မြန်မာပြည်သိန်းတန် Sigmoid Curve သိလေသလား

0
473

မြန်မာပြည် အဝန်းမှ ရွက်ပုန်းသီး အဆိုဝါသနာရှင်လေးများကို ဖော်ထုတ် ပေး မြေတောင်မြှောက်ပေးသည့် မြန်မာ အိုင်ဒေါ Season 2 ပြီးဆုံးခဲ့ပြီ ဖြစ်သည်။မြန်မာအိုင်ဒေါ Season 2  ကို  Season 1 ထက် စိတ်ဝင်စားသူပိုများ ခဲ့မည်ထင်သည်။
မြန်မာအိုင်ဒေါ Season 2 ကို ပိုမို စိတ်ဝင်စားစေခဲ့သည့် အချက်များထဲမှ တစ်ခုမှာ ဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာ ပြည်သိန်းတန်ကြောင့်ဟုဆိုလျှင် မှား လိမ့်မည် မထင်။

သူ၏အနုပညာသက်တမ်းမှာ နှစ် ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပေပြီ။  အဆို ရော အတီးပါ ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ် ကြောင်းကို Season 2 ၏ Season 2 Grand Final Show  တွင် ပြသသွားသည်ကို ပရိတ် သတ်များအနေဖြင့် အံ့ဩဘနန်းမြင် တွေ့ခဲ့ရ၏။
အလောင်းစည်သူမင်းကြီး၏ စကားငှားပြောရလျှင် ” ငါမအိုသေး” ဆိုသည်ကို ပြသသွားခြင်း ဖြစ်သည်။
သူ့ခေတ်သူ့အခါက အဆိုကောင်း အတီးကောင်း၍ သူ့ကို လူကြိုက်များခဲ့ သည်။

 
သို့သော်လည်း ယခုအချိန်တွင် သူ့ကို ပရိသတ် စိတ်ဝင်စားခြင်းမှာ သူ၏ ဂီတထက် သူ၏တောက်တောက်ပြောင် ပြောင်ဝတ်စားတတ်သည့် ဖက်ရှင်ကြောင့် ဟု ပြောရပေမည်။အမေရိကန်နိုင်ငံတွင် နှစ်အတော် ကြာ သွားရောက်နေထိုင်ခဲ့ပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာချိန် တွင်မူသူ၏အဝတ်အစား ဖက်ရှင်ပုံစံ များမှာ အရင်ကနှင့်မတူ တမူထူးခြား ပြောင်းလဲသွားသည်။ အစပိုင်း၌ သူ၏ဖက်ရှင်ပုံစံကို ပရိသတ်များက လှောင် ပြောင်ခဲ့ကြသည်။

 
သို့သော်လည်း မြန်မာအိုင်ဒေါ Season 2  တွင် ဒိုင်တစ်ဦးအဖြစ် စတင် တာဝန်ယူချိန်မှစ၍ သူ၏ဖက်ရှင်ပုံစံကို ပရိသတ်များ စတင် စိတ်ဝင်စားလာခဲ့ ကြသည်။ တစ်ပတ်ပြီးတစ်ပတ် သူဘယ် လိုဝတ်စားလာမလဲဆိုသည်ကို အားလုံး စောင့်မျှော်ကြရသည်အထိ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့လေသည်။ သူ၏မှတ်ချက်များကလည်း ပရိသတ် များကို ဖမ်းစားနိုင်ခဲ့သည်။ သူ၏လေယူ လေသိမ်း စကားလုံး ရွေးချယ်မှုနှင့် စကားပြောဆိုဟန်တို့မှာ တစ်မူထူးခြား၍ နေပေသည်။ ဂီတပညာရှင်တစ်ဦးပီသ စွာဖြင့် ဝေဖန်စရာရှိသည်ကို ဝေဖန် ချီးကျူးစရာရှိသည်ကို ချီးကျူးပြီး ဖြောင့် ဖြောင့်မတ်မတ် သုံးသပ်ပေးသွားသည် ကိုလည်း တွေ့ရသည်။ သူ၏မှတ်ချက် များထဲမှ သူ၏အမှတ်သင်္ကေတသဖွယ် ဖြစ်သွားစေသည့်စကား နှစ်ခွန်းမှာ ” အန်ကယ်ကတော့ နိုးပါကွယ်” နှင့်     ” ခေသူမဟုတ် ” တို့ပဲ ဖြစ်ပါသည်။

