လွှတ်တော်ကိုယ်စားလှယ်၏ နရင်းအုပ်မှုနှင့် တွေးမိသည်များ

0
561

အခုတလော လူမှုကွန်ရက်နှင့် သတင်းများတွင် လွတ်တော်ကိုယ်စား လှယ်က ရွာသားတစ်ဦးအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်သည့်ကိစ္စ လူပြောများနေ၏။ တီးတိုးတီးတိုးနှင့် လက်ဖက်ရည်ဆိုင်၊ ရပ်ထဲရွာထဲ ပြော မဆုံးပေါင် တောသုံးတောင် သတင်းဖြစ် နေပေသည်။
လက်ရောက်မှု ဖြစ်ရပ်တိုင်းကို အားပေးစရာအဖြစ် မထင်မိ။ဖြစ်စဉ်တစ်ခု နောက်ကွယ်တွင် ဖြစ်စေနိုင်သော အကြောင်းအရာ ဖြစ်ရပ် များသည် အမျိုးမျိုး ရှိနိုင်ပေသည်။ ဂဃနဏ မသိဘဲ အဆိုးအကောင်း အကျိုးအကြောင်းကို မဝေဖန်လို။
သို့သော် ထိုသို့ ပဋိပက္ခဖြစ်ရပ် ဘာကြောင့် ဖြစ်သနည်း။ အားလုံး သိသည့်အတိုင်း တဒင်္ဂဖြစ်လာသော ဒေါသကို ပညာချွန်းဖြင့် မလုပ်နိုင်၍ ဖြစ်သည် ထင်၏။  လူသားသည် မွေး လာကတည်းက လောဘ၊ ဒေါသ၊ မောဟ စသည်တို့သည် မျိုးစေ့အဖြစ် ပါလာသည်လား။ သို့တည်းမဟုတ် ပတ်ဝန်းကျင်ဆီကနေ သင်ကြားခဲ့ ကူးစက်ခံသည်လား။ ကျွန်တော် အမြင် မှာ ပတ်ဝန်းကျင်ဆီကနေ သင်ယူခဲ့ရ သည်က ပိုများပေမည်။
” လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပါစရိယ မိနှင့်ဘ” ဆိုသလို မိမိ၏ ကြီးပြင်းခဲ့သော မိသားစု၏စရိုက်က ကလေးများကို ကူးစက်၏။ ” ဘာမ လုပ်နဲ့ ညာမလုပ်နဲ့” ဆိုပြီး မိဘက ပြောထားသော စည်းကမ်းချက်ရှိ၏။ ထိုအရာများကို ကလေးက မလိုက်နာ လျှင် အကျိုးအကြောင်း ရှင်းပြခြင်း မရှိဘဲ ရိုက်နှက် ဆုံးမဖြစ်ကြတာက များသည်။ တစ်ခါတစ်ရံ မိဘကိုယ်၌က ဆေးလိပ်သောက်သည် ဆိုကြပါစို့။ မိမိတို့ကလေးကို ဆေးလိပ်မသောက်နဲ့ ပြောပြီး ဆုံးမသော်ငြား ကလေးက မိဘလုပ်သည့် အတိုင်းလိုက်ပြီး ဆေး လိပ်သောက်တတ်သည်က များ၏။ ဆိုချင်သည်က အပြောထက် အပြက ပိုစွဲ ထင်တတ်၏။
ရိုက်နှက်ဆုံးမသော အပြုအမူ            တစ်ခုသည် ထိုကလေးငယ်စဉ်က ခွန်အား မမျှ၍ ကြောက်ပြီး ငြိမ်ခံခဲ့သော်လည်း ကြီးလာလျှင် ဒေါသဖြစ်စရာ ပြဿနာ တစ်ခု ကြုံလာတဲ့အခါ ထိုသို့ လက်ပါ ပြီး ဖြေရှင်းချင်တတ်ကြပေသည်။
အချို့လူကြီး မိဘများသည် မိမိတို့ သားသမီးကို ငယ်ငယ်ကတည်းက ရိုက် နှက် ဆုံးမထားမှ နောင်ကြီးလာလျှင် လူလိမ္မာဖြစ်မည်၊ ပြောစကား နား ထောင်မည်ဟု ယုံမှားတတ်နေကြသည်။ ထိုသို့ ရိုက်နှက် ဆုံးမသော ဓလေ့သည် ကူးစက်တတ်သလား ထင်ရ၏။
