” လျှပ်စစ်မီးမှာ ကျွန်မတို့ အားမရဘူး ” – တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တွေ့ဆုံခြင်း

0
752

တနင်္သာရီတိုင်းလုံးကျွတ် ရွေးကောက်ပွဲနိုင်ပြီး တက်လာသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ကို ပြဿနာပေါင်းများစွာက စောင့်ကြိုနေသည်။ ထိုကိစ္စများကိုရှင်းရန် တစ်နှစ်သားတနင်္သာရီတိုင်းဒေသကြီး အစိုးရမည်မျှ ခရီးပေါက်ခဲ့ပြီနည်း။ တစ်နှစ်တာကာလအတွင်း အားအရဆုံး လုပ်ဆောင်မှုများ၊ အားမရဆုံး လုပ်ဆောင်မှုများကားအဘယ် သို့နည်း။ ယင်းတို့နှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီအပတ်စဉ် အယ်ဒီတာရဲထွဋ် က တွေ့ဆုံမေးမြန်းထားပါသည်။

တနင်္သာရီ။ ။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန် တစ်နှစ် ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက် တွေနဲ့ ပက်သက်ပြီး အားအရဆုံးအချက် ၃ ချက်ကို ပြောပါဆိုရင် ဘာတွေ ဖြစ်မလဲခင်ဗျ။
ဒေါက်တာလဲ့လဲ့မော် ။ ။နံပါတ် တစ် တနင်္သာရီတိုင်းထဲမှာ ရှိတဲ့လမ်းတွေ အရည်အသွေးနဲ့ ပြည့်စုံလာတာပေါ့နော်။ အရင်တုန်းက လမ်းတွေဆိုလို့ရှိရင် သက်ဆိုင်ရာ သုံးစွဲရမယ့် ကျောက်တွေမှာ အနေအထား မမှန်တာရှိတယ်။ လမ်း ကြိတ်စက်နဲ့ ဘယ်အလွှာမှာ ဘာကြိတ် ရမယ်။ ဘယ်နှစ်ခေါက် ကြိတ်ရမယ်ဆို တာကို သတ်မှတ်တဲ့ စံချိန် စံညွှန်းအတိုင်း မလုပ်တာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်မ တို့ အစိုးရလက်ထက်မှာ အဲဒါတွေ လုပ် အောင် အတတ်နိုင်ဆုံးပေါ့နော်၊ အတတ် နိုင်ဆုံးလို့ ပြောတယ်နော် အားလုံးတော့ coverage  တော့မရဘူး။ အားလုံး coverage မရနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကြည့်နေတဲ့လူတွေက အစိုးရ အဖွဲ့တွေချည်းပဲ များတယ်။