ဦးသိန်းတန်၏ အဝတ်အစား ဖက် ရှင်ဒီဇိုင်းကို မျက်စိစပါးမွေးစူးခဲ့သူ များထဲတွင် ကျွန်တော်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။
သို့သော်လည်း မြန်မာအိုင်ဒေါ Season 2 Grand Final Show ပြီးဆုံး ခဲ့ပြီးနောက်တွင် ဦးသိန်းတန်နှင့် ပတ် သက်ပြီးကျွန်တော့်ခေါင်းထဲတွင် အတွေး တစ်စပေါ်လာခဲ့သည်။ ဦးသိန်းတန်သည် သူ၏အောင်မြင်မှုကို ဆက်လက် ထိန်း ထားနိုင်ရန်အတွက် အခြေအနေအသစ် တစ်ရပ်ကို ဖန်တီးလိုက်ခြင်း ဖြစ်နိုင် သည်။

 

သူ့သီချင်း သူ့ဂီတကို စွဲလမ်းနှစ် သက်သူများမှာ ယခုအချိန်တွင် လူလတ် ပိုင်း လူကြီးပိုင်းတွေ ဖြစ်နေပြီဖြစ်သည်။ ဆယ်ကျော်သက်များအနေဖြင့်  Hip Hop, Rap, R&B, Reggae, Pop, Rock  စသည့် ဂီတအမျိုးအစားများကို ရူးသွပ်နေချိန်တွင် သူ့သီချင်းများကို ကြိုက်နှစ်သက်ရန်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် သူ၏အဝတ်အစား ဖက်ရှင် ဒီဇိုင်းဖြင့် လူငယ် လူကြီးအားလုံးကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

ယခုအချိန်တွင် သူ၏အောင်မြင် မှုလမ်းကြောင်းသည် ပြန်လည်ဦးမော့လာ ပြီဟု ပြောနိုင်သည်။ သူနှင့်သက်ရွယ်တူ အခြားအနုပညာရှင် အများစုအနေဖြင့် အောင်မြင်မှုကို ထိန်းထားနိုင်ရန် ရုန်း ကန်နေရချိန်တွင် သူ့အနေဖြင့် အေးအေး ဆေးဆေး ဖြတ်သန်းနေနိုင်သည်ကို တွေ့ရသည်။
အခြားလူငယ်သရုပ်ဆောင်၊ အဆို တော်အများစုသည်လည်း လက်ရှိ အောင်မြင်မှု လမ်းကြောင်းတစ်ခုတည်း အပေါ်တွင် မှီခိုခြင်းမျိုးမဟုတ်ဘဲ အခြား သော လမ်းကြောင်းသစ်များကိုလည်း ဖန်တီးနေကြသည်ကို တွေ့နေရသည်။ ဥပမာ စိုင်းစိုင်းခမ်းလှိုင်က နှုတ်ခမ်းနီ ဆိုးဆေး ထုတ်လုပ်ခြင်းမျိုး ဖြစ်သည်။ အခြား ဆယ်လီများအနေဖြင့်လည်း အဝတ်အစား၊ ဦးထုပ်၊ ရေမွှေး စသည်ဖြင့် ထုတ်လုပ်နေကြသည်ကို တွေ့နေရသည်။

အောင်မြင်နေသူ တစ်ယောက်အနေ ဖြင့် သူ၏အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိပြီးလျှင် ပြန်လည်ကျဆင်းလာဖို့ များသည်။ မည်သူမျှထိပ်တွင် ထာဝရ မရပ်တည်နိုင်။ ထိုအချိန်မျိုးတွင် တစ်ခြားလမ်းသစ်တစ်ခုကို အစမပျိုး ထားလျှင်ဘ၀အခြေအနေ ယိမ်းယိုင်သွား နိုင်သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် တစ်ချိန်က ရွှေထီးဆောင်းခဲ့ဖူးပြီး လက် တွေ့တွင် ဘ၀ကိုခက်ခဲပင်ပန်းစွာဖြင့် ရုန်းကန်နေရသူများကို တွေ့ကြရပေမည်။ ကျွန်တော်တို့အနေဖြင့် သတိထားပြီး ဖြတ်သန်းကြရမည်ဖြစ်သည်။ ကျွန်တော် တို့အနေဖြင့် အောင်မြင်မှုကို ထိန်းထား နိုင်မည့် နည်းလမ်းများထဲမှ လေ့လာထား သင့်သည့်   Success Curve    (အောင်မြင်မှုမျဉ်းကွေး)များထဲမှ သင့် တော်သည့် Curve  တစ်ခုအကြောင်း ကို အနည်းငယ်မျှ ဝေမျှပေးချင်ပါသည်။

