ရွှေနန်းထက်မှာ ထားချင်တယ် ဒါပေမယ့်

0
532

အပတ်စဉ် တနင်္လာနေ့တိုင်း အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာတတ်သော တနင်္သာရီဂျာနယ်ကို အချိန်ပေးပြီး ဂရုတစိုက် ဖတ်ဖြစ်ပါ သည်။ အကြောင်းမှာ ၎င်းဂျာနယ်သည် ဒေသတွင်း သတင်းများကို ဦးစားပေး ဖော်ပြသောကြောင့် ဖြစ်ပါသည်။ ယနေ့ ကျွန်တော်တို့ မျက်မှောက် ပြုနေရသော ခေတ်သည် သတင်းခေတ်မို့ အနိမ့်ဆုံး ကိုယ့်ဒေသတွင်း သတင်းများကို လိုအပ် ချက် တစ်ခုအနေနှင့် သိကို သိထားသင့် သည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

၂၀၁၇၊ ဧပြီလ ၂၄ ရက်ထုတ် တနင်္သာရီဂျာနယ်၊ အတွဲ-၄၊ အမှတ် ၃၉ တွင် သတင်းထူး နှစ်ပုဒ် ပါလာပါသည်။ တစ်ပုဒ်မှာ” တနင်္သာရီ လွှတ်တော် ကိုယ် စားလှယ် ရွာသားကို နားရင်းအုပ်မှုကို NLD စုံစမ်း စစ်ဆေးမည်” ဟူသော သတင်းဖြစ်ပါသည်။ ထိုသတင်းသည် တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်ခဲ့ရ ပြီး ဂျာနယ် ဖောင်ပိတ်ချိန် အမီ သတင်း မပို့နိုင် သောကြောင့်လား မသိ၊ အချပ်ပို ထည့်သွင်းပေး ခဲ့လေသည်။ ဂျာနယ် လောက အသုံးအနှုန်းနှင့် ပြောရလျှင် စက်ရပ်သတင်း တစ်ပုဒ် ဖြစ်ပါသည်။ ယခု နောက်ဆုံးကြားသိရသော သတင်း များအရတနင်္သာရီလွှတ်တော် ကိုယ်စား လှယ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာ ရှင်း လင်းပွဲ၌ လွှတ်တော် ကိုယ်စားလှယ်နှင့် နားရင်းအုပ်ခံရသော ရွာသားပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါသည်။ ဘာပဲဖြစ်ဖြစ် ပဋိပက္ခတစ်ခုကို စားပွဲဝိုင်း ပေါ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်းမှာ နိုင်ငံရေးသမား တစ်ဦးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုမို့ တနင်္သာရီ လွှတ် တော် ကိုယ်စားလှယ်ကို ကျိတ်၍ ချီး ကျူးမိပါသည်။ တစ်လက်စတည်းပင် တနင်္သာရီလွှတ်တော် ကိုယ်စားလှယ်၏ ခဲတံမတိုခင် ခဲဖျက် မကုန်ပါစေနှင့်ဟု ဆုတောင်းပေးနေမိပါသည်။

နောက်ထပ် သတင်းထူး တစ်ပုဒ်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်၏ စကားကို စာလုံးမည်း ကြီးများဖြင့် ဖော်ပြထားသော မျက်နှာဖုံးသတင်းဖြစ်ပါသည်။ သတင်း ဆိုတာထက် သတင်းဆောင်းပါးဟု သုံး နှုန်းပါက ပိုသင့်တော်မည် ထင်ပါသည်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်က ” ကျွန်မ တို့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ကတော့ အစိုးရ မလုပ်တတ်ပါဘူး” ဟု ပြောကြား ခဲ့ပါသည်။ ထိုသတင်းကို ဖတ်ပြီး ကိုယ့် အားနည်းချက်ကို ကိုယ်မြင်တတ်သော၊ နှိမ့်ချ ပြောဆိုတတ်သော ဝန်ကြီးချုပ် တစ်ပါးဟု ချီးကျူးရမလား၊ ဒါမှမဟုတ် စကားကို အနှောင့်အသွားမလွတ် ပြောတတ်လေခြင်းဟု ဝေဖန် ရမလားဟု မဝေခွဲ တတ်လောက်အောင်ပင်။
” နိဝါတောစ” မိမိကိုယ်ကို နှိမ့်ချ ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့ ဖူးပါသည်။

