အသားအလေးချိန်မမှန်ဘဲ ရောင်းက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်

0
458

မြိတ်မြို့ရှိ ဈေးများအတွင်း အသား (ဝက်၊ အမဲ၊ ဆိတ်)များကို အလေးချိန် မမှန်ဘဲ ရောင်းချပါက လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။
ဈေးများအတွင်း အသားများ အလေး ချိန် မှန်ကန်မှု ရှိ / မရှိကို  ဧပြီလ ၁၁ ရက် က စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင် ကော်မတီက ရှောင်တခင် ဝင်ရောက် စစ် ဆေးခဲ့ရာ အလေးချိန်ကွာဟမှုများရှိနေ သည်ကို တွေ့ရကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။” အလေးချိန် လျော့နေတာ တွေ့ ရတာကို ပြန်လည်ပြင်ဆင်ပြီး ရောင်းချ ပေးပါလို့ သတိပေးခဲ့တယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

 
ဆိုင်များတွင် ရောင်းချနေသည့် အသား (ဆိတ်၊ အမဲ၊ ဝက်)များ၏ အလေးချိန်တို့ကို ဒီဂျစ်တယ်ချိန်စက်ဖြင့် ပြန်လည် ချိန်ကြည့်ခဲ့ရာ တစ်ပိသာလျှင် အနည်းဆုံး ၄ ကျပ်သားမှ အများဆုံး ၁၂ကျပ်သားအထိ လျော့နေသည်ကို တွေ့ ရှိခဲ့ရကြောင်း ဈေးကော်မတီမှ သိရသည်။
” ပိဿာ အလေးတုံးတွေက ဆိုင် ကနေ ဝယ်လာတဲ့အတိုင်းပဲ ချိန်တွယ်ပြီး ရောင်းချပေးနေတာပါ ” ဟု အသား ရောင်း ချနေသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

 
ရှောင်တခင်ဝင်စစ်ဆေးကာ ပထမ အကြိမ် သတိပေးခဲ့ပြီး ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးလျှင် အလေးချိန်         မပြည့်သည်ကို တွေ့ရှိပါက ဒဏ်ငွေ ချမှတ်သွားမည်ဖြစ်ကာ တတိယအကြိမ် တွင် ဆိုင်အရောင်းလိုင်စင် ပိတ်သိမ်း သည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီမှ သိရသည်။

 
ထို့ပြင် အသားဈေးနှုန်းများကို ဗွီနိုင်းဆိုင်းဘုတ်များဖြင့် ဈေးအတွင်း ဈေးဝယ်ယူသူများ တွေ့ရှိနိုင်အောင် ဈေးနှုန်း ဗွီနိုင်းဆိုင်းဘုတ်များ ချိတ်ဆွဲ ပေးပြီး ဒီဂျစ်တယ်ချိန်စက်များကို ထား ပေးထားကြောင်း စည်ပင်ကော်မတီမှ သိရသည်။ယင်း သမာဓိချိန်ခွင်တွင် ဈေးထဲမှ အသား(ဝက်၊ အမဲ၊ ဆိတ်)သားတို့ကို ဆိုင်များမှ ဝယ်ယူလာပြီး အလေးချိန် ပြည့်မပြည့်ကိုပြန်လည် ချိန်ကြည့်နိုင် မည်ဖြစ်ကြောင်း အထက်ပါ ကော်မတီမှ သိရသည်။