သင်္ကြန်အတွေးကွန်ရက်

0
397

ဒီနှစ်သင်္ကြန်ကတော့ဖြစ်ရင် သင်္ကြန် မိုးလေးနှင့်ပဏာရလှသည်။ မာရုသာ မုန်တိုင်းကို ရင်ဆိုင်ရင်းသင်္ကြန်တစ်နှစ် တော့ ပြီးသွားပြန်လေသည်။
သင်္ကြန်တွင်း ထားဝယ်တွင်ဟိုဒီ ခြေရှည်ရင်းတွေးမိသော သင်္ကြန်တွေး လေးများကို ကောက်ခြစ်မိသည်။အထင်အရှားတွေ့မိသည်မှာ သင်္ကြန် တွင် ထားဝယ်ကိုလာလည်သူများ သထက် များလာခြင်း ဖြစ်သည်။ လာလည် သူမှာ တည်းခိုခန်း၊ ဟိုတယ်တွေမကပါ။ ဘုန်းကြီးကျောင်းတွေမှာပါ အပြည့်             ဖြစ်နေသည်။ အချို့ဘုန်းကြီးကျောင်း တွေမှာဆိုလျှင် အောက်တွင် သမံတလင်း ခင်းထားသော ဆောက်လက်စ အဆောက် အအုံတွေမှာ ဖြစ်သလိုကာရံ အိပ်ကြရ သည်ကို တွေ့ရသည်။နောက်ဆုံး အမျိုးရှိတဲ့သူတွေအမျိုး အိမ်မှာတည်းကြ၊ အသိရှိသူတွေအသိအိမ် မှာ တည်းကြသည်အထိ ဖြစ်ခဲ့ရတယ်လို့ အချို့မိတ်ဆွေတွေက ပြောကြသည်။

 
တစ်ခုကြည်နူးစရာကောင်းသည် မှာ ထားဝယ်တက္ကသိုလ်အနီးက ကျောင်း သူ ကျောင်းသား အဆောင်တွေမှာလည်း တည်းနိုင်ကြောင်း အဆောင်အချို့ကစာ တမ်းများ မြင်သာအောင် ချိတ်ဆွဲထား တာပင် ဖြစ်သည်။အချို့နေရာများတွင်လည်း အဲဒီလို ကုသိုလ်ပြုတာမျိုး ရှိနိုင်သည်။ အခုတော့ မြင်တာလေးကို မှတ်တမ်းတင်မိခြင်း ဖြစ်သည်။ အချို့ဒေသခံများကလည်းကိုယ်နှင့်သိသိ၊ မသိသိ လိုလိုလားလား ပင် တည်းခိုခွင့် ပေးဖို့အသင့် ရှိခဲ့ကြသည်။
ဒေသခံတွေက ဒီလိုကိုယ်ထူကိုယ် ထ ကူကြတော့ အစိုးရအနေနဲ့လည်းတစ် ခုခုလေး လုပ်သင့်သလား တွေးမိသည်။ဥပမာ အကူအညီပေးရေး ဖုန်းနံပါတ် တစ်ခုထား၊ နေစရာအခက်အခဲကြုံက ဖုန်းဆက် အကူအညီတောင်းနိုင်၊ အားကစားရုံတွေမှာတည်းဖို့ စီစဉ်ပေးတာ၊ ဓမ္မာရုံတွေမှာ တည်းဖို့စီစဉ်ပေးတာ၊ အရင်က နိုင်ငံရေးဆွေးနွေးပွဲလုပ်တုန်းက ဧည့်သည်တွေ တည်းတဲ့နေရာတွေမှာ အခု ဘုရားဖူးသင်္ကြန်လည်လာတဲ့ ဧည့် သည်တွေကို တည်းဖို့စီစဉ်ပေးရင် တော် တော်ကောင်းမှာပဲလို့ တွေးမိသည်။လက်ဆယ်ချောင်း မပြည့်တဲ့ ဟိုတယ်၊ လူသိန်းဂဏန်းကျော်ကျော်လေးသာ ရှိတဲ့ ထားဝယ်အနေနှင့် သင်္ကြန်တွင်း သောင်းချီသော ဧည့်သည်လှိုင်းကြီးကို ဧည့်ခံဖို့ တယ်မလွယ်လှ။