တချို့ဒေသမှာတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဝိုင်းဝန်း ကြီးကြပ်ပေးပါတယ်။ ဒါပေမယ့် အမျိုးသားနဲ့ ပြည်သူ(လွှတ်တော်တွေ)ကတော့ နေပြည်တော်မှာ လွှတ်တော် တက်နေရတဲ့အချိန် များတဲ့အတွက် ကြောင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အများအား ဖြင့် ကြည့်ပေးပါတယ်။ဒါပေမယ့် ကျွန်မက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုချင်နေသေးတာ ပေါ့နော်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် မှု နည်းနေပါသေးတယ်။ အဲဒီအတွက် ကြောင့်မို့လို့ အားလုံးကို မဟုတ်သည့် တိုင်အောင် အရည်အသွေး တစ်စုံတစ်ရာ ပြည့်မီလာအောင် ကျွန်မတို့ ကြိုးစားပြီး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
နံပါတ် ၂ ငါးနဲ့ပတ်သက်တဲ့လုပ်ငန်း တွေကို စီးပွားရေးကဏ္ဍအရ ဖွံ့ဖြိုးတိုး တက်လာအောင် အထူးသဖြင့်ပြောရမယ် ဆိုရင် value added product (တန်ဖိုး မြှင့်ထုတ်ကုန်)အဖြစ်နဲ့ ထုတ်လုပ်နိုင် အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဟုတ် ဘဲနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ သူတွေကို ဖိတ်ခေါ်ဖို့ နိုင်ငံတော် အတိုင် ပင်ခံက ကျွန်မတို့ကို တွန်းအားပေးခဲ့ တယ်ပေါ့နော်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာရင်လည်း ခေါ်ပေါ့။ ဒါပေမယ့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုက လူတွေကလည်း ဥပဒေတွေ၊ နည်းဥပဒေတွေ သေသေ ချာချာ မရှိတဲ့အတွက် မထွက်သေးတဲ့ အတွက်ကြောင့် သူတို့ကလာဖို့ နည်း နည်း အခက်အခဲဖြစ်တော့ ဒီဒေသခံ ပေါ့နော် နည်းနည်းပါးပါး ရင်းနှီးမြှုပ်နှံ နိုင်တဲ့သူကို အကူအညီတောင်းပြီးတော့ မြိတ်ဒေသမှာ ပထမဦးဆုံး ကျွန်မ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် မြိတ်ဒေသမှာ တစ် ယောက်နဲ့တစ်ယောက် ဘယ်လို ခေါ်မလဲ အဆင်မပြေမှုတွေ မညီညွတ်မှုတွေ များတွက် ကြောင့်မို့လို့ ထားဝယ်သား တစ်ယောက်ကပဲ ဆင်ဖြူပြင်မှာ ငါး လေလံဈေးဆောက်ဖို့အတွက် မြေဧက ၂၀၀ အခုတော့ ဗဟိုလယ် / စီ (လယ် ယာမြေစီမံခန့်ခွဲမှုဗဟိုကော်မတီ)အဆင့် ထိတောင် ရောက်နေပါပြီ။ဗဟိုမှာ မြေနဲ့ပက်သက်တဲ့ Clearance  ဖြစ်အောင် လုပ်နေတယ်ပေါ့ နော်။ အဲဒါကတော့ နံပါတ် ၂ အချက် ပေါ့။

 

နံပါတ် ၃ အချက်ကတော့ ကော့သောင်း ခရိုင်ပါ။
ကော့သောင်းခရိုင်က အရင်က ဟိုးအရင်တုန်းက လွန်ခဲ့တဲ့ ဆယ်စု နှစ်စု ကျော်လောက်ဆိုလို့ရှိရင် သူကအင်မတန် မှ စီးပွားရေး ဖွံ့ဖြိုးတဲ့ဒေသတစ်ခုဖြစ်ခဲ့ တယ်ဆိုရင် ဘယ်သူမှ ငြင်းလို့မရဘူး လေ။ အခုကတော့ အရမ်းစီးပွားရေး ကျဆင်းနေတဲ့ အတွက်ကြောင့် သူ့ဒေသ ကိုလည်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး ကျွန်မတို့ Workshop တွေ လုပ်ပြီးတော့ ပြည်သူ တွေရဲ့ ဆန္ဒတွေ၊ သဘောထားတွေ၊ သူတို့ဖြစ်စေချင်တဲ့ အတိုင်းအတာတွေကို ကျွန်မတို့ သဘောထားတွေ ရယူလိုက် တဲ့အခါမှာ သူတို့က သူတို့မှာပေါ့နော် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ မြေလည်း မရှိပါဘူး။

 
တခြားရေသယံဇာတနဲ့ ထုတ် လုပ်တဲ့ ငါးလုပ်ငန်းလည်း အကြီးအကျယ် မဖွံ့ဖြိုးပါဘူးဆိုပြီးတော့ ကျွန်မတို့ ဒီ ခရီးသွားလုပ်ငန်းလေးကို သွားတွေ့ပါ တယ်။ ခရီးသွားလုပ်ငန်းလေးကိုတွေ့တဲ့အခါမှာ ကျွန်မကိုယ်တိုင် ကျွန်းတွေကို နှစ်ခေါက်တိတိ လိုက်ကြည့်ပါတယ်။ လိုက်ကြည့်တဲ့အခါကျတော့ တကယ်ပဲ အံ့မခန်းနိုင်စရာ ပေါ့နော်။ ကျွန်မတို့ မြန်မာရဲ့ အမွေအနှစ်တွေလို့ပဲ ပြောရမှာ ပေါ့။

 

