ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတုန်းက စာစောင်တစ်ခုမှာ တွေ့ရတယ်။ ကျေးရွာ တွေ ရပ်ကွက်တွေမှာ စာကြည့်တိုက်တွေ ဘယ်လောက် ဘယ်လောက်ရှိနေပြီ ဆိုတာမျိုးပေါ့။ အရေအတွက်အရတော့ အားရစရာ။
ခက်တာက ကျေးရွာစာကြည့်တိုက် အများစုကတော့ ဖွင့်ရက်မရှိ ပိတ်ထားတာ များတယ်။ အားလုံးနီးပါးဟာ စာကြည့် တိုက် အင်္ဂါရပ်နဲ့ လျော်ကန်သင့်မြတ် တာဆိုလို့ မတွေ့မမြင်ဖူးပါဘူး။ စာကြည့် တိုက်တွေက ကလေးတွေကို မဆွဲဆောင် နိုင်သလို လူကြီး လူငယ်တွေ ကိုလည်း မဆွဲဆောင်နိုင်ခဲ့ဘူး။
ကျွန်တော်အမြဲပြောနေကျ စကား တစ်ခွန်းက” ရွာတစ်ရွာရဲ့ လူမှုစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုကို သိချင်ရင် အဲဒီရွာရဲ့ စာကြည့်တိုက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်” ဆိုတာပါ။
ကျေးရွာတွေမှာရှိကြတဲ့ တချို့ စာကြည့်တိုက်တွေကNon-Govern-ment Organization (NGO) အဖွဲ့ အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ရပ်ရွာအကျိုး တော်ဆောင်အဖွဲ့တွေက စုပေါင်းပြီး တည်ဆောက်ထားကြတယ်။ တချို့ ကျေးရွာတွေမှာကျတော့ ပြန်ကြား ရေးဝန်ကြီးဌာနကပေးတဲ့ မတည်ငွေ နည်းနည်းနဲ့ ရွာသူရွာသားတွေ လှူဒါန်း ငွေတွေ စုပေါင်းပြီး တည်ထောင်ထား ကြတယ်လို့သိရတယ်။
အဲဒါကို အစိုးရလုပ်သူတွေက ကျေး ရွာ ရပ်ကွက်တွေမှာ စာကြည့်တိုက်တွေ ရှိနေပြီလို့ ကြွားဝါခဲ့ကြတယ်။ ဒါပေမဲ့ စာကြည့်တိုက်တွေက ဘယ်လိုမျိုးလဲ၊ ဘာတွေဖြစ်နေကြသလဲ စာဖတ်သူကလေး ဦးရေက ဘယ်လောက်ရှိနေပြီသလဲဆိုတာမျိုးတော့ သူတို့ မသိချင်ဟန်ဆောင် တတ်ကြတယ်လေ။
ရွာရှင်နတ်အိမ် သာသာလောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စာဖတ်ခန်းမရှိ ဖုန်ကပ်နေတဲ့ စာအုပ် အဟောင်း အနည်းငယ်သာရှိမှတော့ တိတ်ဆိတ် ခြောက်ကပ်နေမှာပေါ့ဗျာ။ စာ ကောင်း ပေကောင်း မပြောနဲ့ နေ့စဉ် သတင်းစာတို့၊ အပတ်စဉ်ဂျာနယ်တို့ တောင် မရှိကြဘူး။ ဘယ်ရှိမလဲဗျာ။ အစိုးရက စာကြည့်တိုက်တွေအတွက် ဘာတစ်ခုမှ မည်မည်ရရ မထောက်ပံ့ ပေး ခဲ့တာကိုး။