ထိုအချိန်ဒေသခံတွေ ကူမ သလိုမျိုး အစိုးရရဲ့ ခရီးသွားလုပ်ငန်းဌာနကလည်း တနည်းနည်း တာဝန်ယူနိုင်မည်ဆိုလျှင် တင့်တယ်ပေစွဟု တွေးမိသည်။ထုံစံအတိုင်း လူတွေများလာတော့ ကားတွေကြပ်တော့သည်။ထားဝယ်ကိုလာလျှင် ဧည့်သည် တိုင်းနီးပါးပြောကြသည်မှာ ” လမ်းတွေ ကောင်းချက်”  ဟုပင်။ မှန်ပါသည်။ ပြီးခဲ့ သည့်သုံးလေးနှစ်မှစ၍ လမ်းများသိသာ စွာကောင်းလာသည်။ ထားဝယ်မြို့ အဓိက လမ်းမများအားလုံးနီးပါး နိုင်လွန် ကတ္တရာတွေ ဖြစ်ကုန်သည်။
သို့သော် လူတိုင်းနီးပါးပြောကြ သည့်အခြားအချက်တစ်ခုမှာ လမ်းကျဉ်း သည်ဟူ၏။ မှန်ပါသည်။ ထားဝယ်မြို့ရှိ လမ်းတွေဟာ မငြင်းနိုင်အောင် ကျဉ်းလှ သည်။ ပွဲဈေးတန်းလေးတစ်ခုရှိလို့ဖြစ် ဖြစ်၊ ကားတစ်စီးလောက်ခဏရပ်လို့ပဲ ဖြစ်ဖြစ်၊ ရှေ့မှာမြင်းလှည်းလေးနွဲ့ကလျ သွားနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ အဲလိုအချိန် ဆို ပိတ်လေပြီ။ (မြင်းလှည်းပိတ်ဖို့လော် နေသည်မဟုတ်ပါ။ အဖြစ်ကို ပြောတာပါ) ဆိုတော့ ထားဝယ်လာလည်သောဧည့်သည်အပေါင်းတို့လည်း ထိုဒဏ်ကို ခံကြရသည်။ အခြားမဆိုထားဘိ လမ်းအထိုက်အလျောက်ကျယ်သော သောကြာ ပြင်နှင့် ကမြောကင်းရွာတို့တွင်ပင် မောင်းမကန်မှ တက်လာသောကား၊ ရှင် တောက်ထိန်ဘုရားဖူးလာသောယာဉ်တို့ ဖြင့် ကြပ်ညှပ်နေခဲ့သည်။ သင်္ကြန်အကျ နေ့နှင့် အကြိုနေ့များတွင် ညနေပိုင်းသုံး နာရီခန့် ကားကြပ်ခဲ့သည်။ ရွာသားများ မိုးထဲရေထဲ လမ်းရှင်းပြီးနောက်မှာတော့ အနည်းငယ် ချောင်ချိသွားသည်။ နောက် နေ့တွင်တော့ ယာဉ်ထိန်းရဲတစ်ဦးကို            ရှင်တောက်ထိန်ဘုရားလမ်းရှေ့ တွေ့ရ လေသည်။

 
တကယ်တော့ ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောက်ထိန် ဘုရားသွားလမ်းက ကျဉ်းတဲ့အပြင် ဘုရားနားမှာကားရပ်နား ရာနေရာကလည်း ကြပ်လှသည်။ ဒါဇင် ချီသော ဘုရားဖူးကားများရောက်လာ ချိန်တွင် ထိန်းနိုင်ရန် မလွယ်တော့။   ဒါတောင် အဝေးပြေးကားကြီးများက လမ်းမပေါ်တွင်ရပ်ပြီး ဘုရားဖူးများက အတွင်းသို့ လမ်းလျှောက်ဝင်လို့သာ။နောက်ရက်တွင်တော့ ကားကြီး တွေကို ထားဝယ်တက္ကသိုလ် အဝင်ဝ တွင်သာ ရပ်ခိုင်းတော့သည်ကိုတွေ့ရ သည်။ ဘုရားဖူးတွေကတော့ လမ်း လျှောက်ပေတော့။ ဒေသခံတစ်ယောက် အနေနဲ့ ကြားက အားနာလှသည်။

 
ကျန်းမာရေးရသည်ဆိုသော်ငြားထို သို့ လည်ချိန်ပတ်ချိန် အချိန်ကုန် လူပန်း မဖြစ်ချင်သူတွေလည်း ပါကြမည် ထင် သည်။
