သူရ မချစ်ပိုရုပ်တုနှင့် ပန်းခြံတည်ဆောက်မှု ရပ်မိရပ်ဖအချို့ ကန့်ကွက်

0
393

ဧပြီလ ၂၆ ရက်တွင် အုတ်မြစ်ချခဲ့ သော သူရမချစ်ပို ရုပ်တုနှင့် ပန်းခြံအား လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာ အုပ်စု သောကြာပြင်လမ်းဆုံတွင် မတည် ဆောက်ရန် ယင်းရွာ အသင်းအဖွဲ့ခေါင်း ဆောင်များ အပါအဝင် ရပ်မိရပ်ဖ ၁၀ ဦးမှ ဧပြီလ ၂၅ ရက်က ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရ သည်။

မချစ်ပို သူရဘွဲ့ ရရှိခဲ့ခြင်းမှာ နယ်ချဲ့ အင်္ဂလိပ်၊ ဂျပန်များနှင့် တိုက်ပွဲ ဝင်၍ ရရှိခဲ့ခြင်းမဟုတ်ဘဲ ကရင်လူမျိုး များနှင့် တိုက်ခဲ့သည့် ပြည်တွင်းစစ်ပွဲ တွင် ရရှိခဲ့ခြင်းဖြစ်ရာ ကရင်လူမျိုး အများ အပြားနေထိုင်သည့် တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ်-မောင်းမကန်သွား အထင်ကရ ကားလမ်းပေါ် တည်ဆောက် ခြင်းမပြုလုပ်သင့်ကြောင်း တင်ပြထား သည်ဟု ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းထွန်း က ပြောသည်။
” ၂၁ပင်လုံကလည်း မေလထဲမှာ လုပ်တော့မယ်၊ တိုင်းရင်းသားချင်း အမြင်မှားတဲ့ လုပ်ရပ်မျိုး ဖြစ်မှာ စိုးလို့ ပါ” ဟု ဦးဝင်းထွန်းက ဆိုသည်။
လုပ်ငန်းများ ဆက်လက်လုပ်ကိုင် နေပါက ကျေးရွာသူ ကျေးရွာသားများ ထံမှ လက်မှတ်များ ထပ်မံကောက်ခံကာ ဥပဒေဘောင်အတွင်းမှ ဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ လက်မှတ်ရေးထိုး တင်ပြ ထားသူများက သူရမချစ်ပို ရုပ်တုထား ရှိခြင်းကို လုံးဝကန့်ကွက်ခြင်း မျိုး မဟုတ်ဘဲ မချစ်ပို၏ဇာတိ လောင်းလုံး မြို့နယ် နခံတောရွာတွင် ထားရှိသင့် ကြောင်း တင်ပြထားကြသည်။ယင်းရုပ်တုနှင့် ပန်းခြံတည်ဆောက် ရေး အစည်းအဝေးအား သောကြာပြင်ရွာ တွင် ပြုလုပ်ခဲ့စဉ်က ရွာသူရွာသားများ လာရောက် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကာ လက်ရှိအခြေအနေတွင် ကန့် ကွက်မှုများရှိသော်လည်း ဆက်လက် တည်ဆောက်သွားမည်ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ရုပ်တုနှင့်ပန်း ခြံတည်ဆောက်ရေးကော်မတီ အတွင်း ရေးမှူးလည်းဖြစ်သူ ဦးထိန်ဝင်းက ပြောသည်။

” ဒါ အများအတွက် လုပ်တာပါ၊ ပုဂ္ဂိုလ်ရေး မဟုတ်ဘူးဆိုပြီး ရှေ့ဆက်ပြီး လုပ်သွားမယ်လို့ ကော်မတီက ဆုံးဖြတ် ထားတယ်၊ သူတို့ (ကန့်ကွက်သူများ)နဲ့လည်းညှိနှိုင်းသွားမယ် ” ဟု ဦးထိန်ဝင်း က ပြောသည်။ကန့်ကွက်စာသည် ဝန်ကြီးချုပ်ထံ လိပ်မူထားသဖြင့် ဝန်ကြီးချုပ် မည်သို့ ဆုံးဖြတ်မည်ကို မသိသေးဟု နှစ်ဦး နှစ်ဖက်စလုံးက ပြောကြသည်။

ဧပြီလ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အုတ်မြစ်ချပွဲကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နှင့် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။