ရသချစ်သူများ အလိုရှိသည်

0
577

” လူတွေက အားရင်စာဖတ်ကြ တယ်လို့ ပြောလေ့ရှိတယ်။ စာဖတ်တာ ဟာ အားမှလုပ်ရမယ့် ကိစ္စမျိုးမဟုတ်ဘူး။ အချိန်ပေးပြီး အရေးတယူလုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်” ။မိတ်ဆွေတယောက်က သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာ (ဖေ့စ်ဘွတ်)မှာ အထက်ကအတိုင်း ရေးထားတာတွေ့တော့ ကျွန်တော်ဖြင့် အိပ်မက်ကလန့်နိုးသူလို ခံစားလိုက်ရပါတယ်။

အကြောင်းကတော့ ကျွန်တော် စာမဖတ်ဖြစ်တာ ကြာပြီ။ ” အားမှ ဖတ်မယ်လေ” ဆိုပြီး သိမ်း ထားတဲ့စာအုပ်တွေလည်း လက်ရာမပျက် သေး။ အားပြန်ရင်လည်း ဖေ့စ်ဘုတ်ကြီးနဲ့ အချိန်ကုန်မှန်းမသိကုန်သွားတာ များပါ တယ်။ တော်ပါသေးရဲ့ မိတ်ဆွေရောင်းရင်း ကြီး သတိပေးပေလို့။ သူရေးထားတာက တိုတိုလေးပေမယ့် ကျွန်တော့်အတွက် အတွေးများစွာဖြစ်စေရဲ့။ ဒီဆောင်းပါးဟာ အထူးသဖြင့် လူငယ်တွေအတွက် ရည် ရွယ်ပါတယ်။

ကျွန်တော်ငယ်ငယ်က ဖြတ်သန်း ခဲ့ရတဲ့ကာလက ရသစာအုပ်တွေ ပေါတဲ့ ခေတ်၊ စာဖတ်ကြတဲ့ခေတ်။ အခုလို အင်တာနက်ခေတ် မဟုတ်တော့လည်း၊ တီဗီတွေရုပ်သံလိုင်းတွေရှားပါးတဲ့ ခေတ် ဆိုတော့လည်း အကြောင်းအမျိုးမျိုးနဲ့ လူစုံအရွယ်စုံက စာစုံဖတ်ကြတာပေါ့။ ကျွန်တော်က ငယ်ငယ်ကတည်းက ကာ တွန်းတွေနဲ့ ရင်းနှီးသလို ဖတ်တာတွေက အလွမ်းအဆွေးတွေ၊ အငိုအသောတွေ များတယ်။ ကျွန်တော့်ပတ်ဝန်းကျင် ကတော့ ရသဝတ္ထုတွေအဖတ်များတဲ့ ကျွန် တော့်ကို သတိပေးတတ်တယ်။

” မင်းကွာ၊ လူကငယ်ငယ်လေး၊ ဒါတွေသိပ် မဖတ်နဲ့ကွာ”

” ဘာမှလည်း ဟုတ်တာ မဟုတ်ဘူး၊ ကွဲတာညားတာတွေနဲ့ပဲ ပြီးနေမှာ”

” ငါဖတ်တဲ့မဂ္ဂဇင်းမှာဆို ဆေးနည်း၊ ဟင်းချက်နည်းတွေပါတာ အတော်အသုံး ဝင်တာ၊ မင်းဟာက ဘာမှလည်း ဟုတ် တာတွေမဟုတ်ဖူး”

