နိုင်ငံရေးအလုပ်သည် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်

0
476

နိုင်ငံရေးအလုပ်သည်နိုင်ငံသူနိုင်ငံသားများအား ဝန်ဆောင်မှု ပေးခြင်းဖြစ် သည်ဟု နိုင်ငံရေးသမား ဘယ်နှဦးက ခံယူပါသနည်း။ထိုမေးခွန်းကို အခုတလောတစ်ယောက်တည်း မေးနေမိသည်မှာအကြိမ် တစ်သန်းမက။

အခြားကြောင့်မဟုတ်။ နိုင်ငံရေးသမားများ၊ အထူးသဖြင့်အာဏာရနိုင်ငံရေး သမားများက ကယ်တင်ရှင်သဖွယ် နေထိုင်ပြောဆိုပြုမှုကျင့်ကြံနေကြသည်ကိုတွေ့ရသောကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေများ ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ အစိုးရနှင့်တရားစီရင်ရေးမဏ္ဍိုင်ကို အထိန်းအထေပြုခြင်းဖြင့် လူထုအတွက် ဝန်ဆောင်မှု ပေးသည်။

တရားစီရင်ရေးသည်လည်း ဥပဒေချိုးဖောက်မှုများအတွက် မှန်ကန်စွာစီ ရင်ခြင်းဖြင့် လူထုအား ဝန်ဆောင်မှု ပေးသည်။တိုင်းပြည်တစ်ပြည်တွင် စတုတ္ထမြောက်မဏ္ဍိုင်အဖြစ် တင်စားရလောက်အောင် အရေးပါသည့်သတင်းမီဒီယာများသည်လည်း အစိုးရ၊ လွှတ်တော်၊ တရားစီရင် ရေးမဏ္ဍိုင်အား အထိန်းအထေပြုခြင်းနှင့်လူထု၏ နိစ္စဓူဝ ဆုံးဖြတ်ချက်များ အတွက် သတင်းအချက်အလက်များ ဖြန့်ဝေ ဝန်ဆောင်မှု ပေးသည်။

ယာဉ်မောင်းများသည် ခရီးသည်များ လိုရာခရီး ချောမောစွာရောက်ရန်အတွက် ဝန်ဆောင်မှု ပေးသည်။ စည်ပင်သာယာမှ သန့်ရှင်းရေးဝန်ထမ်းများသည် မြို့ရွာစည်ပင်အောင် လုပ်ခြင်းဖြင့် လူထုအား ဝန်ဆောင်မှု ပေးသည်။ ထိုသို့ဖြင့် သက်ဆိုင်ရာနယ်ပယ်လိုက် တာဝန်ထမ်းဆောင်နေကြခြင်းသည် အခြားသူများအား၊ တနည်း စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ အစိုးရများသည့်တိုင်းပြည်အား စီမံခန့်ခွဲခြင်းဖြင့်လူထုအား ဝန်ဆောင်မှု ပေးသည်။
တနည်းပြောရလျှင် လူထုသည်စားသုံးသူဖြစ်ပြီး အစိုးရသည် ဝန်ဆောင် မှုပေးသူ ဖြစ်သည်။

မိမိရှင်သန်ရာနယ်ပယ်နှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်ခံယူတတ်ရန် အင်မတန်အရေးကြီး သည်။ သို့မှသာလျှင် မှန်ကန်သည့်ပြုမူပြောဆိုမှု၊ တုန့်ပြန်မှု၊ ဆုံးဖြတ်ချက်ချမှု များကိုပြုနိုင် ဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦးက ကယ်တင်ရှင်တစ်ဦးကဲ့သို့ ပြုမူပြောဆိုနေထိုင် နေပြီဆိုလျှင် လမ်းမှားသို့ ဦးတည်နေပြီ ဖြစ်သည်။

နိုင်ငံရေးအလုပ်သည်လူထုအား ကယ်တင်ခြင်းမဟုတ်။
ဝန်ဆောင်မှုပေးခြင်းသာ ဖြစ်သည်။