ဒီသဘာဝသယံဇာတကို တည်မှီ ပြီးတော့ ကျွန်မတို့ ခရီးသွားလုပ်ငန်းလေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အကြံအဥာဏ်တွေ ရယူပြီးတော့မှ ကျွန်မတို့ရဲ့ ပြည်ထောင်စုဝန်ကြီး အန်ကယ် ဦးအုန်းမောင်တို့၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့နဲ့ တိုင်ပင် ညှိနှိုင်းပြီးတော့မှ ဒီခရီးသွားလုပ်ငန်း လေးကို ဖြေလျှော့ သင့်တာတွေဖြေလျှော့၊ ခုနက ဘုတ် (လှေ)နဲ့ပတ်သက်လို့ သူတို့တွေက မြန်နှုန်းမြင့်ဘုတ်(လှေ)တွေကို လက်မခံဘူးလေ နိုင်ငံတော်အစိုးရ က။
အဲတော့ ဖြေလျှော့သင့်တာတွေ ဖြေလျှော့ပြီး ကျွန်မတို့ လုပ်လိုက် တဲ့အခါမှာ အရင်တုန်းက ခရီးသွား တစ်နေ့ကို တစ်ရာကျော်လောက် ဒီအချိန်မှာ ဝင်တဲ့အခါမှာ အခုချိန်မှာ လူတစ်ထောင်ကျော် လောက်ကို ဝင် နေပါပြီ။ နိုင်ငံခြား ခရီးသွားရော၊ ယိုးဒယားရော၊ တရုတ်ရော များသော အားဖြင့် တတိယနိုင်ငံသားတွေပါ အခု ပါဝင်ပြီးတော့ လာရောက်လည်ပတ် နေပြီးတော့ အခု FMI ကလည်း လေယာဉ် သီးသန့် ဆွဲပေးရလောက်တဲ့အထိ နိုင်ငံခြားခရီးသွားတွေ များနေတဲ့အတွက် ကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် လုပ်ငန်း တစ်ခု လုပ်တယ်ဆိုတာ အကျိုးရှိသလို အပြစ်လည်း ရှိတာပဲ။
နိုင်ငံခြားခရီးသွားတွေ များလာ တယ်ဆိုရင် တခြားမလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်ပေမယ့်လို့ တိုင်းဒေသကြီး အစိုးရကတော့ တတ်နိုင် သလောက် သူတို့ရဲ့ လုံခြုံရေး၊ ကျန်းမာ ရေး စောင့်ရှောက်မှုတွေကို လုပ်ပေးနေ ပါတယ်။ ဒီလိုမျိုးပဲ Risk ယူပြီးတော့ လုပ်ရတဲ့ စီးပွားရေး ကဏ္ဍတစ်ရပ်ဖွံ့ဖြိုး တိုးတက်လာတယ်လို့ပဲ ကျွန်မက ထင်ပါ တယ်။
တနင်္သာရီ။ ။လုပ်မယ်လို့ စီစဉ်ပြီးမှ မလုပ်နိုင်ခဲ့တဲ့၊ လုပ်ရဲ့သားနဲ့ မအောင် မြင်ခဲ့တဲ့ ကိစ္စ ၃ ခုကို ပြောပါဆိုရင်ရော ဘာတွေဖြစ် မလဲခင်ဗျ။
ဒေါတ်တာလဲ့လဲ့မော် ။ ။ နံပါတ် ၁ အဓိကကတော့ မြေယာကဏ္ဍပဲ ပေါ့နော်။ ကျွန်မက ဗဟိုလယ်/စီ မှာလည်းပါတယ်ဆိုတော့ လေ။ ကျွန်မ တို့ ဒီမှာလည်း အကြံဥာဏ်တွေယူပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေယာနဲ့ ပက်သက်တဲ့ဟာမှာ အင်မတန်မှ ရှုပ် ထွေးပါတယ်။
ခေတ်အဆက်ဆက်က မြေယာဆို တာက မြေတစ်ဧကပေါ့နော် ဥပမာ ဒီမြေတစ်ဧကကို အစိုးရက သိမ်းမယ် ဆိုရင် မြေသိမ်းကြေညာရပါတယ်။ မင်းမြေကိုတို့ တို့လမ်းလုပ်မှာမို့လို့ သိမ်းလိုက်ပါပြီ။ အဲဒီအတွက်ကြောင့် မင်းငါတို့နဲ့ လာတွေ့ပါ။ ဒီမြေကို သိမ်း ဖို့အတွက် ကန့်ကွက်မယ့်သူ ဘယ်သူရှိ လဲဆိုပြီး Notice ပါ ကြေညာရပါ တယ်။ သူပြောထားတဲ့ ဥပဒေအတိုင်း ဆိုလို့ရှိရင် ဒီမြေကို မြို့နယ်ဖွံ့ဖြိုးဖို့ အတွက် သိမ်းမယ်ဆိုလို့ရှိရင် မင်းရဲ့ မြေကို ဟို ဦးဘရဲ့မြေကို သိမ်းမယ် အစိုး ရက။ ဒါဆိုလို့ရှိရင် ကန့်ကွက်မယ့်သူ ဘယ်သူရှိလဲ။ လာတွေ့ပါဆိုလို့ရှိရင် သက်ဆိုင်ရာပုဂ္ဂိုလ်က လာတွေ့ မယ်ဆို လို့ရှိရင် မြေနဲ့ပတ်သက်ပြီး တို့က လျော်ကြေး ဘယ်လောက် ပေးရမလဲ ဆို တာ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းရပါတယ်။

