ဆိပ်ကမ်းသာလမ်း ပိတ်ဆို့မှု မပြေလည်သေးသည့်ကိစ္စ မြို့ခံများ ဝေဖန်

0
650

ကော့သောင်းမြို့ ဆိပ်ကမ်းသာ လမ်းပိတ်ဆို့မှုအား ဖြေရှင်းမပေးနိုင်ဟု မြို့ခံများက ဝေဖန်လျက် ရှိသည်။ မြို့မဆိပ်ခံဘောတံတားမှ ရှင်ကြီး မော်နတ်နန်းသို့ သွားသည့် ကမ်းနား လမ်းတစ်လျှောက် နံနက်ပိုင်းတွင် ယာဉ် ကြောများပိတ်ဆို့မှု နေ့စဉ်ကြုံရလေ့ ရှိ သည်ဟု နေ့စဉ်သွားလာနေသည့် ဈေး ဝယ်သူများက ဝေဖန်လျက်ရှိသည်။

“ဈေးဝယ်ချိန်ဆို အဲ့ဒီဘက်ကနေ ဆိုင်ကယ်နဲ့သွားမိရင် တော်ရုံနဲ့မရောက် တော့ဘူး၊ ရှမ်းကမ်း(ရနောင်း) သွားမယ့် သူတွေ ပျံကျလမ်းဘေး ဈေးဆိုင်တွေ ဘတ်လဲဆိုင်တွေနဲ့ ကားတွေ အမြဲပိတ် တယ်၊ ဘေးတွဲ ဆိုင်ကယ်တွေကလည်း ရပ်ချင်သလို ရပ်ဆိုတော့ လမ်းပိတ်ကုန် ရော” ဟု နေ့စဉ် ဖြတ်သန်းသွားလာနေ သည့် ရွှေဇင်ယော်ရပ်ကွက်မှ ကိုလွင်ဦး က ပြောသည်။ ကော့သောင်းမြို့နယ် စည်ပင်သာ ယာရေး ကော်မတီဝင် ဦးမျိုးမင်းကမူ ဧပြီ၊ မေ၊ ဇွန် ၃ လအတွင်း ဆိပ် ကမ်းသာလမ်းကို ၅ ပေစီချဲ့ရန် ရန်ပုံငွေ ကျထားပြီး စတင် အကောင်အထည် ဖော်နေပြီဟု ရှင်းပြသည်။

” ဒါတွေပြီးရင် ဈေးဘက်ခြမ်းက လမ်းဘေးဆိုင်တွေ အားလုံးကို ကမ်း နားဘက်တစ်ခြမ်းကပ်ခိုင်းဖို့ ဆိုင်တွေနဲ့ လဲ လက်မှတ်ထိုး သဘောတူချက် ရယူ ထားပါတယ်၊ ပြီးရင် နှစ်လမ်းမောင်း ဖြစ်အောင် စီစဉ်ထားပါတယ်၊ ဘေးတွဲ တွေ ဘတ်လဲဆိုင်တွေ ပျံကျဈေးဆိုင်တွေ အားလုံးကို အကန့်လေးတစ်ခု သတ်မှတ် ပေးပြီး အဲဒီဧရိယာထဲမှာပဲ ဖွင့်ခွင့်၊ ရပ်နား ခွင့်ပေးသွားမှာဖြစ်တယ်” ဟု ဦးမျိုးမင်း က ရှင်းပြသည်။အဆိုပါကမ်းနားလမ်း တစ်လျှောက် ဆိုင်ခန်းများသည် နေ့စဉ် ဈေးကောက် ယူစနစ်ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။ဆိုင်ခန်းပေါင်း၁၀၀ နီးပါးခန့် ရှိကာ မြို့နယ်စည်ပင်အနေဖြင့် လမ်း ပိတ်ဆို့မှုမဖြစ်အောင် ဆိုင်ခန်းများနှင့် မကြာခဏဖြေရှင်းပေးနေသော်လည်း လမ်းများ ပိတ်ဆို့ဆဲဖြစ်သည်။

ထို့အပြင် ယာဉ်စည်းကမ်းထိန်း သိမ်းရေးအတွက် ယာဉ်ထိန်းများ အနေ ဖြင့်လည်းထိရောက်စွာ ဖြေရှင်းပေးနိုင် ခြင်း မရှိသေးကြောင်း သိရသည်။