တနင်္သာရီတွင် သစ်တန် တစ်သောင်းခွဲ ထုတ်မည်

0
408

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပထမဦးဆုံးအဖြစ် သစ်တန်ချိန် ၁၅၀၀၀ တန်ကို ထုတ်ယူမည်ဖြစ်ကြောင်း ယင်း ခရိုင် မြန်မာ့သစ်ထုတ်လုပ်ငန်းမှ သိရသည်။

 
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် သစ်ထုတ်ခွင့် တစ်နှစ်ပိတ်ပင် ထားခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် မြိတ်ခရိုင် အတွင်း ပထမဦးဆုံးအဖြစ် သစ်ထုတ်ယူ ခြင်းဖြစ်သည်။ယင်းသစ်များကို တကျက်ကျေးရွာ ရှိ ကြိုးဝိုင်းသစ်တောနှင့် ပ၀ကျေးရွာ အုပ်စုရှိ ဖိုးမဲရွာ ကြိုးပြင်ကာကွယ် သစ် တောတို့မှ ထုတ်ယူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာန ထံမှ သိရသည်။
“ကျွန်းသစ်ကလွဲပြီး ကျန်သစ်မာ တွေကို ထုတ်ယူသွားပါမယ်” ဟု မြိတ် ခရိုင်မြန်မာ့ သစ်ထုတ်လုပ်ငန်းမှ တာဝန်ခံ မန်နေဂျာ ဦးဝင်းကိုကိုက ပြောသည်။

 
ထုတ်ယူရရှိမည့် သစ်တန်ချိန်များ အနက် ၅၀ ရာခိုင်နှုန်းကို ဒေသတွင်း သုံးသစ်အဖြစ် သတ်မှတ်ကာ ယင်းဒေသ သုံးသစ်များကို မြို့နယ်အလိုက် ခွဲဝေ မည့် အစီအစဉ်ရှိကြောင်း မြန်မာ့သစ် ထုတ်လုပ်ငန်းမှ သိရသည်။အဆိုပါ သစ်ထုတ်ယူမည့်ကိစ္စကို မေလ ၅ ရက်က တနင်္သာရီသစ်တော ရုံးတွင် မြန်မာ့သစ်လုပ်ငန်း သစ်တော ဌာန တာဝန်ရှိသူများ လွှတ်တော်ကိုယ် စားလှယ်တချို့နှင့် သစ်စက်လုပ်ငန်း ရှင်များ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း ယင်းတွေ့ဆုံပွဲမှ သိရသည်။

 
တနင်္သာရီမြို့နယ်တွင် သစ်ထုတ် ယူမှုများပြားခဲ့သည့်အတွက် နွေရာသီ တွင် မိုးသည်းထန်းစွာ ရွာသွန်းပြီး ရေဘေး ဒုက္ခများ ခံစားခဲ့ရကြောင်း တနင်္သာရီ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တချို့ က ဆိုသည်။” သစ်ထုတ်ယူမှု လုပ်ငန်းအဆင့် တိုင်းတွင် သက်ဆိုင်ရာဌာန ပြည်သူ တို့နဲ့ပူးပေါင်းကာ စောင့်ကြည့်သွားမယ်”   ဟု တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောသည်။

 
ထို့ပြင် ပ၀ကျေးရာအုပ်စု ဖိုးမဲရွာ တွင် သစ်ထုတ်ယူမည်ကို ရွာသားတချို့ ကျေနပ်မှုမရှိသည့် အသံများထွက်ပေါ် နေကြောင်း ပ၀ရွာသားတချို့နှင့် ဦးရဲမြင့်ဆွေတို့ထံမှ သိရသည်။အဆိုပါ သစ်တန်ချိန် ၁၅၀၀၀ ထုတ်ယူမည့်ကိစ္စကို သက်ဆိုင်ရာ ကျေး ရွာရှိ ပြည်သူများနှင့် တွေ့ဆုံကာ ပွင့် လင်းမြင်သာစွာ ရှင်းလင်းမည့် အစီ အစဉ် တစ်ခုကို မေလအတွင်းပြုလုပ် သွားမည် ဖြစ်ကြောင်း တနင်္သာရီသစ် တောဦးစီးဌာနထံမှ သိရသည်။
သစ်များကို လာမည့်ဇွန်လခန့်တွင် ထုတ်ယူမည်ဟု အထက်ပါဌာနမှ သိရသည်။