 
ညှိနှိုင်းပြီးတော့မှ သူကဖြင့် တစ် သိန်းလိုတယ် ဥပမာ တစ်သိန်းလိုတယ် အစိုးရ အဖွဲ့ကတော့ ငါးသောင်းပဲ ယူ ကွယ်။ အဲဆိုလို့ရှိရင် ညှိနှိုင်းရင်းနဲ့ ကြားထဲမှာ ချပြီး ခြောက်သောင်းနဲ့ ဈေး တည့်သွားရင် ဟိုဘက်က ကန့်ကွက်လွှာ ကို တစ်လ တိတိစောင့်ရ ပါတယ်။ ဦးဘ မှာ ညီအကိုမောင်နှမရှိလား။ ဦးဘက အမွေဆိုင်လား။ စသဖြင့် ဦးဘမှာ ဇနီး မယား ဘယ်နှစ်ယောက်ရှိပြီ။ တခြား အမွေဆိုင်ရှိလားဆိုတာကို ကန့်ကွက်လွှာ တင်ပြီးတော့မှ ကန့်ကွက်လွှာကို ကန့် ကွက်မယ့်သူမရှိဘူး။ တစ်လရှိပြီဆိုရင် ဦးဘနဲ့ မြေပေးမြေလျော် မြေယာလျော် ကြေးလုပ်ရပါတယ်။
မြေယာလျော်ကြေးလုပ်ပြီးတော့မှ ဦးဘက ဒီမြေကို ကျွန်တော်နဲ့ မသက် ဆိုင်တော့ပါဘူး။ အစိုးရအဖွဲ့ကို လွှဲ ပြောင်းမယ်ဆိုတဲ့ မြေလွှဲလုပ်ရတယ်။ အဲတော့ မြေသိမ်းမြေလွှဲကို မြေသိမ်း မယ့်ကိစ္စတိုင်းကို လုပ်ရတယ်။ ဒါပေမယ့် အရင်အစိုးရလက်ထက်က လုံးဝမလုပ်ခဲ့ ဘူး။ လုံးဝမလုပ်တဲ့အခါမှာ ဘာပြဿနာ သွားတက်လဲဆိုတော့ မြေယာလျော် ကြေးပဲ။
မြေယာလျော်ကြေးက လွန်ခဲ့တဲ့ ၁၀ နှစ် အနှစ် ၂၀ နဲ့ အခု မြေနဲ့ တန်ဖိုး ချင်းမကိုက်ညီဘူး။ မကိုက်ညီတဲ့အခါ ကျတော့ ဟိုတုန်းက ပေးခဲ့တဲ့ လျော်ကြေး ကလည်း နစ်နာကြေးဆိုတဲ့ အသုံးအနှုန်း နဲ့ ပေးတဲ့အခါကျတော့ အင်မတန်မှ သူ့ဒေသပေါက် ဈေးထက် အဲဒီအချိန်က ပေါက်ဈေးထက် အများကြီးလျော့နည်းနေ တယ်။ လျော့နည်းနေတဲ့ အခါကျတော့ ပြည်သူတွေက ဒါကို လက်မခံနိုင်ဘူး။ လက်မခံနိုင်တော့ ပြန်တိုင်တယ်။ သူတို့မှာ နစ်နာကြေးလည်းရပြီးပြီဆိုပြီး ယခင်အစိုးရအဆက်ဆက်က လှည့် မကြည့်ဘူး။ အစ်မတို့ အစိုးရဖြစ်လာတဲ့ အခါ ပြည်သူ့အစိုးရဖြစ်တဲ့ အတွက် ကြောင့် ဒီဟာတွေကို ပြန်လာတိုင်တဲ့ အခါမှာ သူတို့အတွက် လိုအပ်နေတဲ့ မြေယာလျော်ကြေးရဲ့ ကွာခြားချက်ကို ဘယ်ဘတ်ဂျက်က ပေးရမလဲဆိုတဲ့ ပြဿနာပေါ်လာ ပါတယ်နော်။