မာန်မာန ကင်းစွာဖြင့် မိမိကိုယ်ကို နှိမ့်ချ နေထိုင်သူသည် ” နိဝါတ ” မင်္ဂလာဖြင့် ပြည့်စုံသူဖြစ်ပြီး အကြင်ပုဂ္ဂိုလ်သည် ” ဒုဂ္ဂတိ” သို့ မလားနိုင်ဟု ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့ဖူးကြောင်း မှတ်သားခဲ့ရ ဖူးပါသည်။ ကျွန်တော်တို့ လူသားများ သည် ကိလေသာ မကင်းနိုင်သော ပုထု ဇဉ်များ ပီပီ မာန်မာန ရှိသင့်သလောက် ရှိကြပါသည်။ သူတောင်းစား မှာ လည်း သူတောင်းစား မာန ရှိသလို နိုင်ငံတော် သမ္မတမှာလည်း နိုင်ငံတော် သမ္မတနှင့် ညီသော မာန ရှိပေလိမ့်မည်။ ဆည်းပူးခဲ့ ဖူးသော ပညာ၊ ကျင်လည်ရသော အ သိုင်းအဝိုင်း၊ အတိတ်ဘ၀က ဖြည့်ဆည်း ခဲ့သော ပါရမီနှင့် နှလုံးသွင်းခဲ့သော တရားဒေသနာ အပေါ်မှာ မူတည်ပြီး မာန်မာန အထူအပါးကွာ ပေလိမ့်မည်။

ယခု ဝန်ကြီးချုပ်က မိမိအားနည်းချက်ကို မီဒီယာမှ တစ်ဆင့် တိုင်းသိပြည်သိ ထုတ်ဖော် ပြောဆိုခဲ့သောကြောင့် မာန် မာန ကင်းသူ၊ နိဝါတ တရားနှင့် ပြည့်စုံ သူဟု ချီးကျူးချင်ပါသည်။ သို့သော်” ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့” ဟူသော အသုံးအနှုန်းကြောင့် ချီးကျူး ချင်စိတ်ကို အသာဘရိတ်အုပ် လိုက်ရပါ သည်။ ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ဟူသော အသုံးအနှုန်းအရ တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အကြီးအမှူး ဖြစ်သော ဝန်ကြီးချုပ်အပါအဝင် ကျန် ဝန်ကြီးအားလုံးမှာ အစိုးရတစ်ရပ်၏ လုပ်ငန်း ဆောင်တာများကို အဆင်ပြေ ချောမွေ့အောင် လုပ်ကိုင်နိုင်စွမ်း မရှိဟု ဝန်ခံရာ ရောက်ပါသည်။ တကယ်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စွမ်း ဆောင်ရည် နိမ့်ကျနေသောကြောင့် ဝန်ကြီးချုပ် အနေနှင့် အားမလိုအားမရ ပြောကြားခြင်း ဆိုစေဦးတော့ မိမိစကား နောက်ကွယ်မှ ရိုက်ခတ်လာမည့် ဂယက် ကို သတိပြုသင့်ပါသည်။