“ငယ်ငယ်လေးနဲ့ ဒီလိုဟာတွေချည်း ဖတ်နေတယ်၊ ဗဟုသုတရတဲ့ဟာလည်း ဖတ်ဦးဟယ်”
ဒါတွေက ကျွန်တော်ကြားနေကျ စကားတွေပေါ့။ ကျွန်တော့်လိုပဲ ဝတ္ထု တွေကြိုက်တဲ့ သူငယ်ချင်းအချို့ဆို မိဘ တွေကဖတ်ခွင့်မပေးလို့ ခိုးဖတ်ခဲ့ကြရ ပေါ့။
ကျွန်တော်ဖတ်လေ့ရှိတာက ရသစာ ပေအက်ဆေးတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ မှီငြမ်းတဲ့ စာအုပ်အများစုပါ။ ကျွန်တော့်ကို အဲလို အလွမ်းအဆွေးတွေ မဖတ်ဖို့ပြောတဲ့သူတွေကိုလည်း ကျွန်တော် ဘာမှ ပြန်မချေပခဲ့။

ကျွန်တော်ဖတ်တဲ့ ဇာတ်လမ်းလေး တစ်ခုဟာ သူတို့ဖတ်တဲ့ မုန့်လုပ်နည်း၊ ဟင်းချက်နည်းတွေလောက် လက်တွေ့မှာ အသုံးဝင်ချင်မှဝင်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်တော့ဖြင့် ရသစာပေတွေကို ဖတ် တစိမ့်စိမ့်တွေးတော ခံစားရတာက အဓိပ္ပာယ်ရှိသလို၊ ဘယ်အချိန်မဆို စာအုပ် ထဲကဇာတ်လမ်းတစ်ခုခုကို ပြန်တွေး ယူပြီး ပြန်ခံစား စိတ်ကူးယဉ်ရတဲ့အရ သာဟာလည်း ဘာနဲ့မှ မလဲနိုင်ပါဘူး။

ရသစာပေတွေဟာ ဗဟုသုတရစရာ သိပ်မရှိဘူးလို့ပြောတာ ကျွန်တော် သိပ်လက်မခံချင်ပါဘူး။ ဖတ်ခဲ့သမျှ ဝတ္ထု ဇာတ်လမ်းတွေက အဲဒီခေတ်ရဲ့ အခြေ အနေ၊ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ လူ့ သဘာဝ စိတ်နေစိတ်ထား၊ ဆင်ခြင်တွေး တောစရာ၊ အတုယူစရာ၊ သမိုင်း အထောက်အထား စတဲ့ဗဟုသုတများစွာ ပါဝင်နေပါတယ်။ ရသစာအုပ်တွေထဲက ဗဟုသုတယူတတ်ရင် အများကြီးရပါ တယ်။ ဗဟုသုတ အနှစ်သာရမပါတဲ့ ရသ ဝတ္ထုဇာတ်လမ်းကောင်းဆိုတာ မရှိဘူးလို့ ကျွန်တော် ခံယူတယ်။

ရသ ဝတ္ထုဇာတ်လမ်းတွေအကြောင်း ဆက်ပါရစေ။မြန်မာ့ပထမဆုံး ဝတ္ထုဇာတ်လမ်း ရှည်ဖြစ်တဲ့ ဆရာဂျိမ်းစ်လှကျော်ရဲ့ ” မောင်ရင်မောင်မမယ်မ” ကိုဖတ် ကြည့် ပါ။ မြည်းကြည့်ပါ။ ဦးလတ်ရဲ့နာမည်ကြီး ရွှေပြည်စိုးဝတ္ထုဖတ်ရင် နန်းတွင်း အခြေ အနေနဲ့အခြား သားသမီးရေးကိစ္စအချို့ကို သိရမယ်။ မဟာဆွေရဲ့ သူပုန်အိမ်၊ စစ် ထွက်သူ၊ တို့မေမေ စတဲ့ဝတ္ထုတွေက ကိုလိုနီခေတ်မှာ သိုးဆောင်းတွေကို တော်လှန်ဖို့ စိတ်အားတက်ကြွစေမယ့် ဟာတွေပေါ့။

ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဂျာနယ်ကျော်မမလေး၊ တက္ကသိုလ်ဘုန်း နိုင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ တို့ရေး တဲ့ ဇာတ်လမ်းတွေ၊ဘာသာပြန်တွေ၊ ကိုယ်တွေ့ဖြစ်ရပ်တွေ၊ ဖတ်ကြည့်ပါ။ ခေတ်တစ်ခေတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေတွေ ထင်ဟပ်နေပါ တယ်။ ဦးနုရဲ့ ငါးနှစ်ရာသီ ဗမာပြည်ဆို တဲ့စာအုပ်ဆိုရင်လည်း သမိုင်းအကိုးအကားအဖြစ်တောင်သုံးကြတဲ့စာအုပ်ပါ။ဆရာမောင်သော်က၊ ဆရာမြသန်း တင့်၊ ဟံသာဝတီ ဦးဝင်းတင်၊ ညီပုလေး၊ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ရဲ့ စာတွေ၊ ဆရာကြီး မင်းသုဝဏ်၊ဆရာဇော်ဂျီတို့ရဲ့ ကဗျာတွေ၊ စာတွေ သူတို့ အတ္ထုပ္ပတ္တိတွေ ကိုလည်း စိတ်ဝင်တစားဖတ်ရှု ရလို့ များစွာ ဗဟုသုတ ရပါတယ်။

ဆရာဒေါက်တာစိုးလွင်၊ ဆရာ လင်္ကာရည်ကျော်၊ ဦးမင်းကိုနိုင်၊ ဦး ဇာဂနာတို့ရဲ့ စာအုပ်တွေကလည်း ရသ မြောက်လှပါတယ်။
အခုအချိန်မှာဆိုရင် ဆရာမ ဂျူး၊ မသီတာ (စမ်းချောင်း)၊ ခင်ခင်ထူး၊ မစန္ဒာ၊ လွန်းထားထား၊ ပုညခင်တို့ရဲ့ စာအုပ် တွေကို သဘောကျ နှစ်ခြိုက်ပါတယ်။
ကျွန်တော်မဖော်ပြခဲ့သော အခြား ရသစာပေပညာရှင်များစွာနဲ့ သူတို့ရဲ့ ရသစာပေကောင်းတွေ အများကြီးပါ။ စာရေးတာ ဝါသနာပါတဲ့ ကျွန်တော့်အဖို့ သူတို့ရဲ့ ဇာတ်လမ်းတွေကတဆင့် ဇာတ် လမ်းဆင်ပုံ၊ ဇာတ်အိမ်တည်ပုံ၊ ဇာတ် အတက်၊ အထွတ်၊ အကျ စတာတွေကို လေ့လာသင်ယူရပါတယ်။

ယခုအချိန်မှာတော့ ရသစာပေတွေ ဖတ်ရှုမှုအားနည်းလာတယ်လို့ ဆိုကြပါ တယ်။ ဟုတ်ပါတယ်။ အခုအချိန်မှာ လူအများစုဟာ စာအုပ်တစ်အုပ်ဝယ်ဖို့ ဖတ်ဖို့ထက် ဖုန်းဘေလ်ဖြည့်ဖို့ ကို အဓိကထားလာကြပါတယ်။ အချို့ ကလည်း လူမှုကွန်ရက်မှာ စာဖတ်ကြပါ တယ်။ ဒါပေမဲ့လည်း စာအုပ်ဖတ်ပြီး ခံစားရတဲ့ရသနဲ့တော့ မတူနိုင်ပါ၊ မနှိုင်း သာပါ။ အကောင်းဘက်က တွေးကြည့် ရင် ဘယ်စာမှ မည်မည်ရရ မဖတ်တာ ထက်စာရင်တော့ ဖေ့စ်ဘုတ်မှာ ဖတ် တာက နည်းနည်းပိုကောင်းတယ်ဆိုရ မလားပါပဲ။ ထွင်လုံးတွေ၊ လှိမ့်လုံး သတင်းတွေ၊ မဟုတ်မဟတ်တွေရှိနေ တတ်တာက တစ်ပိုင်းပေါ့။
ရသစာပေစာအုပ်တွေ ဖတ်ရှုမှု ကျဆင်းလာတယ်ဆိုပေမဲ့ လူငယ် အများ စုက ရသစာပေကို နှစ်ခြိုက်ကြဆဲပါ။ စာအုပ်တွေကိုသာ တခုတ်တရမဖတ် ဖြစ်ကြပေမဲ့လို့ ဖေ့စ်ဘုတ်မှာတော့ ကဗျာ တွေ၊ နာမည်ကြီး အချစ်ဝတ္ထုထဲက စာသားလေးတွေကို လူငယ်အများစုက သူတို့ရဲ့ ခံစားချက်လေးတွေနဲ့တွဲပြီး ဝေမျှကြတာ အတော်တွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသမှာဆိုရင် အဲလို လူငယ်လေးတွေ အတော်များပါတယ်။ စာဖတ်နိုင်တဲ့အရွယ်၊ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေပါ။

