ခရီးသည်တင် ပဲ့ချိတ်များအပေါ် စည်းကမ်းထိန်းသိမ်းမှု အားနည်းဟု ဝေဖန်

0
409

ကော့သောင်း-ရနောင်းခရီးသည် တင် ပဲ့ချိတ်များအား စည်းကမ်းထိန်း သိမ်းမှု အားနည်းနေသည်ဟု ဒေသခံ ခရီးသွားများ ဝေဖန်ပြောဆို လျက်ရှိ သည်။
ဧပြီ ၂၆ ရက်က မွေတော်ကျွန်း ကျောက်ဆောင်အနီး ပဲ့ချိတ်တစ်စင်း လှိုင်းပုတ်နစ်မြုပ်ခဲ့ပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ပဲ့ချိတ် များအား စည်းစနစ်တကျ ကြီးကြပ် သင့်ကြောင်း ကော့သောင်း-ရနောင်း သွားလာနေကြသည့် ခရီးသွားများထံမှ ဝေဖန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
“မြို့မတံတားတွေ၊ ဓမ္မာရုံကူးတို့ ဆိပ်တွေမှာဆို ခရီးသည်လုတာမျိုးတွေ မကြာခဏ ကြုံရတယ်၊ ပြီးရင် လှေ မထွက်ဘဲ ထိုင်စောင့်ခိုင်းထားတာမျိုး၊ ခရီးသည်ပိုတင်လည်း အန္တရာယ်ရှိတာ သိပေမယ့် မပြောရဲဘူး၊ လှေတိုင်းတော့ မဟုတ်ပါဘူး”ဟု ကော့သောင်းမှ ရနောင်း သို့ မကြာခဏ ကူးသန်း သွားလာနေ သည့် ခရီးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

 
ပဲ့ချိတ်များကို လူ ၁၀ ဦးထက်ပို မတင်ရန်၊ လှေစီးခရီးသည်များ အသက် ကယ်အကျီဝတ်ရန်၊ လှေသား ၂ ဦးထက် ပိုမလိုက်ရန် သတ်မှတ် ထားပြီး စည်းကမ်း မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာ ချက် ထုတ်ထားကြောင်း ရေယာဉ်ငယ် ထိန်းသိမ်းရေးအသင်းမှ သိရသည်။
သို့သော် ဧပြီလ ၂၆ ရက်က တိမ်း မှောက်ခဲ့သည့် ပဲ့ချိတ်တွင် ခရီးသည် ၁၆ ဦးနှင့် လှေသား ၂ ဦး လိုက်ပါခဲ့ သည်။

 
” စည်းကမ်းချက်တွေ ထုတ်ထား ပါတယ်၊ ပဲ့ချိတ်အသင်းဝင်ထဲက တစ် ချို့လဲ လိုက်နာတယ်၊ ကျွန်တော်တို့ ရုံးကတော့ ကြီးကြပ်မှု သေချာ မလုပ် နိုင်သေးပါဘူး၊ လက်ရှိမှာ အရင်ဥက္ကဋ္ဌ ဆုံးသွားလို့ အသင်းဥက္ကဋ္ဌတောင် ပြန်မရွေး ရသေးဘူး၊ ၅ လပိုင်းအစ မှာတော့ သေချာကြီးကြပ်ဖို့ စီစဉ်နေပါ တယ်” ဟု ယာယီဥက္ကဋ္ဌကိုယ်စား တာဝန်ခံ စာရေး ဦးမြင့်ဇော်က ပြောသည်။
ခရီးသည်များဘက်ကလည်း အသက် ကယ်အင်္ကျီဝတ်ခိုင်းပါက အချို့မှာ မဝတ်ချင်ကြကြောင်း ပဲ့ချိတ် ပြေးဆွဲနေ သူများက ဆိုသည်။
ကော့သောင်းမြို့တွင် တရားဝင် လိုင်စင်ပြုလုပ်ထားသည့် ပဲ့ချိပ်အစီး ၁၀၀ ခန့်ရှိပြီး ၇၀ ခန့်သာပြေးဆွဲလျက် ရှိကြောင်း ရေယာဉ်ငယ် ထိန်းသိမ်းရေး အသင်းမှ သိရသည်။