ရှည်လျားလှသော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည် ငဲ့စောင်း ကြည့်ပါက အနော်ရထာမင်း နန်းတက် ချိန်(၁၀၄၄)မှ သီပေါမင်း ပါလွန်တော် မူချိန် (၁၈၈၅)အထိ နှစ်ပေါင်း ရှစ်ရာ ကျော် ပဒေသရာဇ်စနစ်ကို ကျင့်သုံး ခဲ့ပါသည်။ ပဒေသရာဇ် စနစ်မည်သည် အကြွင်းမဲ့အာဏာသည် ဘုရင် တစ်ဦး တည်း လက်ထဲမှာသာ ရှိသောကြောင့် ရှင်ဘုရင်၏ နှုတ်ထွက်စကား မှန်သမျှ ဥပဒေ ဖြစ်ခဲ့ပါသည်။ ဘုရင့်စကား မှားမှားမှန်မှန် မည်သူမှ မဝေဖန်၊ မကန့် ကွက် ရဲသလို မည်သူမှ ဘုရင် ရွှေစိတ် တော် ငြိုငြင်အောင် မပြုလုပ်ရဲကြပေ။ အကယ်၍ ပြုမိပါက တောင်စွယ်မှာ နေမကွယ်ခင် အသက်နှင့် ခန္ဓာ အိုးစားကွဲ ရမှာဖြစ်သလို ကံကောင်း ထောက်မလွန်း ပါက အမတ်ကြီး ရာဇသင်္ကြန်နှင့် လက်ဝဲ သုန္ဒရ အမတ်ကြီးလို နယ်နှင်ဒဏ် ခံရ ဖွယ် ရှိပါသည်။ ထိုသို့ တစ်သွေး တစ်သံ တစ်မိန့်စနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ် ချုပ် ခံခဲ့ရသောကြောင့် မြန်မာလူမျိုး များသည် စိတ်အချဉ် ပေါက် ပေါက်နှင့် မင်းကိုရန်သူမျိုးငါးပါးတွင် တစ်ပါး အဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ခြင်း ဖြစ် ကောင်း ဖြစ်နိုင်ပါသည်။

ဆက်လက်ပြီး သီပေါမင်း ပါလွန် တော်မူပြီးနောက် မြန်မာ တစ်နိုင်ငံလုံး အင်္ဂလိပ်တို့ လက်အောက် ကျရောက်ခဲ့ရ သလိုလွတ်လပ်ရေးရပြီးချိန်မှာ ဒီမိုက ရေစီ အရသာကို ဆယ်နှစ်ကျော် ခန့်သာ မြည်းစမ်းခဲ့ရပြီး စစ်ဖိနပ်အောက် နှစ် ပေါင်း ငါးဆယ်လောက် ကျရောက်ခဲ့ရ ပြန်သည်။ ထိုသို့ နှစ်ပေါင်းများစွာ ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်နှင့် စစ် အာဏာရှင် စနစ်တို့အောက်မှာ တစ်လှည့် စီ နေသားကျ ခဲ့ရာမှ လူထုရွေးကောက် တင်မြှောက်လိုက်သော အစိုးရအဖွဲ့ တက်လာချိန်မှာ အစိုးရအဖွဲ့၏ အမှား တွေကို ပြောရဲဆိုရဲ ဝေဖန်ထောက်ပြရဲစ ပြုလာပါသည်။

ထိုအပြင် လွှတ်တော် ကိုယ်စားလှယ် တွေကလည်း ပြည်သူလူထုနှင့် ရင်းရင်း နှီးနှီး ထိတွေ့ ဆက်ဆံကြသလို သူတို့ သည် ပြည်သူ့ အခိုင်းအစေတွေ ဖြစ် ကြောင်း အခါအားလျော်စွာ ထုတ်ဖော် ပြောဆိုကြသောကြောင့် တချို့က (အားလုံးကို မဆိုလိုပါ) တဖြည်းဖြည်း ရဲတင်းလာကာ ဂါရ၀တရား ကင်းမဲ့မှန်း မသိ ကင်းမဲ့ လာကြလေသည်။ ယခု ဖြစ်ပွားခဲ့သော တနင်္သာရီ လွှတ်တော် ကိုယ်စားလှယ်၏ နားရင်းအုပ်မှုမှာ ဂါရ၀ တရားကင်းမဲ့မှုကလည်း တစ်စိတ် တစ်ဒေသ ပါဝင်ကောင်း ပါဝင်ပေလိမ့် မည်။ တကယ်တော့ မိမိတို့သည် ပြည်သူ့အခိုင်းအစေတွေ ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြခြင်းက အပြော ထက် ပိုထိရောက်ပါသည်။

