ဟိန္ဒား သတ္တုတွင်း ဆိုးကျိုးအကြောင်းရေးသူ ထိုင်းသတင်းထောက် တရားစွဲခံရ

0
603

ထားဝယ်ဒေသရှိ ထိုင်းသတ္တုတွင်း တစ်ခုကြောင့် ဒေသခံများအားထား နေသော ရေအရင်းအမြစ်များ ဆုံးရှုံးနေရ မှုအကြောင်းသတင်းရေးသားသူ ထိုင်း သတင်းထောက်တစ်ဦးကို သတ္တုတွင်း ကုမ္ပဏီက တရားစွဲဆိုလိုက်သည်။

” ထိုင်းသတ္တုတွင်းက မြန်မာ့ ရေ အရင်းအမြစ်များကို ဖျက်ဆီးနေသည်” ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာ ဖြင့် ဖော်ပြသော The Nation သတင်း ဌာန အင်တာနက်စာမျက်နှာတွင် မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် သတင်း ဖော်ပြခဲ့ ပြီးနောက် သတင်းဌာနနှင့် သတင်း ထောက်ကို မြန်မာပွန်ပီပက် ကုမ္ပဏီက ထိုင်းနိုင်ငံတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဟိန္ဒားသတ္တုတွင်း တည်ရှိရာ မြောင်းပြိုကျေးရွာတွင် ဒေသခံရွာသူ ရွာသားများ ခံစားနေရမှုသည် ၎င်း ယခုတရားစွဲခံရမှုထက်များစွာ ခက်ခဲ ဆိုးရွားကြောင်း မြောင်းပြိုရွာသို့ သွား ရောက်သတင်းယူခဲ့သူ The Nation သတင်းထောက် ပရာ့ခ်ျရူဂျီဗန်နာရွန်က Dawei Watch သို့ ပြောကြားသည်။
” ဒီလို တရားစွဲခံရလို့ ဒေသခံ ရွာသားတွေ ခံစားနေရတဲ့ အကြောင်း ပိုမီးမောင်းထိုးပြသလို ဖြစ်လာမယ်၊ အဲဒီကနေလူပိုသိလာပြီးတော့ နောက် ဆုံးမှာ ရွာသားတွေရဲ့ ပြဿနာကို ဖြေ ရှင်းနိုင်တဲ့ အထိ ဖြစ်သွားမယ် ထင် တယ်” ဟု ပရာ့ခ်ျက ပြောသည်။

ဟိန္ဒားသတ္တုတွင်းကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာပွန်ပီပက် ကုမ္ပဏီက ထားဝယ်ဒေသ မေတ္တာမြို့အနီး ဟိန္ဒား ဧရိယာတွင် ၁၉၉၉ ခုနှစ်က စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက် စေခြင်း၊ ယင်းသည် လုပ်ငန်းရပ်ဆိုင်း သည်အထိ ဖြစ်နိုင်စေခြင်းတို့ကြောင့် ဟုဆိုကာ သတင်းထောက် ပရာ့ခ်ျနှင့် The Nation သတင်းဌာနကို ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ ခု၊ ကွန်ပျူတာ ပြစ်မှုဆိုင်ရာ ပုဒ်မတို့ဖြင့် တရားစွဲဆို ထားခြင်း ဖြစ်သည်။

” ဟိန္ဒားအကြောင်း ကျွန်တော့ သတင်းတင်ဆက်မှုဟာ အမှန်တရား အပေါ်မှာ အခြေခံတဲ့အတွက် တရားစွဲ တာနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါဘူး” ဟု ပရာ့ခ်ျက ပြောသည်။ တရားရုံးတွင် ပဏာမစစ်ဆေးချက် ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ် မည်ဖြစ်သည်။ ဟိန္ဒားသတ္တုတွင်းကြောင့် ထိခိုက် ခံစားရမှုများနှင့် ပတ်သက်၍လည်း ဒေသခံများက မြန်မာ့သတ္တုတွင်း လုပ်ငန်း နှင့် မြန်မာပွန်ပီပက် ကုမ္ပဏီကို တရား စွဲဆိုထားပြီး ယခုအခါ ပြည်ထောင်စု တရားရုံးချုပ်သို့ အယူခံတင် ထားသည်။

ထားဝယ်ဒေသ၊ မြောင်းပြိုကျေးရွာ သို့ ကိုယ်တိုင်သတင်းယူပြီး ဒေသခံများ ခံစားနေရမှုကို တင်ဆက်ခဲ့သော ပရာ့ခ်ျ ထံ ဒေသခံရွာသားများကလည်း ” ဝမ်း နည်းခြင်းများစွာနှင့် ဂုဏ်ယူကြောင်း” စာတစ်စောင်ပေးပို့ခဲ့သည်။

နောက်ဆုံးတွင် တရားမျှတမှုကသာ အနိုင်ရယူသွားမည်ဟု မြောင်းပြိုရွာ သားများက ယုံကြည်ပါကြောင်း ယင်း စာတွင် ဖော်ပြထားသည်။
ယင်းကျေးရွာတွင် ၁၉၉၉ ခုနှစ် တွင် ကုမ္ပဏီမှ သတ္တုတွင်းတည်ဆောက် လာပြီးနောက်ပိုင်းမှစ၍ ချောင်းမြောင်း များ တိမ်ကောကာ ခြံများပျက်စီးခြင်း၊ နှုန်းစစ်ကန်ပြိုကျမှုကြောင့် ကျေးရွာ အတွင်း နှုန်းအနည်များ ဝင်ရောက်လာ ခြင်းစသည့် ဆိုးရွားသော ထိခိုက်မှုများ ရှိခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်း လူ့အခွင့်အရေး ကော်မရှင်သို့လည်း တင်ပြထားပြီး ကော်မရှင်က ဖေဖော် ဝါရီလကုန်တွင် ကျေးရွာသို့ လာရောက် စစ်ဆေးခဲ့သည်။