ကညန ဝန်ထမ်းသုံးဦးကို စသုံးလုံး အမှုဖွင့်

0
606

ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများကို အပိုငွေကြေးရယူကာ စစ်ဆေးချက်များ အောင်မြင်စေရန် လုပ် ဆောင်သည်ဟုဆိုကာ တိုင်းအတွင်းရှိ ကညန ဝန်ထမ်း ၃ ဦးကို စသုံးလုံး (စစစ(အထူးစုံစမ်းစစ်ဆးရေးဦးစီး ဌာန)) မှ တရားလိုလုပ်ကာ ဧပြီလ ၁၇ ရက် က အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယာဉ်မောင်းလိုင်စင်အတွက် စာမေးပွဲ ဖြေဆိုရာတွင် ကျရှုံးသူများကို အပိုငွေ ကြေးရယူကာ ရေးဖြေအဖြေလွှာ အသစ် တွင်အချက်အလက်များ ရေးသွင်းစေပြီး စစ်ဆေးချက် အောင်မြင်စေရန် လုပ်ဆောင် မှုများအတွက် ထားဝယ်မြို့၊ တိုင်းကညန ရုံးရှိ ယာဉ်မောင်းစစ်ဆေးရေးဌာန စိတ် မှ စစ်ဆေးရေးမှူး ၂ နှင့် စစ်ဆေးရေးမှူး ၃ တို့ကို အမှုဖွင့်ထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးရေးမှူး နှစ်ဦး ရယူထားသော မတူညီသည့်ငွေကြေး ပမာဏနှစ်ခုအတွက် အမှုနှစ်ခု ဖွင့်ထား ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ၉ လအတွင်း (က) ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ ၆၁၂ ဦးထံမှ စစ်ဆေးရေးမှူး ၂ က အပိုငွေကြေး သိန်း ၄၀ ကျော်(၄၂၅၇၀၀၀) ကျပ် ရယူခဲ့ပြီး ယင်းပမာဏထဲမှ စစ် ဆေးရေးမှူး ၃ ကို ငွေကျပ် ၁၀သိန်းကျော် (၁၀၈၀၀၀၀) ခွဲဝေပေးထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စစစ မှ ဦးစီး အရာရှိဖြစ်သူက တိုင်တန်းခဲ့ခြင်း ဖြစ် ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။
ထို့အပြင် (ခ) ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများထံမှ အပို ကြေးငွေ ၆၅ သိန်းကျော်(၆၅၈၀၀၀၀) ကျပ်ကို စစ်ဆေးရေးမှူး ၂ ဖြစ်သူက ရယူပြီး စစ်ဆေးရေးမှူး ၃ ဖြစ်သူကို ငွေကျပ် ၁၉ သိန်း(၁၉၀၀၀၀၀)ကျပ် ခွဲဝေ ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းအပြင် မြိတ်ခရိုင် ကညနရုံး ယာဉ်မောင်းစစ်ဆေးရေး ဌာနစိတ်မှ တာဝန်ခံ (စစ်ဆေးရေးမှူး ၂ )ကို (ခ) ယာဉ်မောင်းလိုင်စင် အသစ်လုပ်သူ ၃ ဦးထံမှ ငွေကျပ်ခြောက်သောင်းကို ပွဲစားမှ တစ်ဆင့်ယူကာလူကိုယ်တိုင် ဖြေဆိုစရာ မလိုဘဲ အောင်မြင်ကြောင်း ထောက်ခံ လက်မှတ် ထုတ်ပေးသည့်အတွက် စစစ ဌာနဦးစီးအရာရှိတစ်ဦးက တရားလိုလုပ် ကာ ဧပြီလ ၁၇ ရက်တွင် အမှုဖွင့်ထား ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။” အပြစ်ရှိလို့ ပြစ်ဒဏ်ချမှတ်ခံရမယ် ဆိုရင်တော့ ဝန်ထမ်းအဖြစ်ကနေ ထုတ် ပယ်ရမှာပေါ့” ဟု ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိန်က ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ရှိ တိုင်း ကညနရုံးမှ စစ်ဆေးရေးမှူး ၂ နှင့် မြိတ်ခရိုင်ရုံးမှ စစ်ဆေးရေးမှူး ၂ တို့ကို ဖမ်းဆီးထားပြီး တိုင်းရုံးမှ စစ်ဆေးရေး မှူး ၃ မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။အမှုဖွင့်ခံရသည့် ကညန ဝန်ထမ်း ၃ ဦးနေရာတွင် အစားထိုးတာဝန်ထမ်း ဆောင်မည့်သူများ မကြာမီ ရက်ပိုင်း အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိန်က ဆိုသည်။

တိုင်းကညနရုံးမှ စစ်ဆေးရေးမှူး ၂ နှင့် စစ်ဆေးရေးမှူး ၃ တို့ကို ရာဇသတ် ကြီးပုဒ်မ ၄၀၉/၁၀၉ ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး မြိတ်ခရိုင် ကညနရုံးမှ စစ်ဆေးရေးမှူး ၂ ကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲမှတ်တမ်းအရ သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည် သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)ကို ကျူးလွန်ပါက ထောင်ဒဏ်တစ်သက် တစ်ကျွန်း(၂၀နှစ် )ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရ သည်။
ရာဇသတ်ကြီးပုဒ်မ ၁၀၉ (အားပေး ကူညီမှု)ကို ဖောက်ဖျက် ကျူးလွန်ပါက ကျူးလွန်သည့်ပြစ်မှုရင်းအတွက် ပြဋ္ဌာန်း သည့် ပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း သိရသည်။