နောက်ပြီး ကျောင်းပညာသင် အရွယ်ရောက်သောအခါ တုတ်၊ ကြိမ် လုံးဖြင့် အုပ်ချုပ်တတ်သော ဆရာ/ ဆရာမများနှင့် ကြုံဖူးတတ်၏။ ကျောင်းသား အယောက်နှစ်ဆယ်ခန့်တွင် ဆရာတစ်ယောက် ရှိရမည့်အစား ကျောင်းသား ငါးဆယ်ကို ဆရာတစ် ယောက် သင်နေရသော သင်ကြားရေး မျိုးတွင် တုတ်ကိုင် ပညာသင်ကြားရေး စနစ်သည် အသုံးပြုနေဆဲဖြစ်၏။ တုတ် ဖြင့် ခြောက်လှန့် ရိုက်နှက်ဆုံးမခံရဖူး သော ကျောင်းသားသည် နောင်ကြီး လာလျှင် ပြဿနာကို တုတ်ဖြင့် ဖြေရှင်း မှ ပြီးသည် ထင်သွားတတ်ပေသည်။
ပြောချင်တာက လွတ်တော်ကိုယ်စား လှယ်အကြောင်း။
လူထုနှင့်အနီးကပ်ဆုံး ဆက်ဆံရ သည့် လူထု နှလုံးသားတပ်၏ ဆက် သားပဲ ဆိုချင်ဆို။ ပရိသတ်သိများသော ပုဂ္ဂိုလ်တို့၏ တာဝန်ယူရမှုသည် လူသူ မသိသော အညတြတစ်ယောက်ထက်ပို ၏။ မြန်မာ့သမိုင်းထဲ၌ စောလူးမင်း ကြွေအံကစားသည်က ရာဇဝင်တွင်၏။ ရိုးရိုး ရွာသားတစ်ယောက် ထိုသို့ ကြွေအံ ကစားခြင်းသည် စာဖွဲ့လောက်သော အမှုမဟုတ်သော်ငြား တာဝန်ယူရမှုပို သော လူသိများသော လွှတ်တော် ကိုယ်စားလှယ်တို့သည် ကောင်းတာရော၊ ဆိုးတာရော သတင်း ဖြစ်လွယ်တတ်သည်။
အလုပ်လုပ်သော သူတိုင်းအမှားပါ တတ်လေသည်။ ပညာရှိများသည် အမှားမှ သင်ခန်းစာယူ၏။ အမှားတစ်ခု တည်းကို အကြိမ်ကြိမ် မကျူးလွန်ကြ။ အမှားများမှ အတွေ့အကြုံယူသည်။ ပညာဥာဏ်ကြီး သူတို့က သူများ အမှား တွေ့မှ အတွေ့အကြုံများကို ပိုယူတတ် ကြသည်။ ကိုယ်တိုင် အမှားနည်းအောင် စာအုပ်စာပေများမှ သူများတွေ ဘယ်လို မှားခဲ့သလဲ ဆိုတာကို သင်ယူ၏။ မှန် အောင် မိမိဘာသာ ပြုပြင်ယူကြ၏။

 

အနောက်တိုင်း လူ့အဖွဲ့အစည်းတွင် ဥပဒေနှင့် မငြိသော လူတစ်ဦး၏ အမှား မျိုးအတွက် သင်ခန်းစာယူနိုင်အောင် ဝိုင်းဝန်း ဖေးမကြ၏။ ပြုပြင်ကြ၏။ တစ်ကြိမ်တစ်ခါ လဲကျသော ကလေးကို ညံ့လိုက်တာဟု မပြော။ နောက်တစ်ခါ မလဲကျအောင် ဘယ်လိုလုပ်ရမည်ဟု အားပေးပြီး ပြုပြင်ပေးကြ၏။ အပြစ်တင် ဝေဖန်ပြီး ထွက်ပေါက်ပိတ် နှိပ်ကွပ် လိုက်ခြင်းသည် ပြဿနာ၏ ဖြေရှင်းရာ အဖြေမဟုတ်။ နောက်နောင် အလားတူ ပြဿနာမျိုး တစ်ခြားနေရာများတွင် မပေါ်လာနိုင်ဟု မည်သူအာမခံနိုင်မည် နည်း။ လူ့အဖွဲ့အစည်းက သတ်မှတ်ထား သော ဥပဒေများအောက်တွင် မှန်မှန် ကန်ကန် ဘက်စုံသုံးသပ်ပြီး အဖြေရှာ ကြတာကောင်းမည် ထင်၏။
ကျောင်းများတွင် ပန်းချီ၊ ဂီတ စသော အနုပညာအလှအပကို ခံစား တတ်အောင် သင်ပေခြင်း၊ ပြည်သူ့နိတိ (ပြည်သူ ပြည်သားများ၏ အကျိုးကို ဆောင်၍ တိုးပွားအောင်ဆောင်ရွက်ခြင်း) သင်ပေးခြင်း စသည်တို့အား နည်းခဲ့သည်။