ရှင်တောက်ထိန်မှမဟုတ်ပါဘူး။ အခြား ဘုရားဖူးများပြီး ကားကြပ်တဲ့ နေရာတွေမှာလည်း သည်ဖြစ်အင်နှင့် တိုးနိုင်သည်။ ထိုသို့ဘုရားဖူးများသည့် အချိန်များ၊ နောက်နှစ်သင်္ကြန်များ  ကျလျင်တော့ မည်သို့စီမံထားမည်ကို အတွေး ပွားနေမိသည်။
နောက်ပိုင်းတွင် မြို့သစ်မှလမ်း များပြီးသွားနိုင်သဖြင့် ရန်ကုန်ဘက်မှ လာသော အဝေးပြေးကားကြီးများ မောင်း မကန်ဆင်းလိုပါက မြို့ထဲဝင်စရာမလို ဖြစ်သွားရင်တော့ ပိုချောင်လာနိုင်သည်။သို့သော်မြို့ထဲရှိ ဘုရားတွေမှာတော့ ကားကကြပ်ဦးမည်။ ဈေးတွေမှာတော့ ကားကကြပ်ဦးမည်။ မြို့လေးကသေး သေးလေး၊ လမ်းတွေကလည်းသေးသေး လေးဆိုတဲ့အချိန်မှာ ခရီးသွားဦးစားပေး မည်ဆိုသည့် ဒေသအတွက် လူမကြပ်၊ ကားမကြပ်ရေး တာဝန်ရှိသူများမည်သို့ တွေးချင့်နေမည်ကို သိလိုလှသည်။ နောင် တွင်များ ဘယ်လိုများအဆင်ပြေအောင် အိပ်မက်စီမံချက်များ ရှိလဲပေါ့လေ။
နောက်တစ်ခု တွေးမိသည်မှာရေရှည် ကိစ္စဖြစ်သည်။ရေရှည်ကိစ္စတွင် သုံးချက်တွေးမိ သည်။အမှိုက်၊ ခရီးသွားနေရာသစ်နှင့် ရိုက်စားသူတို့ ဖြစ်သည်။
ခရီးသွားအလာများတော့ အမှိုက်များ သည်။သန့်ရှင်းသည်ဟု နာမည်ရသော ထားဝယ်မှာ ထိုမျှလောက်မသန့်ရှင်းလှ ပါ။အိမ်နောက်ဖေးအမှိုက်များ၊ ချောင်းထဲ ကအမှိုက်များ၊ မောင်းမကန်သွားလမ်းမှအမှိုက်ပုံကြီး၊ ပွဲတော်လမ်းတော်တစ်ခု ခုပြီးတိုင်း တင်ကျန်သောအမှိုက်များကနာမည်ရသလောက် မသန့်ရှင်းကြောင်း ပြဆိုနေသည်။ အမှိုက်ကိစ္စကို ခြေနိုင် လက်နိုင်ကတည်းကမရှင်းလျှင် နောက် တွင် ပြဿနာအမြစ် ပွားလာမည်။
ယခုခရီးသွားများ အများဆုံးလာ ကြသည်မှာ ရှင်ကိုးရှင်ဖြစ်သည်။ ရှင်ကိုး ရှင်သည် ဗုဒ္ဓဘာသာဘုရားဖူးများကို ဆွဲဆောင်နိုင်သည်မှာ မှန်သည်။ သို့သော် ဘာသာရေး အလွန်သို့ကြည့်ရန်လည်း လိုသည်။ ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်း လာကြရာ နောက်တွင် လိပ်ဥကို ကြီးကြီးနှင့် တန်အောင်တူးလိုသူများ လာပါက မည်သို့စီစဉ်ထားမည်နည်းဆို သည်မှာ အရေးကြီးပါသည်။ ဆိုလိုသည် မှာ ရှင်ကိုးရှင်အလွန် မက်လောက်စရာ လည်ပတ်စရာ၊ သွားလာစရာများ ဖန်တီး နိုင်ဖို့ဖြစ်သည်။ အခုတော hပင်လယ်ကြမ်း ပြင်အလှ ရေငုပ်လိုသူတို့အတွက် ကျွန်း ခရီးစဉ်များကိုပင် သွားခွင့်မရရှာ။ တကယ်တော့ ရှင်ကိုးရှင်ဟုသောစကား လုံးပင် ပေါ်လာသည်မှာ မကြာသေး   ကြောင်း ရှေ့မီနောက်မီတို့ သိပါသည်။

 