ယခုလို သေနတ် ခါးကြားထိုး မထားသော၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ရှေ့ရှုသော အရပ်သား အစိုးရ၏ ခန္တီစ တရားကို နည်းအမျိုးမျိုး နှင့် အားစမ်းနေချိန်တွင် ဝန်ကြီးချုပ်က ” ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ ကတော့ အစိုးရ မလုပ်တတ်ပါဘူး” ဟု တိုင်းသိပြည်သိ ထုတ်ဖော် ပြောဆိုခဲ့ သောကြောင့် တိုင်းအစိုးရ တစ်ဖွဲ့လုံးကို ပို၍ အထင်အမြင် သေးလာ နိုင်ပါသည်။ အခန့်မသင့်ပါက ဝန်ကြီးချုပ်၏ နိဝါ တောစမှာ အဂါရ၀သို့ ဦးတည်သွား နိုင်ပါသည်။

မည်သူမဆို ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ကတည်းက ပြည်နယ် (သို့) တိုင်းဒေသကြီးအတွက် ဝင်ရောက် ယှဉ်ပြိုင်ပါက အနိုင် ရခဲ့သည်ရှိသော် အနိမ့်ဆုံး လွှတ်တော်အမတ်မှ ဝန်ကြီး (သို့) ဝန်ကြီးချုပ် အထိ ဖြစ်နိုင် သောကြောင့် ထိုရာထူးများ ခန့်အပ်ခဲ့ ပါက အဆင်သင့် ဖြစ်နေအောင် ကြိုတင် လေ့လာဆည်းပူး ထားသင့်ပါသည်။ ထို့ အတူ အမျိုးသားလွှတ်တော် (သို့) ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက် ယှဉ်ပြိုင်သူတိုင်း အနိုင်ရရှိခဲ့ပါက အနိမ့် ဆုံး လွှတ်တော် အမတ်မှ ပြည်ထောင်စု ဝန်ကြီး၊ ဒုသမ္မတနှင့် သမ္မတ အထိ ဖြစ်နိုင်သောကြောင့် ထိုရာထူးများ ခန့်အပ်ခဲ့ပါက အသင့် ဖြစ်နေအောင် ကြိုတင် လေ့လာ ဆည်းပူးသင့်ပါသည်။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုးခြင်းမှာ နောင်ပြင်ဖို့ ခက်ခဲလှ သလို ရွေးကောက်ပွဲမှာ မဲမှားပေး မိခြင်း ကလည်း မဲဆန္ဒရှင် ပြည်သူများ အတွက် ငါးနှစ်လုံးလုံး နစ်နာရပေလိမ့်မည်။ ယခု ဝန်ကြီးချုပ်၏ ” အစိုးရ မလုပ်တတ်ပါဘူး” ဟူသော စကားမှာ မဲဆန္ဒရှင် ပြည်သူ များက မဲမှားပေးမိသည့် အဓိပ္ပာယ်မျိုး သက်ရောက်မှန်း မသိ သက်ရောက်စေနိုင် ပါသည်။

ထိုအပြင် ” ကံဆိုးလို့ ဝန်ကြီးချုပ် ဖြစ်နေတာပါ” ဟု မြိတ်ဆရာဝန်အသင်း အဆောက်အဦးသစ် ဖွင့်ပွဲမှာ ဝန်ကြီးချုပ် ပြောခဲ့သော စကားမှာလည်း အလားတူ သဘောမျိုး သက်ရောက်စေပါသည်။ ထိုပွဲမှာ ဝန်ကြီးချုပ်က မိမိ လုပ်ဖော် ကိုင်ဖက် ဆရာဝန်များ၊ ဆေးကျောင်း သူဘ၀က မိမိ ဆရာဖြစ်ဖူးသူများရှေ့၌ အမှတ်တမဲ့ ပြောဆိုခဲ့ပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်ပါက မဲဆန္ဒရှင်တွေကပင် ဝန်ကြီးချုပ်ကို ကံဆိုးအောင် လုပ်မိသလို ဖြစ်နေပါတော့သည်။ ယခင် အစိုးရ လက်ထက်တုန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်” ဝဋ်ကြွေးကြီး လွန်းလို့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရတာပါ” ဟု ပြောဆိုခဲ့ဖူးပေမဲ့ သူသည် ပြည်သူက ကြည်ဖြူစွာ ရွေးကောက်တင်မြှောက် ခံထားရသူတစ်ဦး မဟုတ်သောကြောင့် အချိန်ကုန်ခံပြီး ဝေဖန်ထောက်ပြစရာ အကြောင်း မရှိပါ။