ပြောတော့ တိုင်းပြည်ဆင်းရဲလို့တဲ့။ တိုင်းပြည်မှာ ဘတ်ဂျက်မလုံလောက်လို့ တဲ့။အဲလိုအဖြစ်အပျက်တွေအပေါ် ဒေသ ရဲ့ ဝန်ကြီး၊ အမတ်ကြီးတို့က ပါးစပ် လည်းပိတ် မျက်စိလည်းမှိတ်ပေါ့။ရောက်ဖူးတဲ့ စာကြည့်တိုက်တော်တော်များများထဲမှာတော့ ရန်ကုန်က Burma Study Council (BSC) ကို သဘောကျဆုံးပါပဲ။ ပြင်ဆင်ထားတာ တွေကလည်း စာဖတ်သူတွေကို ဆွဲ ဆောင်မှု ရှိတယ်။ American Centre က စာကြည့်တိုက်ကတော့ဖြင့် အင်္ဂလိပ် စာအုပ်တွေ စုံပေမယ့် လုံခြုံရေး အင်မ တန်တင်းကြပ်လို့ တခါတခါ စိတ်ပျက်ရ တယ်။
တက္ကသိုလ် စာကြည့်တိုက်တွေ တော်တော်များများက စာဖတ်ခန်းတွေ ကောင်းကြပါတယ်။ ဒါပေမယ့် စာအုပ် စင်တွေဆီ ကျောင်းသားတွေဝင်မှာစိုးလို့ ” အပြင်လူမဝင်ရ” လို့တောင် စာတန်း ကြီးတွေ ချိတ်ဆွဲထားကြတာ တွေ့ရ တယ်။ စာအုပ်ငှားချင်ရင် စာအုပ်အမည်နဲ့ စာရေးဆရာအမည်ပြောပြီး ငှားရတယ်။ စာအုပ်စင်ကို မော့ကြည့်ပြီး ကိုယ်တိုင် ကိုယ်ကျ စာအုပ်ရွေးရှာရတာကို နှစ်သက် သူတွေအတွက်တော့ အဆင်မပြေဖြစ် ရတာပေါ့။
အချို့တက္ကသိုလ်စာကြည့်တိုက် တွေတော့ဖြင့် စာအုပ်တွေလည်း မစုံ စာဖတ်ခန်းလည်း မရှိကြပါဘူး။ အထူး သဖြင့်တော့ နည်းပညာတက္ကသိုလ်တွေမှာ ဖြစ်မယ်ထင်တယ်။ ကျွန်တော်ခဏခဏ ရောက်ခဲ့ဖူးတဲ့ ထားဝယ်နည်းပညာ တက္ကသိုလ်စာကြည့်တိုက်ကတော့ အဲလို ပါပဲ။ ပြီးတော့ ထားဝယ်မြို့ပေါ်က စာ ကြည့်တိုက် ၅ ခုလောက်မှာ စာအုပ် ငှားဖူးတယ်။ စာအုပ်လည်း ထိုင်ဖတ် ဖူး တယ်။ အမှန်တိုင်း ပြောရရင် စာကြည့် တိုက်တွေက သိပ်တော့ ပုံစံမကျပါဘူး။ အားလုံးမှာ သီးသန့်စာ ဖတ်ခန်းမျိုး မရှိ ကြတာကို တွေ့ရတယ်။
ထားဝယ်” ပြန်။ဆက် စာကြည့် တိုက်” နဲ့ အလုံမြို့နယ်(ရန်ကုန်) ပြန်။ဆက်စာကြည့်တိုက်တွေမှာ စာထိုင် ဖတ်ဖူးပါတယ်။ စာအုပ်တွေတော့ မဆိုး ပါဘူး။ တော်တော်များများ ရှိပါတယ်။ ထားဝယ် ပြန်။ဆက်မှာတော့ စာအုပ် တစ်သောင်းကျော်လောက် ရှိတယ်လို့ ဆိုတယ်။ စာကြည့်တိုက် ဝန်ထမ်းတွေ ကတော့ ဖော်ဖော်ရွေရွေပါပဲ။ ပြောရဆိုရ တာ အဆင်ပြေတယ်။
ခက်တာက ” ဆူညံခြင်း သည်းခံပါ” ဆိုတဲ့စာတန်းကြီးအောက်မှာ စာထိုင် ဖတ်နေပေမယ့် အော်ကြီးဟစ်ကျယ် အာလူးကြသူတွေ ရှိနေတာရယ်ပါ။ ပြီး တော့ ကလေးကငိုလိုက် သီချင်းဖွင့်သူက ဖွင့်လိုက်နဲ့ပါပဲ။ စာထိုင်ဖတ်ဖို့ဆိုတာ တော့ လုံးဝကို အဆင်မပြေတဲ့နေရာ တစ်ခုလို့ ဆိုရမှာပေါ့လေ။ ဒီတော့ စာကြည့်တိုက်က စာကြည့်မယ့်နေရာ ကောင်းကောင်းမရှိတဲ့အခါ စာကြည့် တိုက်မမည်ဘဲ အခမဲ့စာအုပ်ငှားဌာနလိုလို ဖြစ်တော့တာပဲ။
