ကြည့်မှန်

0
402

တိုင်းအစိုးရသစ်၏ ပထမဆုံး တစ်နှစ်တာကာလ လွန်မြောက်ပြီ။ခြေလှမ်းများစွာလှမ်းခဲ့သည်။ အလုပ်များစွာ လုပ်ခဲ့သည်။ ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့သည်။ နောက်ထပ်တစ်နှစ်ကိုလည်း ဆုံးဖြတ်ချက်အသစ်၊ ခြေလှမ်း အသစ်များနှင့်အတူ ထပ်ဖြတ်ကျော်နေပြီ ဖြစ်သည်။

 
လှမ်းခဲ့သည့် တစ်နှစ်တာ ခြေလှမ်းများနှင့်ပတ်သက်ပြီး မိမိကိုယ်တိုင်ကြည့်မှန် ကြည့်ခဲ့ မကြည့်ခဲ့။ ယခုလှမ်းနေသည့် ခြေလှမ်းများမှာ ပြီးခဲ့သည့်ခြေလှမ်းများ၏ အားနည်းချက် လစ်ဟာချက် အားသာချက်များကို ပြန်သုံးသပ်ပြီး လှမ်းနေခြင်း ဟုတ်မဟုတ်စသဖြင့် မေးခွန်းထုတ်စရာများစွာ ရှိသည်။ ထို့အတူပင်အခြားသူများ၏ ကြည့်မှန်တွင်မိမိအား မြင်ရသည့်အခြေအနေ ကိုဆင်ခြင်ခဲ့ခြင်း ရှိမရှိကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်။မေးခွန်းထုတ်ရသည့်အကြောင်းလည်း ရှိသည်။
လူအတော်များများ၊ အဖွဲ့အစည်းအတော်များများသည် ရှေ့သို့ချီတက်ရန် သာအားသန်ပြီး မိမိလက်ရှိအခြေအနေအား ပြန်လည်သုံးသပ်ဆင်ခြင်သည့် အလေ့အထ မရှိလှပေ။သို့သော် လူတိုင်း မှန်ကြည့်ကြသည်။
နေ့စဉ် ကြည့်ကြသည်။ ရည်ရွယ်ချက်မှာ အင်မတန် ရိုးရှင်းပါသည်။
မိမိကိုယ်မိမိလှသထက်လှအောင် ပြင်ရန်တနည်း ကြည့်ကောင်းသထက် ကြည့်ကောင်းအောင် ချယ်သရန်ဖြစ်သည်။ မိမိ၏ မျက်နှာနှင့်အရေပြားတွင် အပြစ်အနာအဆာများ တွေ့ပါကလည်း လက်မနှေးဘဲ ချက်ခြင်းပြင်ဆင်သည်။
ချယ်သသည်။ ပြုပြင်သည်။မှန်ကြည့်ရန် အရေးကြီးသည်။

 
ကြည့်ပြီးလျှင်လည်း အစွဲကင်းစွာဖြင့် ဆင်ခြင်သုံးသပ်ရန်လိုသည်။ ယင်းသို့သုံးသပ်ပြီးလျှင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်သည်။တိုင်းအစိုးရအနေဖြင့် ပြီးခဲ့သည့်တစ်နှစ်တာနှင့်ပတ်သက်ပြီး မှန်ကြည့်မည်ဟု မျှော်လင့်ပါသည်။