ထို့အပြင်” ၂၆နှစ်တိတိ ဆရာဝန် ဘ၀နှင့် ဖြတ်သန်းလာတဲ့အတွက် management အ ပိုင်း ဆိုတာ အင်မတန် ခက်ခဲပါတယ်” ဟူသော ဝန်ကြီးချုပ်၏ စကားမှာ ခိုင်လုံသော အကြောင်းပြချက် တစ်ခုမဟုတ်ပါ။ မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေး တိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုး ညို၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာခက်အောင်၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်နှင့် စစ်ကိုင်း တိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့မှာ ဝန်ကြီးချုပ်လိုပင် ဆရာဝန်များ ဖြစ်ကြပါ သည်။ သူတို့သည်လည်း ဝန်ကြီးချုပ် လိုပင် နယ်ပယ်သစ်မှာ အခက်အခဲ များ စွာ ရင်ဆိုင် ကြရပေလိမ့်မည်။ သို့သော် သူတို့ ယခုလို ပြောဆိုတာ တစ်ခါမှ မကြားဖူးပါ။

ထို့အပြင် ကျွန်တော်တို့ လေးစား အားကျရသော NLDပါတီခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်မှာ ဝန်ကြီးချုပ်လိုပင် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ သူ သည် နိုင်ငံရပ်ခြားမှာ နှစ်ပေါင်း ၃၀-၄၀ ခန့် သွားရောက်နေထိုင်ခဲ့ပေမယ့် သူ့လေ့ လာ ဆည်းပူးမှုကြောင့် မြန်မာပြည် နိုင်ငံ ရေးကို ကျွန်တော်တို့ အားလုံးထက် ပိုနားလည်သည်။ သူရင်ဆိုင် ခဲ့ရသော အခက်အခဲမှာ လက်ရှိ တိုင်းဝန်ကြီးချုပ် တစ်ယောက် ရင်ဆိုင် နေရသော အခက် အခဲထက် အဆပေါင်းများစွာ ပိုနက်ရှိုင်း ပါသည်။ သို့သော် သူသည် ပြည်သူတွေ စိတ်ပျက် အားငယ်စေမည့်စကား ယနေ့ ထက်တိုင် တစ်ခွန်းမှ မပြောခဲ့ဖူးပါ။

အခက်အခဲ ဘယ်လောက်ပင် ကြုံတွေ့ ပါစေ အပြုံးမပျက်ဘဲ ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်လျက်ပင်။ ထို့ အပြင် သန်း ၅၀ ကျော် ပြည်သူတွေအတွက် ခင်ပွန်းနှင့် သားနှစ်ယောက်ကို စွန့်လွတ် ခဲ့ ရပေမယ့် ယနေ့အချိန်ထိ သူ့တစ်သီး ပုဂ္ဂလ ခံစားချက်ကို ထုတ်ဖော် ပြောဆို ခြင်း မရှိခဲ့ဖူးပါ။ ထိုလမ်းသည် မည်သူ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ဘဲ ကိုယ်ဆုံးဖြတ်ချက်နှင့် ကိုယ် ရွေးချယ် ခဲ့သော လမ်းမို့ ပန်းတိုင်ရောက်အောင် မလျှော့သော ဇွဲ လုံ့လဖြင့် ဆက်လျှောက် နေဆဲပင်။ ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်သည် ဝန်ကြီးချုပ်ထက် အသက် များစွာကြီးပေမယ့် တိုင်းရေးပြည်ရာ များကို ယနေ့ထက်တိုင် ထက်ထက်မြက် မြက်နှင့် စီမံခန့်ခွဲ နေတုန်းပင်။ ထို ကြောင့်လည်း အားလုံးက ဒေါ်အောင် ဆန်း စုကြည်ကို ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် တညီတညွတ်တည်း အသိမှတ်ပြု ခဲ့ကြခြင်း ဖြစ်ပါသည်။

