ထားဝယ်ကမ်းနားလမ်း ဆိပ်ကမ်း မြေငှားထားသူများအား ပြောင်းရွေ့ရက် ထပ်တိုး

0
508

ထားဝယ်မြို့ ကန်းနားလမ်း တစ် လျှောက်ရှိ ဆိပ်ကမ်းမြေကို ငှားရမ်း ထားသူများ ရွှေ့ပြောင်းပေးရမည့်ရက်ကို ထပ်တိုးပေးထားကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် ငှားရမ်းလုပ်ကိုင်နေကြေသည့် ကမ်းနား လမ်းတစ်လျှောက်ရှိ သဲကျောက်လုပ်ငန်း များ၊ စားသောက်ဆိုင်များကို ပြီးခဲ့သည့် မတ်လ ၃၁ ရက် နောက်ဆုံးထား ပြောင်း ရွှေ့ပေးရန် အကြောင်းကြားထားသည်။

သို့သော် ၎င်းတို့အနေဖြင့် ပြောင်း ရွှေ့ရန် အခက်အခဲရှိနေခြင်းကြောင့် နောက်ဆုံး ပြောင်းရွှေ့ရမည့်ရက်ကို မေလ ၁၅ ရက်သို့ ထပ်တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။”ဘယ်သူ့ကိုမှ ဆက်ပြီး ငှားဖို့ အစီအစဉ် မရှိပါဘူး၊ လက်ရှိ လုပ်နေတဲ့ သူတွေရော နောက်ထပ် လူတွေကိုရော ငှားဖို့ အစီအစဉ်မရှိပါဘူး” ဟု တိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။
လက်ရှိတွင် သဲကျောက်လုပ်ငန်း အချို့က ပြောင်းရွေ့ရန် ပြင်ဆင်နေကြပြီး သက်တမ်းတိုးပေးသည့်အချိန်မှာ အပြောင်း အရွေ့လုပ်ရန် မလုံလောက်ဟု ထားဝယ် မြို့ မြစ်သဲ၊ကျောက် လုပ်ငန်းရှင်အသင်း ၏ အတွင်းရေးမှူးက ဆိုသည်။

သဲကျောက်လုပ်ငန်း လုပ်ကိုင်ရန် မြေနေရာ ရှာဖွေရာတွင် ငွေကြေး၊ နေရာ စသည့် အခက်အခဲများစွာ ကြုံတွေ့ရ ကြောင်း သဲကျောက်လုပ်ငန်းရှင်အချို့က ပြောသည်။ယင်းအပြင် ပြီးခဲ့သည့် မတ်လ အတွင်းက တိုင်းဒေသကြီး အစိုးရ အတွင်းရေးမှူးက သဲကျောက်လုပ်ငန်း များ အတွက် မြေနေရာ ကို အပိုင်ရှာ ပေးမည်ဟု ပြောဆိုခဲ့ကြီး ကတိတည် မည်ဟု မျှော်လင့်ကြောင်း ထားဝယ်မြို့ မြစ်သဲ၊ ကျောက် လုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူးက ဆိုသည်။
“မြေအစားနေရာကို အငှား မဟုတ် ဘဲ အပိုင်ပေးမယ်လို့ ကတိစကား တည်မယ်လို့ မျှော်လင့်ရတာပဲ” ဟု အသင်း အတွင်းရေးမှူးက ဆိုသည်။
မြေနေရာအစားပေးရန်ကိုမူ ဆိပ် ကမ်းအာဏာပိုင်၊ မြေစာရင်းဌာနများ နှင့် ညှိနှိုင်း လုပ်ဆောင်နေကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးကြည်လှိုင်ထံမှ သိရသည်။