Dawei Millennium Centre (DMC) အင်္ဂလိပ် – မြန်မာ စာကြည့် တိုက်မှာတော့ စာအုပ်တွေကို စာရေးဆရာ အမည်တွေအလိုက် စနစ်တကျ သပ်သပ် ရပ်ရပ်စီတန်းထားတာတွေ့ရတယ်။ စာအုပ် တွေလည်း များပါတယ်။ စာဖတ်ခန်းဆို တာမျိုးတော့ သီးသန့်မရှိသေးပါဘူး။ ကျွန်တော် အမြဲတမ်းလိုလိုသွား ဖြစ်တာကတော့ ထားဝယ်ရွှေဝယ်သီရိ အားကစားကွင်းက ပညာဗိမာန် ရွှေဝယ် သီရိ စာကြည့်တိုက်ပါ။ စာကြည့်တိုက် က သန့်သန့်ရပ်ရပ်။ အပြင်ကနေ ကြည့် လိုက်တာနဲ့ ဝင်ချင်စဖွယ်။ ဒါပေမဲ့ အခြား စာကြည့်တိုက်တွေအတိုင်း သူ့မှလည်း စာဖတ်ခန်းသီးခြားမရှိ။ စာအုပ်တွေက လည်း ဗြောက်သောက်စီထားတော့ ရှာရ ဖွေရခက်တယ်။ ပိုဆိုးတာက သူတကာ စာဖတ်နေတဲ့အချိန်မှာ ကြီးကြီးကျယ် ကျယ် ဆူကာညံလား လေတထွားထွား လုပ်ကြသူတွေ ပေါတာပါပဲ။
တချို့လူကြီးတွေဆို ဆယ်အိမ် ကြား ကိုးအိမ်ကြား ကိုယ်ရည်သွေးနေ ကြတာ စာဖတ်နေသူတွေကိုတောင် တစ်ချက်မှ မငဲ့ကွက်ကြဘူး။ တချို့ ကလည်း သီချင်းကို အသံကျယ်ကြီး ဖွင့် လိုဖွင့်။ ဪ…စာကြည့်တိုက်ကိုလာပြီး ကလေးတွေလောက် အသိတရား မရှိပါ လားလို့ တွေးမိတယ်။ တချို့တက္ကသိုလ် ကျောင်းသားကြီးတွေဆိုလည်း ကွန်ပျူ တာခန်းထဲမှာ လေတလုံး မိုးတလုံးနဲ့ အော်ပြောနေကြတာ ကျောတောင်ချမ်း လို့။
ခဏခဏ ကြုံတွေ့ခဲ့ရတာက ကလေး တွေအပေါ် ခွဲခြားဆက်ဆံနေကြတာ တွေပါ။ တစ်ခါလည်း ကျောင်းသားကြီး တစ်ယောက်က စာကြည့်တိုက် ကွန်ပျူ တာအခန်းထဲ ကလေးတွေ ကွန်ပျူတာဝင်သုံးမှာစိုးလို့ဆိုပြီး အခန်းတံခါးကို လော့ချထား လေရဲ့။ မအောင့်နိုင်တော့လို့ အဲဒီတက္က သိုလ်ကျောင်းသားရှေ့မှာ ကလေးတွေကို ပြောလိုက်တယ်။ ” ငါ့ညီ…တချို့လူတွေက အဲလိုပဲ ကိုယ် ကောင်း ဆန်တတ်ကြတယ်” လို့လေ။ ရှင်းရှင်းလေးရယ်ဗျာ။ ကလေးတွေ ကွန်ပျူတာမကိုင် တတ်သေးလို့ ပျက် သွားမှာစိုးတယ်ဆိုရင် ကလေးတွေ အတွက် ကွန်ပျူတာ သင်တန်းလေးပါ တွဲဖွင့် ပေးလိုက်ပေါ့။
တချို့ကလည်း စာကြည့်တိုက်တွေ ကို အလွဲနည်း သုံးကြတယ်။ စာကြည့် တိုက်မှူးတွေရဲ့ ပြောစကားအရဆို သမီးရည်းစား တွေလည်း အခန်းတံခါးကို လော့ချပြီး ချိန်းတွေ့တာရှိတယ်တဲ့လေ။ တချို့သော တချို့သော ကလေးတွေ စာဖတ်ခြင်းအပေါ် ဝါသနာထုံကြတာ တွေ့ရတော့ ကျေနပ်အားရမိတယ်။ ဒါပေမဲ့ ကျောင်းနေရွယ် ကလေးတွေကို မိဘလုပ်သူ တော်တော်များများက စာဖတ်ခြင်းကို အားမပေးကြသေးတာက ခက်တယ်။ သူတို့ရဲ့ အကြောင်းပြချက်က အပြင် စာအုပ်တွေဖတ်များလာရင် သူတို့သား သမီးတွေ ကျောင်းသင်ခန်းစာတွေ အပေါ် စိတ်ဝင်စားမှု အားနည်းသွားမှာ စိုးလို့ တဲ့လေ။ အဲဒီမိဘတွေထဲမှာ ကျွန်တော့် အမေအဖေလည်း ပါဝင်ပါတယ်။