နောက်တစ်ခုကြားရသည်မှာ ထားဝယ် သင်္ကြန်ဈေးကြီးသည်ဟူ သတတ်။ တည်းခိုစရာဈေးကြီး၊ စားသောက်စရာဈေးကြီးစသည်ဖြင့်။ အားလုံးကို မဆိုလိုသော်လည်း အများစု ဈေးကြီးသည်ဟု ဆိုသည်။ ဒေသထွက် ရိုးရာလက်ဆောင်ပစ္စည်းအချို့လည်း ဈေးတက်သွားသည်ကို တွေ့ရသည်။ ထိုအခါ ငယ်ငယ်က သင်ခဲ့ရသောငန်းဥ ပုံပြင်ကို သတိရသည်။ တစ်နေ့တစ်လုံး ဥပေးနေသောငန်းကို ဥအများကြီးရှိမည် ဟု သတ်ပြီးနောက်တွင်မှ နောင်တ           ရတက်ပွေသော အဖြစ်မျိုး ဖြစ်သည်။ ခရီး သွားလုပ်ငန်းမှာလည်း ငန်းကြီးဖြစ် သည်။ တစ်ခါစားကြံပါက နောင်တွင် လန်သွားမည်။ နောက်မျိုးဆက်ပေါင်း များစွာ အထိစားနိုင်ရန် အထိအမျှော်အမြင်ရှိရှိချဉ်းကပ်ဆောင်ရွက်ကြဖို့ ဖြစ် သည်။
နောက်ဆုံးတွေးမိသည်မှာ သင်္ကြန် ဖက်ဒရယ်ဖြစ်သည်။ ထင်ရှားသည်မှာ မန္တလေးနှင့် ရန်ကုန်သင်္ကြန်အကွာအဟ။သက်ဆိုင်ရာဒေသ အစိုးရတွေကသင်္ကြန် ကိုမည်သို့ပုံဖော်မည်ကို လုပ်ပိုင်ခွင့် အပြည့် ရှိကြတော့ သူ့စွမ်းဆောင်ရည် အလိုက် ကွာသွားသည်။
သံချပ်တွေလည်း ထိုနည်းလည်း ကောင်း။ ရန်ကုန်တွင် သံချပ်ဆင်ဆာ တင်ရမည်၊ ပြီးတော့လည်းဟိုဟာမလုပ် ရသည်ဟာ မလုပ်ရဆိုတော့ ရန်ကုန်ကြီး က ကွန်မြူနစ်တိုင်းကြီးလားဟုပင် နောက် ကြပြောင်ကြသည်အထိ။ ရန်ကုန်သား တွေကတော့ မခံချိမခံသာပေါ့လေ။ ထားဝယ် မှာတော့ သံချပ်ဆင်ဆာမရှိဆိုပေမဲ့ ဗဟိုမဏ္ဍာပ်မှာတော့ သံချပ်အချို့အပိတ် ခံရသည်ဟု ကြားရသည်။
လုပ်ပိုင်ခွင့်အပြည့်ရှိသော သင်္ကြန် ကို သက်ဆိုင်ရာဒေသအစိုးရများက အပြိုင်အဆိုင်လုပ်ကြရာ အခြားကဏ္ဍများတွင် ထိုသို့လုပ်ကိုင်ခွင့်အပြည့်ရပါက မည်မျှ ကြည့်ကောင်းမည်နည်းဟု ရင်ခုန် တွေးမိသည်။
သည်တို့ကားသင်္ကြန်တွင်း ပွားမိ သော အတွေးစများဖြစ်သည်။ လူကြပ် ကားကြပ်ခြင်းနှင့် ရေရှည်ဆက်လက် တည်တံ့ရန် မည်သို့ရှေ့ဆက်မည်ကို အတွေးပွားမိခြင်း ဖြစ်သည်။
သည်လူကလေး ဖစုရဲ့ သင်္ကြန် အတွေးတွေဟာ စိုးရိမ်တတ်ရန်ကော ဆိုရင်ဖြင့်လဲ . . . ၊ အင်း . . . ဟုတ်ရင် လည်းဟုတ်မှာပါလေလို့သာ ဖြေမိမှာပါ။ သင်္ကြန်မိုးကြောင့် လန်းနေတဲ့စိတ်က လေးတွေကို ရှုပ်သွားစေတယ်ဆိုရင်ဖြင့် လဲ တောင်းပန်ပါသည်လေ။