ကျွန်တော်တို့၏ ပညာသင်ကြား ရေးစနစ်သည် တစ်လမ်းမောင်းသင် ကြားရေးဖြင့် ဖြတ်သန်းခဲ့ကြ၏။ဆရာက ကြိမ်လုံးနှင့်ကိုင်ပြီး လိုက်ဆို။ အားလုံးနားထောင် လိုက်ရေး။ သင်တဲ့အတိုင်းဖြေ စသော စနစ်များနှင့် ကြီးပြင်းခဲ့ရတာ များ၏။ ပြန်လည်ဆွေး နွေးခွင့် ကျောင်းသားချင်းချင်းကြား ပြောဆိုခွင့် ဆရာနှင့် ကျောင်းသားအကြား ကျောင်းသားတို့၏ အမြင်ကို ပြန်ပြော ခွင့်များ အားနည်းခဲ့၏။ ထိုသို့ သင်ကြား ထားသော အပင်မှသီးပွင့်လာသော ကျောင်းသားများသည် နောင်အခါ အဖွဲ့ အစည်းများတွင် လူကြီးဖြစ်လာသော အခါ သူများပြောတာကို မှန်ကန်ကောင်း မွန်စွာ နားမထောင်တတ်တော့။ မိမိ အမြင်နှင့်မတူသော ဆွေးနွေးချက်များကို ဘယ်လိုမှ သည်းခံနားထောင်နိုင်စွမ်း မရှိဘဲ ကိုယ်၊ နှုတ်၊ စိတ်အမူအရာတစ်ခုခု ဖြင့် ပြန်လည်တုံ့ပြန်မိတတ်ကြ၏။
နောက်တစ်ခုက တက္ကသိုလ်များတွင် အဆောင်မနေခဲ့ဘဲ ဘွဲ့ရခဲ့သောသူများ သည် တူညီသော အုပ်စုများ၏အဖွဲ့ အစည်းနှင့် လုပ်တတ်သော စိတ်အား နည်းသွားသည်လည်းရှိ၏။ ဥပမာ  အဆောင်တွင် တစ်ဦးက စာမေးပွဲအတွက် စာကျက်နေလျှင် တစ်ဦးက ဂီတာတီးပြီး သီချင်းအကျယ်ကြီး ဆိုချင် ဆိုနေပေ မည်။ ထိုအခါ ကျောင်းသားအချင်းချင်း ညှိနှိုင်းပြီး အဖြေတစ်ခုထွက်သွားတတ် သည်။ သီချင်းဆိုသော သူကဆိုတာကို မရပ်ဘဲ တိုးတိုးသာဆိုပြီး စာကျက်သော သူကို အနှောင့်အယှက်မဖြစ်စေခြင်း ဆိုသော ညှိနှိုင်းမှုများ ရနိုင်သည်။ သည်းခံစိတ်၊ ရိုင်းပင်းစိတ်၊ ညှိနှိုင်းတတ် သောစိတ် စသည်တို့သည် တက္ကသိုလ် အဆောင်များနှင့်အတူ  ပျောက်ဆုံးတန် သလောက် ပျောက်ဆုံးသွားကြ၏။
နိဂုံးချုပ်ဆိုရသော် ရွာသားကို လက် ရောက်မှုသဏ္ဌာန်ဖြစ်သော ဖြစ်ရပ်ကို အားမပေးပါ။လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း၊ မိဘ၊ ဆရာသမားများ ကိုသော်လည်းကောင်း စော်ကား   သလိုဖြစ်မိသည်ရှိသော် ကျွန်တော်၏ စာအရေးအသား တင်ပြပုံညံ့ဖျင်းခြင်း ကြောင့်ဟု နားလည်ပေးစေချင်သည်။
ဆိုလိုချင်သည်က စနစ်တစ်ခု၏အောက်မှာ စီးပွားရေး ချွတ်ခြုံကျ မိဘ များက ကလေးတွေအပေါ် ရှင်းပြပြီး ဆုံးမဖို့ အချိန်မရ။ ရိုက်နှက် ဆုံးမမိကြ။ ကျောင်းပညာသင်ကြားရေးမှာ တုတ်ပြ သင်ကြားခဲ့ရသော စနစ်များ၊ ပြန်ပြောခွင့် ဆွေးနွေးခွင့် နည်းခဲ့သော ပညာရေး စသည်တို့က အထက်က ဖော်ပြခဲ့သော လက်ရောက်မှုဖြစ်စဉ် နောက်ကအ ကြောင်းတရားကြီး၏ နောက်ကွယ်မှ တွေးစရာရှုထောင့်များဟု ထင်၏။
မျက်မမြင် ပုဏ္ဏားခြောက်ယောက်၏ ဆင်ကြီးကိုစမ်းပြီး ထင်ရာပြောတဲ့ ပုံပြင် ထဲကလို ကျွန်တော့်အတွေးများ ဘေးချော် ခဲ့သော် ခုနှစ်ယောက်မြောက်မျက်မမြင် ပုဏ္ဏားအဖြစ် စာဖတ်သူက မြင်ပေးပြီး ခွင့်လွတ်ပါစေကြောင်း။