ငယ်ငယ်ကဆို အဖေမသိအောင် ညီမလေးနဲ့အတူ ဝတ္ထုခိုးခိုးဖတ်ခဲ့ရတာ ပေါ့ဗျာ။ တကယ်တော့ ဘယ်အရွယ် မှာပဲဖြစ်ဖြစ် စာဖတ်ခြင်းကို တားဆီး ပိတ်ပင်ခဲ့တာဟာ သိပ်ကိုမှားယွင်းတဲ့ အလုပ်ရပ်တွေပါပဲ။ကျွန်တော်တို့ လိုချင်တောင့်တနေတဲ့ လူ့အဖွဲ့အစည်းဆိုတာ စက်ရုပ်တွေလို လူသားအဖွဲ့အစည်း တစ်ခုမှ မဟုတ်ပဲ။ တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ အသိပညာ ဗဟုသုတတွေရယ်၊ လူကိုလူလို့မြင်ပြီး လူသားအချင်းချင်ကိုယ်ချင်းစာနာစိတ် ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။
စာပေဟောပြောပွဲတစ်ခုမှာ ဆရာမ မသီတာ(စမ်းချောင်း)က ပြောဖူးတယ်။ ကျောင်းသားတွေဟာ ဘာအတွေးအခေါ် မှမလို ဘာစာအုပ်စာပေမှ ဖတ်စရာမလိုဘဲ ကျောင်းသင်ခန်းစာတွေဖတ်ရုံနဲ့ အတန်း တက်လို့ရနေမှတော့စာဖတ်ဖို့ တိုက် တွန်းနေလည်း အလကားပါပဲ ဆိုသလို မျိုးပါ။
ဟုတ်တယ် စာဘယ်ဖတ်ကြမလဲ။ စာဖတ်နေရင် ကျောင်းသားတွေက စာမေးပွဲကျမှာကိုး။
ဒီတော့အစိုးရကို တောင်းဆိုချင် တယ်။
ကျောင်းသားတွေကို စာဖတ် စေချင်ရင် စာအုပ်စာပေတွေ ရှာဖတ်မှ အတန်းတက်လို့ ရတယ်ဆိုတဲ့ ပညာရေး စနစ်မျိုးကို ဖန်တီးပေးကြပါ။
ကမ္ဘာ့အဆင့်မြင့်ပညာရေးကို အသုံးပြုနေကြတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ စာဖတ်ဆုံးနိုင်ငံ စာရင်းဝင်တွေပဲဖြစ် တယ်။ ဒီတော့ကမ္ဘာ့အဆင့်နိမ့်ဆုံး ပညာ ရေးစနစ်မျိုးကို ကျင့်သုံးနေတဲ့ မြန်မာ နိုင်ငံဟာ ကမ္ဘာ့စာဖတ်အနည်းဆုံး နိုင်ငံ တွေရဲ့စာရင်းထဲမှာ ရှိမှာပေါ့။
ကျောင်းသားလူငယ်ကအစ လူ တိုင်းစာဖတ်ဖို့ဆို လူတွေနဲ့ အနီးဆုံးမှာ စာကြည့်တိုက်တွေ ရှိနေဖို့၊ ရှိနေတဲ့ စာကြည့်တိုက်တွေ ရှင်သန်လန်းဆန်း နေဖို့ လိုပါလိမ့်မယ်။ စာကြည့်တိုက် တွေက အနာဂါတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကြီးတွေ၊ ပညာတတ်ကြီး တွေ မွေးထုတ်ပေးနိုင်တယ်ဆိုတာ ဘယ်သူငြင်းနိုင်မှာလဲ။
စာကြည့်တိုက်ဆိုတာ ပညာတွေ စုထားတဲ့ ဘဏ်တိုက်ကြီးလေ..။ခုလက်ရှိ ကျွန်တော် မွှေနှောက်ခဲ့မိသမျှ ပညာဘဏ် တိုက်တွေကတော့..။