 

ခုနက မြေကို သိမ်းထားတဲ့မြေကို သက်ဆိုင်ရာ ကုမ္ပဏီသော်လည်းကောင်း၊ သက်ဆိုင်ရာ အစုအဖွဲ့သော်လည်းကောင်း ပေးထားခဲ့ ရင်တော့ ဒီအစုအဖွဲ့ဟာ လျော်ပေးနိုင် ရင်တော့ လျော်ပေးရင်တော့ ဒီမြေယာ လျော်ကြေးရနိုင်ပေမယ့် တချို့ဟာတွေက ကျောင်းတွေ သိမ်းတယ်။ လမ်းတွေသိမ်း တယ်ဆိုလို့ရှိရင် ဘယ်သူက လျော်မှာလဲ ဆိုတဲ့ပြဿနာ ပေါ်လာ ပါတယ်။ အဲဒီ တော့ ဒီမြေယာ ပြဿနာကို ဘယ်လိုရှင်း မလဲ။ အစိုးရက ငွေရေးကြေးရေးနဲ့ ပတ်သက်တော့ သိပ်ပြီး အခက်အခဲ ရှိနေ တဲ့ ကာလမှာ ဒီမြေယာလျော်ကြေးကို ပေးဖို့အတွက် အစ်မတို့မှာ အရမ်းအခက် အခဲဖြစ်တယ်။
နောက်ပြီးတော့ သူတို့ လက်ရှိ ပေါ့နော် ဒီမြေယာလျော်ကြေးတောင်းခံ နေတဲ့အဖွဲ့ကလည်း သူတို့က နစ်နာကြေး ပဲရတယ်။ လျော်ကြေးမရဘူးဆိုတော့ တောင်းခံတဲ့ငွေကြေးကလည်း အခု လက်ရှိ ပေါက်ဈေးနဲ့ မတိမ်းမယိမ်းဖြစ် နေတဲ့အခါမှာ တို့တွေက ဟိုအချိန် ဟို ခေတ်ကာလက တေ့တေ့ဆိုင်ဆိုင် မညှိ နှိုင်းခဲ့တဲ့အတွက်ကြောင့် ဘယ်လိုမှ ပေး လို့မရဘူးဖြစ်နေတယ်။

 
ဒီပြဿနာနဲ့ မြေယာနဲ့ပြဿနာကို အစ်မတို့ မဖြေရှင်းပေးနိုင်သေးဘူး။ အဓိက ကတော့ အဲဒီအချက်ပဲ။
အခု ၂၀၁၇ မှာ ထွက်မယ့် မြေယာ ဥပဒေကလည်း ဒီအချက်ကိုပဲ မူတည် ပြီးတော့ ဘယ်လိုနည်းနဲ့ ဖြေရှင်းဆောင် ရွက်ရမလဲဆိုတာကို အစ်မတို့လည်း ဒါကို ခဏခဏ အစ်မတို့ အစည်းအဝေး သွားနေရတာပါ နေပြည်တော်မှာ။ ဒါကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ညှိနှိုင်း ရမလဲ ဆိုတဲ့ဟာကို အစ်မတို့ လုပ်နေပါ တယ်။
ဥပဒေတစ်ရပ်ထွက်လာပြီး နည်း ဥပဒေထွက်လာပြီးရင်တော့ ဒါလေးတွေ အဆင်ပြေ သွားမယ်လို့တော့ ထင်ပါ တယ်။ အဆင်ပြေအောင် အတတ်နိုင် ဆုံးလည်းကြိုးစားနေပါတယ်။ ဒါကတော့ မြေယာနဲ့ပတ်သက်တဲ့ ပြဿနာပေါ့နော်။
နံပါတ် နှစ်က လျှပ်စစ်ပြဿနာပါ။ ဒီတနင်္သာရီတိုင်းတစ်တိုင်းလုံး National Grid မရောက်ဘူး။ လျှပ်စစ်နဲ့ ပတ်သက် ပြီးတော့ အကောင်းဆုံး လုပ်ပေးချင်တယ်။ ဟို သူများဒေသတွေလို ၃၅ ကျပ် မဟုတ် ပေမယ့် တစ်ရာလောက် အတောအတွင်း မှာ ရနိုင်အောင် အစ်မတို့က လုပ်ပေး ချင်တယ်။ ဘာဖြစ်လို့ လုပ်လဲဆိုတော့ ဒါပြည်သူကို အစ်မတို့ မဲရချင်လို့ လုပ် တာ မဟုတ်ဘူး။ ပြည်သူတွေကို တတ် နိုင်သလောက် အတိုင်းအတာတစ်ခုအထိ သက်သာစေချင်လို့ပဲ။ မဲရဖို့မရဖို့ဆို တာက တို့နိုင်ငံရေး ပါတီအပေါ်မှာလည်း မူတည်တယ်လေ။ ဒါနဲ့ မဆိုင်ပါဘူး။ ပြည်သူတွေကို တို့တွေက တတ်နိုင် သလောက် သက်သာရာ သက်သာ ကြောင်းတစ်ခု ရစေချင်တယ်။