မည်သူမဆို စကားများများ ပြော ဆိုမိပါက မှားဖို့ အခွင့်အလမ်း ပိုများ သောကြောင့် လိုအပ်သလောက်သာ ပြော ဆိုခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ အကယ်၍ မဖြစ်မနေ ပြောရမည် ဆိုပါက ချင့်ချင့်ချိန်ချိန် ပြောဆိုသင့်ပါသည်။ အထူးသဖြင့် တာဝန်ကြီးကြီး ယူထားရသူ တစ်ယောက် ဖြစ်ပါက ပိုဂရုစိုက်ဖို့ လို အပ်ပါသည်။ အမှတ်မထင် ပြောဆိုမိ သော စကားတစ်ခွန်းကြောင့် မတန်တဆ ပေးဆပ်လိုက်ရသော ဖြစ်ရပ်တွေ သမိုင်း တစ်လျှောက် မြောက်မြားစွာ ရှိခဲ့ဖူးပါ သည်။

အင်္ဂလန် ဘောလုံးအသင်း နည်းပြ ကီဗင်ကီဂန်းမှာ မသန်စွမ်းသူ တစ်ဦးကို နှိမ့်ချပြောဆို မိသောကြောင့် နည်းပြ ရာထူးမှ နုတ်ထွက် ပေးလိုက် ရပါသည်။
အမတ်ကြီး ရာဇသင်္ကြန်မှာ ” ပန်းပွတ် သည် သားမြေးများ ကောင်းစား နေသော ကြောင့်” ဟု ပြောဆိုမိသောကြောင့် မင်း မျက်သင့်ကာ နယ်နှင်ဒဏ် ခံရလေ သည်။စုက္ကတေးမင်းမှာ ” ညီသားနောင် မယ်” ဟု ပြောဆိုမိသောကြောင့် အနော် ရထာ၏ အရိန္ဒမာ လှံချက်အောက်မှာ အသက်ပျောက် ခဲ့ရပါသည်။
ဦးနေဝင်းမှာ ” စစ်တပ်ဆိုတာ သေ နတ်ကို မိုးပေါ် ထောင်မပစ်ဘူး” ဟူသော စကားကြောင့် ရာဇပလ္လင်ပေါ်မှ ဆင်းပေး ခဲ့ ရပါသည်။ ထိုဖြစ်ရပ်မျိုးမှာ ယခင်က ရှိခဲ့သလို နောင်လည်း ရှိနေဦးမှာ ဖြစ်ပါ သည်။

ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှာ ကျွန်တော်တို့ လိုလိုလားလား ရွေးကောက်တင်မြှောက် ထားသူတွေ ဖြစ်ပါသည်။ မိမိတို့ လိုလို လားလား ရွေးကောက်တင်မြှောက်ထား သူတွေကို အမှတ်မထင်ပြောမိသော စကားလေး တစ်ခွန်းကြောင့် မဲဆန္ဒရှင် ပြည်သူတွေ စိတ်ခုသွားတာ မဖြစ်စေချင် သောကြောင့် အပြုသဘော ဝေဖန်ခြင်း ဖြစ်ပါသည်။ အဝေဖန် ခံရဲသော အစိုးရမို့ လည်း ဝေဖန်ခြင်း ဖြစ်ပါသည်။ ယခု ဆောင်းပါးမှာ စာရေးသူ၏ ထင်မြင်ချက် သက်သက်သာ ဖြစ်သောကြောင့် လွတ် လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။