ဒေသထွက် ကြိမ်တင်ပို့မှု လေးပုံသုံးပုံ ကျဆင်း

0
468

ထားဝယ်ဒေသထွက် ကြိမ်လုံးများ ကို ရန်ကုန်မြို့ကို တင်ပို့လျက်ရှိရာ ယခင်ရာသီထက် တင်ပို့မှု ၄ ပုံ ၃ ပုံ ကျဆင်းခဲ့ကြောင်း ကြိမ်တင်ပို့နေသည့် ရွှေပင်လယ်ကုမ္ပဏီ၏ တနင်္သာရီတိုင်း တာဝန်ခံထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်က ကြိမ်လုပ်သည့် တစ်ရာသီလျှင် ကြိမ်လုံးဆိုဒ် အကြီး၊ အသေး အလုံးရေ နှစ်သိန်းခန့်တင်ပို့ နေရာမှ လက်ရှိအချိန်တွင် အလုံးရေ ငါးသောင်းခန့်သာ တင်ပို့ရတော့ကြောင်း အဆိုပါကုမ္ပဏီ၏ တနင်္သာရီတိုင်း တာဝန်ခံ ဦးကျော်လွင်က ဆိုသည်။ ” ဒီနှစ်(ရာသီ)ကတော့ ဈေးကွက် အခြေအနေမကောင်းလို့ တင်ပို့မှု လျော့ကျ သွားတယ်”ဟု ဦးကျော်လွင်က ပြောသည်။

နှစ်စဉ် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအထိ ကြိမ် ထုတ်သည့် ရာသီအဖြစ် လုပ်ကိုင်ကြပြီး ထားဝယ်ခရိုင်ထွက် ကြိမ်လုံးများကို ဒီဇယ်ဖြင့်ပေါင်းကာ ရန်ကုန်မြို့ရှိ ရွှေပင်လယ် ကုမ္ပဏီစက်ရုံသို့ တင်ပို့ ကြောင်း သိရသည်။

ထားဝယ်တွင် ဒီဇယ်ဖြင့် ပေါင်းခံ ကာ အနည်းငယ်ပြုပြင်ထားသည့် ကြိမ် များကို ရန်ကုန်မြို့ရှိ ကုမ္ပဏီစက်ရုံတွင် ထပ်မံပြုပြင်ပြီး ထိုင်ဝမ်နိုင်ငံနှင့် တရုတ် နိုင်ငံတို့ကို ကြိမ်အလုံးလိုက်နှင့် ပရိ ဘောဂပစ္စည်းများအဖြစ် ကုန်ချောထုတ် ကာ ဆက်တင်ပို့ကြောင်း ဦးကျော်လွင် က ဆိုသည်။
ယခုရာသီတွင် နိုင်ငံခြားတင်ပို့မှု နည်းပါးလာခြင်းကြောင့် ကုမ္ပဏီမှ ထားဝယ်ဒေသထွက်ကြိမ်များကို လျှော့ချ ဝယ်ယူလာခြင်း ဖြစ်ကြောင်း ဦးကျော်လွင် က ဆိုသည်။

ပြည်ပပို့ကုန်အဖြစ် ရောင်းတန်းဝင် သည့် ကြိမ်လုံးအကြီး၊ အသေး အလုံးရေ ၂ သိန်းကို ငွေကျပ် သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိပြီး ပြည်ပပို့ဈေးနှုန်းကိုမူ မသိ ရှိကြောင်း ၎င်းက ပြောသည်။လက်ရှိအချိန်တွင် ထားဝယ်မြို့ရှိ ရွေပင်လယ်ကုမ္ပဏီ၏လုပ်ငန်းတွင် ကြိမ် ပရိဘောဂ ပစ္စည်းများအဖြစ် ထိုင် ခုံ ၃ မျိုးခန့် ထုတ်လုပ်လျက်ရှိပြီး လာမည့်နှစ်တွင် ပရိဘောဂ ပစ္စည်း အမျိုး အစားများ ထပ်တိုး ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခု အနက် ထားဝယ်မြို့နယ်၊ မေတ္တာမြို့နှင့် ကံပေါက်ဒေသများမှ ကြိမ်များကို အဓိက ရယူကြောင်း သိရသည်။