 
နောက်ပြီး ဘာဖြစ်လို့ သက်သာ စေချင်လဲဆိုတော့ သိတဲ့အတိုင်းပဲ မြန်မာ တစ်နိုင်ငံလုံးက သုံးနေတဲ့ ဂက်စ်က ဒီ ဒေသထွက် ဂက်စ်ဖြစ်နေတယ်။ ပြည်  ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တွေမှာလည်း အစ်မ ပြောပြတယ်။ ကျွန်မ တို့ ဒေသက အရမ်းဝမ်းနည်းစရာ ကောင်း တယ်လို့။ ဒီဒေသကထွက်တဲ့ ဂက်စ်ကို ဒီဒေသက လူတွေ မသုံးရဘူးလို့။ သုံးရင် လည်း တစ်နိုင်ငံလုံးက  Free (အခမဲ့)သုံးနေရပြီး တော့ ကျွန်မတို့ ဒေသက လူတွေကငွေနဲ့ ဝယ်ပြီးသုံးရတယ်လို့။
အဲတော့ တနင်္သာရီတိုင်းအတွက်က လျှပ်စစ် ဈေးက ဘယ်တော့ ကျမှာလဲလို့။ ကျွန်မ အဲဒီလိုပဲ တင်ပြပါတယ်။ ဒါက ရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်ဒေသက ခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ပြောတာ အကောင်းဆုံးပါပဲ။ ကျွန်မ အဲဒီအတိုင်းပဲ ပြောပါတယ်။ ဒါပေမယ့် လို့ အခုထက်ထိ သက်ဆိုင်ရာဝန်ကြီး ဌာနက ဖြေလျှော့ပေးနိုင်မှုမရှိသေးတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ဂက်စ်ဖိုးက လည်း ဈေးကြီးတယ်။ ခုနက ဂက်စ် အင်ဂျင်တွေလည်း ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ငှားရတယ် ဆိုတော့ ဈေးကြီးတယ်။ အဲဒါကြောင့် လျှပ်စစ်ကို တတ်နိုင် သလောက် ကျွန်မတို့ မလျှော့ချနိုင်ဘူး။

 

ဒါပေမယ့်လို့ ထားဝယ်ဒေသမှာတော့ လာမယ့် သူတို့ စာချုပ်သက်တမ်းပြည့်ပြီး ဇူလိုင်လမှာတော့ နှစ်ရာ နှစ်ရာကျော် ပတ်ဝန်းကျင်နဲ့ ရနိုင်အောင် အတတ် နိုင်ဆုံး ကြိုးစားထားတယ်။ ကြိုးစား ပေမယ့်လည်း သူပေးမယ့် မီးကုမ္ပဏီမှာ လည်း ရှုံးနိုင်တယ်။ ရှုံးနိုင်ပေမယ့် ကျွန်မက ဘယ်လို စဉ်းစားထားလဲဆို တော့ သူတို့ရှုံးမယ်ဆိုလို့ရှိရင်လည်း တခြား စီးပွားရေးလုပ်ငန်း Construction ပိုင်း ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဘန်(ကာထိန်း)ပေးပြီးတော့ အဲလိုပဲ လုပ်မှပဲရမယ်။ နို့မို့ရင် ဘယ်လိုမှ လျှော့ လို့မရဘူး။

