အနာဂတ်အစီအစဉ်အတွက် စကားပြောကြပါ

0
441

တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ အင်တာဗျူးတွင်စီးပွားရေး တိုးတက်ရန် အတွက်သီးခြားဒေသတွင်း စီးပွားရေးသမားများနှင့် တွေ့ရန်မလိုဘူးထင်ပါသည်ဟု ပြောသွားသည်ကို ဖတ်ရသည်။

 
စီးပွားရေးနှင့်ပတ်သက်ပြီး ဝန်ကြီးချူပ်ဖြေကြားသည့် အဖြေများကို ကောက် ချက်ချရသော် ဒေသတွင်း ဆွေးနွေးပွဲအချို့တွင်စီးပွားရေးနှင့်ပတ်သက်ပြီး မူဝါဒ များ အထိုက်အလျှောက်ချမှတ်ပြီးဖြစ်သည်။ ယင်းအတိုင်းလုပ်နေသည်။ ထို့ကြောင့် သီးခြားတွေ့ရန် မလိုဟူသည့်သဘောပင်။
အမှန်မှာ ထိုသို့မဖြစ်သင့်။

 
စီးပွားရေးကဏ္ဍသာမက သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့်ပတ်သက်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်ဆွေးနွေးနေပြီး အနာဂတ်အစီ အစဉ်များကို ချမှတ်အကောင်အထည်ဖော်ရန် လိုပေသည်။ နိုင်ငံရေးသမား ဟူသည် ယေဘုယျသမားသာ ဖြစ်သည်။
ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ထဲထဲဝင်ဝင်သိသူများ၊ ကြုံနေရသူများနှင့် သေချာစွာ စကားပြောဆွေးနွေးမှသာ လျှင် ထိရောက်သည့် တကယ့်မြေပြင်နှင့် ကိုက်ညီသည့်မူဝါဒများ ထွက်မည် ဖြစ်သည်။ ဆွေးနွေးမှုများသည်လည်း ဆယ်စုနှစ်ဝက်လောက်မှ တစ်ခါနှစ်ခါ လောက်သာ တွေ့သည်မျိုး မဖြစ်သင့်။

 
အကောင်အထည်ဖော်ရန်ချမှတ်ထားသည့် မူဝါဒများနှင့်ပတ်သက်ပြီး ပုံမှန်သုံးသပ်ဆွေးနွေးခြင်း၊ လိုအပ်ချက် လစ်ဟာချက်များကိုဆွေးနွေးပြီး အောင် မြင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ဦးဆောင်ဦးရွက်ပြုသူများသည် မိမိနှင့်တွဲပြီး အလုပ်လုပ်ရသူများနှင့် ပတ်သက်ပြီး တရားသေစိတ်အခံများ မထားသင့်ပေ။စီးပွားရေးသမားဆိုလျှင် ကိုယ်ကျိုးစီးပွားသာသိသူ၊ လူထုအခြေပြုအဖွဲ့ အစည်းများဆိုလျှင် အတို့အထောင်လုပ်သူ၊ မီဒီယာသမားများဆိုလျှင်မြင်မြင်သမျှဖွသူ၊ ဌာနဆိုင်ရာများဆိုလျှင် လာဘ်စားရန်သာအကွက်ချောင်းနေသူ စသဖြင့် တရားသေ စိတ်အခံများဖြင့် ဆက်ဆံလျှင် ဒေသအတွက်နစ်နာပေသည်။
ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသူများက သက်ဆိုင်ရာနယ်ပယ်အလိုက် သက်မွေး ဝမ်းကျောင်းမှု၊ ဖြစ်တည်မှုများနှင့်ပတ်သက်ပြီး အတွေးတိမ်အမြင်တိမ်က အင်မတန်အန္တရာယ် ကြီးပေသည်။ ထို့အတူပင် ယင်းသို့ အတွေးတိမ်အမြင် တိမ် သူ၏ နိုင်ငံရေးဘ၀သည်လည်း မလှဖြစ်ရသည်။

 
လူဦးရေ ၂၀ ကျော်သာရှိသည့်လုပ်ငန်း အသေးလေးများသည်ပင်လျှင် လစဉ်ပုံမှန်စုံညီ အစည်းအဝေးလုပ်သည့်အခါ လုပ်ငန်းရှေ့ဆက်ရမည့်ကိစ္စများ အတွက် များစွာ အထောက်အကူဖြစ်သည်ကို တွေ့ရသည်။ ပုံမှန်အခြေအနေတွင် မမြင်ရမသိရသည့်လစ်ဟာမှုများစွာတွေ့ရသည်။ စောစီးစွာပြင်ဆင်နိုင်သည့် အတွက် အဖွဲ့အစည်းအတွက် အကောင်းများ ဖြစ်စေသည်။
စကားပြောခြင်း ဆွေးနွေးခြင်း၏ ရလဒ်ဖြစ်သည်။ အစိုးရတစ်ရပ်အနေဖြင့် ထိုထက်ပိုပါသည်။ အနာဂတ်အစီအစဉ်အတွက် စကားပြောကြရန် လိုပေသည်။