ရသစာပေတွေကို နှစ်ခြိုက်တဲ့ စိတ်အခံလေးရှိနေတဲ့ လူငယ်တွေကို လူမှု ကွန်ရက်မှာ စာလေးတစ်ကြောင်း နှစ် ကြောင်းနဲ့ ဖီးလ်တာထက် စာအုပ်ပုံတွေ ကြားမှာ ပိုပြီး ဖီးလ်ဖြစ်အောင် အား ထုတ်ပါလို့ တိုက်တွန်းလိုပါတယ် ။ ဒီလို စာအုပ်ပုံထဲမှာ ဖီးလ်ဖြစ်မှသာ တကယ့် ဖီးလ်အပြင် ဘ၀အတွက် စိတ်ဓာတ်ခွန် အား၊ ဉာဏဗလ ရရှိမှာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ဆန္ဒကတော့ စာတတ် သူတိုင်း စာဖတ်ကြဖို့ဖြစ်ပါတယ်။ ဒါပေ မဲ့ အခုလိုခေတ်ကာလမှာ ရုန်းရကန်ရ ဘ၀ပေးအခြေအနေတွေအရ အကြောင်း အမျိုးမျိုးနဲ့ စာပေတွေကနေ ဝေးလာရပါ တယ်။ ဒီလို စာပေနဲ့ဝေးလာရလေ ကျွန် တော်တို့ ဘ၀တွေက ပိုပိုဆိုးလာလေ ဖြစ်မှာ စိုးရိမ်မိပါတယ်။
ကျွန်တော်တို့တိုင်းဒေသကြီးမှာ ၂၀၁၄ သန်းခေါင်စာရင်း အရ စာတတ် မြောက်မှု ၉၂.၈ ရာခိုင်နှုန်း ရှိလို့ အားတက်ရပေမဲ့ စာဖတ်နှုန်းကိုတော့ စိုးရိမ်မိပါတယ်။ စာဖတ်နှုန်းတက်လာဖို့ ကလေး လူငယ်တွေကစတင်ရမှာဖြစ် သလိုပဲ စာဖတ် ဝါသနာပါလာအောင် ပျိုးထောင်ရာမှာ ရသစာပေဟာ အလွန် အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ် ။ ဒီတော့ကာ မိဘတွေနဲ့ လူငယ်တွေဟာ ရသစာပေကို နားလည်သိမြင်ပြီး စိတ်ဝင်တစားဖတ်ရှုကြတဲ့သူတွေ ဖြစ်ဖို့ လိုပါတယ်။

အများစုဖြစ်တဲ့ လူငယ်တွေကိုတော့ ရသစာပေချစ်သူများဖြစ်အောင် အလွမ်း အဆွေး အငိုအသောစာအုပ်တွေ ဖတ်ကြ ပါ၊ ရသစာပေကနေ ဗဟုသုတတွေ ထုတ်ယူတတ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။