 

အခု မြိတ်နဲ့ ကော့သောင်း လျှော့လို့မရဘူး။ လျှော့လို့မရဘဲနဲ့ အခု ဒီဇယ်ဈေးက တဖြည်းဖြည်းတက်လာ တာနဲ့ အခု ၃၂၀ တွေ ဘာတွေဖြစ်လာပြီ။ ဖြစ်လာတဲ့ အခါကျတော့ ကျွန်မ ဂျပန် ပြည်သွားရင်းနဲ့ ဂျပန်တွေနဲ့ပေါ့နော် ဒီမှာ Half ဘပ half  (တစ်ဝက်စီ)နဲ့ မြန်မာ ရင်းနှီးမြှုပ်နှံမှုက Half ၊ သူတို့က Half နဲ့ ဒီ Solor system ပေါ့နော်။  ပြည့်ဖြိုး မြဲ စွမ်းအင်နဲ့ ကျွန်မတို့မီးပေးဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။

 
ကျွန်မထင်ပါတယ်။ ရှေ့နှစ် လောက်တော့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်တယ်။ သူတို့နဲ့ ကျွန်မတို့နဲ့ နည်းဥပဒေ နည်းနည်းလိုနေတဲ့အခါ ကျတော့လေ ကျွန်မ ဂျပန်ကို သွားနေတာ အဲဒီကိစ္စတွေလည်းပါပါတယ်။ အဲတော့ လျှပ်စစ်မီးမှာ ကျွန်မတို့ အားမရဘူးပေါ့။ မြေရယ်၊ လျှပ်စစ်ရယ်။
နောက်ပြီးတော့ နောက်တစ်ချက် ကတော့ ကျွန်မတို့ စိုက်ပျိုးရေးပါ။ ကျွန်မ တို့ဒေသတွေက စိုက်ပျိုးရေးနဲ့အဓိက လုပ်ရမယ့် ဒေသတွေဖြစ်ပေမယ့်လို့ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကျွန်မတို့ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်မတို့ မစွမ်း ဆောင်နိုင်ခဲ့ဘူး။ မစွမ်းဆောင်နိုင်တဲ့အကြောင်းအရင်းကတော့ ရော်ဘာစိုက်ပျိုး ရေးဆိုလည်း ကျွန်မတို့က ဖြစ်စေချင်တယ်။
ရော်ဘာနဲ့ပက်သက်တဲ့ ကုန်ချော တွေကို  Value added ကုန်ချောအဖြစ်နဲ့ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေကို တခြား နိုင်ငံခြားသားက လွဲလို့ မြန်မာရင်းနှီးမြှုပ် နှံမှုက Invest မလုပ်နိုင်ဘူး။ သူတို့က ရင်းနှီးမြှုပ်နှံမှု တအားဈေးကြီးတယ်။ နောက်ပြီးတော့ ထွက်လာတဲ့ကုန်ချောကို ဘယ်သူက ဝယ်မှာလဲဆိုတဲ့ ပြဿနာက ရှိတယ်ဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အခုထက်ထိကို မလာသေးတဲ့အခါကျ တော့ ဒီစိုက်ပျိုးရေးကဏ္ဍကိုတော့ တိုးတက်အောင် ကျွန်မတို့အစိုးရက မလုပ်ပေးနိုင်ခဲ့ပါဘူး။
ဝန်ကြီးချုပ်တို့ရဲ့ သက်တမ်း လေး နှစ်ကျန်သေးတာပေါ့နော်။ ဒီလေးနှစ်ထဲ မှာ တနင်္သာရီတိုင်းကို လျှပ်စစ် တစ်ယူ နစ်ကို ဘယ်လောက်အထိ လျှော့ချနိုင် မယ်လို့ မှန်းထားသလဲ ခင်ဗျ။
တနင်္သာရီတိုင်းအစိုးရက ဒီလျှပ် စစ်ကို  National Grid လိုမျိုး ကျပ် ၃၅  တွေ ၅၀ တွေ တော့ချပေးလို့ မရဘူး။ ပြည်ထောင်စုရဲ့ ပံ့ပိုးကူညီ မှုမရှိဘဲနဲ့တော့ ခုနက ၁၀၀ အောက် ကတော့ မလွယ်ဘူး။

ဆက်လက်ဖော်ပြပါမည်