ တင်ပြမည် ဖြစ်ပြီး နောက်ထပ် တောင်းဆိုချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

” အောင်မြင်တဲ့ဟာတွေနဲ့ ပတ်သက် ပြီး တို့ကချပြမယ်၊ နောက်ပြည်သူတွေ က ဘာတွေထပ်ပြီးတော့ တောင်းဆိုမလဲ၊ ဒါတွေတို့က ပြန်ညှိမယ်၊ ပြန်ညှိပြီးတော့ နောက် ပြန်ပြင်ပေးမယ်” ဟု အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။အလုပ်ရုံဆွေးနွေးပွဲပြီးချိန်တွင် တင်ပြဆွေးနွေးချက်များထဲမှ အကောင် အထည်ဖော်မှု မတွေ့ရဘဲ ဆွေးနွေး ချက်များကို အကြောင်းပြန်ကြားပေးခြင်း လည်း မရှိကြောင်း ပထမအကြိမ် ထား ဝယ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပစဉ်က ခရီးသွားကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးခဲ့သူ ဦးတင်နိုင် က ဆိုသည်။

“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဖြေလျော့ပေးတာမျိုးလည်း တစ်ခုမှ မတွေ့ သေးဘူး” ဟု ဦးတင်နိုင်က ပြောသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများကို မြိတ်မြို့တွင် မေလ ၁၅ ရက်နှင့် ၁၆ ရက်၊ ထားဝယ်မြို့တွင် ဇွန်လအတွင်းနှင့် ကော့သောင်းမြို့တွင် ဇူလိုင်လအတွင်း ကျင်းပရန် မျှော်မှန်း ထားကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။