ဗြိတိသျှဒဿနပညာရှင် Charles Handy  က Second Change Thinking  သို့မဟုတ် Sigmoid Curve    အကြောင်း ကို ဆွေးနွေးထားသည်။ Sigmoid Curve    ဆိုသည်မှာ အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန်မျဉ်း ကောက် (Curve )တစ်ခု ဖြစ်သည်။ ၎င်းကို ထုတ်ကုန်များ၊ အသင်းအဖွဲ့များ နှင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး စသည် တို့၏ အဆင့်ဆင့်ဖြစ်စဉ်များကို ဖော်ပြ ရာတွင် သုံးသည်။  အလုပ်တစ်ခုကို ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ တည်ထောင်ရာတွင်  Sigmoid Curve အရ (၁) Inception (ကနဦးအစ)၊ (၂)  Growth (ကြီးပွားတိုးတက်မှု)၊ (၃) Maturity (ရင့်ကျက်ခြင်း)၊ (၄)  Decline (ကျဆင်းမှု)ဟူ၍ အဆင့်လေး ဆင့်ကို ကျော်ဖြတ်ရမည် ဖြစ်သည်။ မိမိ၏လက်ရှိအလုပ် ကောင်းမွန်စွာ လည် ပတ်နေနိုင်စဉ်အတွင်း အခြားအလုပ်သစ် တစ်ခုကိုစတင်အကောင်အထည် ဖော် ထားရန်(ပုံတွင်အစက်မျဉ်းဖြင့်ပြထား) မှာအခြေခံကျသောအကြောင်း ဖြစ်သည်။
ပဏာမခြေလှမ်းအသစ် (a new initiative)ကို ပထမလုပ်ငန်း စတင် မကျဆင်းမီ အစပြုထားနိုင်ပါမှ အမြဲတမ်း ဖွံ့ဖြိုးတိုးတက်မှု (constant growth and development) ကို ရရှိမည်ဖြစ် ကြောင်းကို Charles Handy  က အကြံပြုထားသည်။

မည်သည့်အချိန်တွင်  Second Change Thinking  (အစက်မျဉ်း)ကို လုပ်သင့်သလဲ ဆိုသည်ကို ကြိုတင် တွက်ဆထားရ ပေမည်။ Sigmoid Curve အရ Maturity  ဖြစ်ပြီးချိန်နှင့်  Decline အကြားသည် အောင်မြင်မှု၏အထွတ် အထိပ် (peak) နေရာဖြစ်သည်။ ကျွန် တော်တို့အနေဖြင့် peak  နေရာ မရောက်မီ အချိန်တွင် a new initiative   ကို စတင်ထားသင့်သည်ကို တွေ့ရသည်။ သို့မှသာလျှင် constant growth and development  ကို ရရှိမည် ဖြစ်သည်။

မြန်မာပြည်သိန်းတန်သည် သူ၏ ဂီတအောင်မြင်မှု အကျပိုင်းရောက်ချိန်တွင် ဝတ်စားဆင်ယင်မှု ဖက်ရှင်ဒီဇိုင်းဖြင့် ပရိသတ်စိတ်ဝင်စားမှုကို ပြန်လည် မြှင့်တင်နိုင်ခဲ့သည်။ တပြိုင်တည်းတွင်ပင် သူ၏ ပညာသည်ပီသသည့် စိတ်ဖြင့် ဆိုအတီးကိုလည်း ထိန်းထားသည်။
အထက်တွင်ဖော်ပြခဲ့သည့်  Success Curve  သို့မဟုတ် Sigmoid Curve  နှင့် ကွက်တိပင် ဖြစ်သည်။
Sigmoid Curve အကြောင်း သူသိမသိဆိုတာ ကျွန်တော် မသိပါ။ သို့သော် မြန်မာပြည်သိန်းတန်၏ အောင်မြင်မှုကို ထိန်းပုံမှာ ယင်း Curve  နှင့် ကွက်တိဖြစ်နေသည်ကို တွေ့ရသည်။

ဤသည်မှာ ကျွန်တော်၏ ထင်မြင် ယူဆချက်သာဖြစ်၍ မှန်ချင်မှလည်း မှန်ပေမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန် တော်တို့အနေဖြင့် မြန်မာပြည်သိန်းတန် ထံမှ သင်ယူစရာပေါင်းများစွာ ရှိနေ သည်မှာအမှန်ပင် ဖြစ်သည်။