မြောင်းပုလဲချောင်းကို မိုးမကျမီ အပြီးတူးဖော်မည်

0
410

ထားဝယ်မြို့၏ အဓိကချောင်း တစ်ချောင်းဖြစ်သည့် မြောင်းပုလဲချောင်း ကို လာမည့် မိုးမကျမီအပြီး တူးဖော် သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။

မြောင်းပုလဲချောင်းမှာ ကျဉ်း မြောင်းကာ တိမ်ကောလု နီးပါးဖြစ်နေ သည့်အတွက် ဥတ္တံတားကြီးမှ မြောင်း ပုလဲတံတား (မြောင်းပုလဲ အထကအနီး)အထိ ၁၄၃၃ ပေကို တူးဖော်သွားမည် ဖြစ်ပြီး ချောင်းတစ်လျှောက်နေ ပြည်သူ များနှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

” သူတို့ကလည်း အားတက် သရော ပဲ ပူးပေါင်းမယ်လို့ ပြောကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ကျန်သည့် မြောင်းပုလဲစာသင် ကျောင်း(အထက)အနီးမှ ထားဝယ်မြစ် အထိအပိုင်းကိုလည်း လိုအပ်ပါက တူး ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
“မြောင်းပုလဲ ကျောင်းနားအထိပဲ တူးရင် အဆင်မပြေဘူး။ အားလုံးတူးမှ ရမှာ။ အဲဒီနားကိုက မြစ်ရေတောင် မရောက်တော့ဘူးလေ” ဟု ချောင်းအနီး နေထိုင်သည့် မြောင်းပုလဲရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

သို့သော် မြောင်းပုလဲရွာနောက်ပိုင်း တံတားအနီးအထိ တိုင်းတာမှုများလာရောက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်နှစ်က အဆိုပါချောင်း၏ ချောင်းဖျားဖြစ်သည့် ဝေဠုဝန် ဘုန်းကြီး ကျောင်းအနီးမှ ဥတ္တံတားကြီးအထိ ပေ ၃၈၀၀ ကို တူးဖော်ထားပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။