ငွေအလွဲသုံးသည်ဟုဆိုကာ တိုင်ကြားထားသည့်ကိစ္စ တစ်လကျော်ကြာသည်အထိ မထူးသေး

0
339

ထားဝယ်မြို့နယ် ကူးတို့ကျေးရွာ အုပ်ချုပ်ရေးမှူးက မြစိမ်းရောင်ကျေးရွာ ဖွံ့ဖြိုးရေးငွေထုတ်ချေးခြင်းနှင့် အခြား ငွေကြေးများ အလွဲသုံးသည်ဟုဆိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်ကြား ထားသည့်ကိစ္စမှာ အချိန်တစ်လ ကျော် ကြာသည်အထိ အခြေအနေ မထူးသေး ကြောင်း ဦးဆောင်တိုင်ကြားသူအချို့နှင့် ရွာသားများထံမှ သိရသည်။

 
ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ကူးတို့ရွာမှ ဒေသခံပြည်သူ ၂၀၀ နီးပါး လက်မှတ်ထိုးကာ မြစိမ်းရောင်စီမံကိန်း ငွေထုတ်ချေးရာတွင် ရွာသားအချို့၏ ကိုယ်စားလက်မှတ်အတုထိုးကာ ချေးငွေ ရယူထားသည့် ကိစ္စအပါအဝင် အခြား ငွေကြေး အလွဲသုံးထားခြင်းများကို တရားဥပဒေနှင့်အညီ ဖော်ထုတ်အရေး ယူပေးရန် တိုင်းဝန်ကြီးချုပ်ကို လိပ်မူ ကာ တိုင်ကြားထားခြင်း ဖြစ်သည်။”  အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့  အကျင့်စာရိတ္တပိုင်းနဲ့ ပတ်သက်ပြီး ပျက်ပြားနေလို့ တိုင်ကြားတာပါ” ဟု ဦးဆောင်တိုင်ကြားသူများအနက် တစ်ဦး ဖြစ်သည့် ဦးမျိုးခိုင်က ပြောသည်။

 
တိုင်ကြားစာနှင့် ပတ်သက်၍ ဧပြီ လ ၂၁ ရက်အထိ အစိုးရဘက်မှ တစ်စုံ တစ်ရာ အကြောင်းပြန်ကြားခြင်း မရှိ သေးဟု ဦးမျိုးခိုင်က ဆိုသည်။ကျေးရွာ အုပ်ချုပ်ရေးမှူးက မြစိမ်း ရောင်စီမံကိန်းတွင် ယခင်နှစ်က ငွေထုတ် ချေးထားသူ ၃ ဦး၏ လက်မှတ်ကို အတု ထိုးကာ ငွေကျပ်၁၀ သိန်းချေးယူထား ပြီး အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက တရားမဝင်ငွေစုဒိုင်အဖြစ် လုပ်ကိုင်နေ ကာ ငွေစုထည့်ဝင်ထားသူ ၁၀ ဦးကို ပြန်မပေးသည့်အပြင် ရွာသား ၆ ဦးထံမှ ငွေကျပ် သိန်း ၁၀၀ ခန့်ချေးယူထားပြီး ပြန်မဆပ်ဟူသည့် စွပ်စွဲချက်များ အဆိုပါ တိုင်ကြားစာတွင် ပါရှိသည်။

 
” အလွဲသုံးစားလုပ်ထားတာ မရှိလို့ စစ်ဆေးခံဖို့ အဆင်သင့်ပါပဲ ” ဟု စွပ်စွဲ ခံရသည့် ကူးတို့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။မြစိမ်းရောင်စီမံကိန်း ချေးငွေနှင့် ပတ်သက်၍ လက်မှတ်အတုထိုးပြီး ယူ ထားခြင်းမဟုတ်ဘဲ ဇနီးဖြစ်သူနှင့် ပုဂ္ဂိုလ် ရေးအရ ရင်းနှီးသည့်အတွက် ချေးငွေယူ သူ၏ သဘောတူညီချက်ဖြင့် ရယူခြင်း သာဖြစ်ကြောင်း ၎င်းက ဆိုသည်။” ကျွန်တော့်နာမည်သုံးပြီး ချေးငွေ ထုတ်ထားတာ လုံးဝ မသိလိုက်ဘူး” ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ၎င်း၏အမည် ဖြင့် ချေးငွေယူထားသည်ဟုဆိုသူ ကူးတို့ ရွာသား ဦးမြက ပြောသည်။

 
၎င်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကသာ ကိုယ်တိုင်ချေးငွေယူခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်တွင် ချေးငွေမယူတော့သော် လည်း အုပ်ချုပ်ရေးမှူးက ၎င်းနာမည်ဖြင့် ချေးငွေယူထားသည်ကို နောက်ပိုင်းမှ သိရကြောင်း ဦးမြက ဆိုသည်။” မမှန်မကန် လုပ်ထားတာကို ဥပဒေအရ ဖော်ထုတ်ပေးစေချင်ပြီး အုပ် ချုပ်ရေးမှူး အသစ် လဲလှယ်ပေးစေချင် တယ်”  ဟု တိုင်ကြားရာတွင် ပါဝင်သည့် ကူးတို့ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်သန်းက ပြောသည်။

 
ယင်းအပြင် ကျေးရွာအတွင်းရှိ မြေအရောင်းအဝယ်လုပ်ရာတွင်လည်း မတရားသဖြင့် ငွေကြေးတောင်းခံမှုများ ရှိကြောင်း ကူးတို့ကျေးရွာ ဒေသခံအချို့ က ဆိုသည်။” နှစ်သိန်းတောင်းတာ ပေးသာ ပေးလိုက်ရတယ်၊ ကျေနပ်လို့တော့ မဟုတ်ဘူး”  ဟု ကူးတို့ရွာမှ မြေကွက်ကို ငွေ ကျပ်သိန်း၂၇၀ ဖြင့်ရောင်းချခဲ့သူ ဦးတင်ရွှေက ပြောသည်။

 
တိုင်ကြား ပြောဆိုသူအများစုမှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် ပြောဆို တိုင် ကြားနေခြင်းသာဖြစ်ပြီး လက်မှတ် ရေးထိုးသူ ၇၀ ရာခိုင်နှုန်းခန့်မှာ အကြောင်း အရာကို တိတိကျကျမသိဘဲ လက်မှတ် ထိုးကြခြင်းသာ ဖြစ်ကြောင်း ကူးတို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
တိုင်ကြားစာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အပြင် တိုင်းလွှတ်တော်ဥက္ကဌ၊ တိုင်းလူမှုရေးနှင့် စည်ပင်ဝန်ကြီး၊ ခရိုင် အထွေထွေ အုပ်ရေးဦးစီးဌာန အစရှိ သည့် သက်ဆိုင်ရာဌာနများကို စာပို့တိုင် ကြားထားသည်။