ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ကန့်ကွက်လက်မှတ်ကောက်ခံ

0
436

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း)ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ် အောင်ဆန်းတံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။

တံတားအမည်ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဒေသခံလူထုတို့၏ သဘောထားဆန္ဒကို သက်သေပြရန်နှင့် ကောက်ခံရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးထံ တင်ပြသွားရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြု လက်မှတ်များ ကောက်ခံခြင်းဖြစ်သည်ဟု သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှုကော်မတီ ဦးဆောင်သူ မင်းအောင်မွန်က ပြောသည်။

” ဥပဒေဘောင်အတွင်းကနေ လုပ်ယူလို့ရတဲ့ဟာမျိုးနဲ့ လှုပ်ရှားသွားမယ်၊ လက်မှတ်ကောက်တာက အဓိက ဒေသခံတွေပေါ့။ ၁၀ မြို့နယ်ပေါ့။ ဒါ့အပြင် ကရင်၊ တနင်္သာရီနဲ့ အခြားသော ဒေသက ဒေသခံတိုင်းရင်းသားတွေလည်းပါမယ်” ဟု ၎င်းက ပြောသည်။အဆိုပါလက်မှတ်များကို ဧပြီလ ၁၃ ရက်က စတင်ကောက်ခံခဲ့ပြီး ဧပြီ ၂၅ ရက် နောက်ဆုံးထားကာ လက်မှတ်များ ပြန်လည် စုစည်းမည် ဖြစ်သည်။

ဆန္ဒပြုလက်မှတ် တစ်သိန်းနှင့်အထက်ရရှိအောင်မှန်းထားပြီး အဓိကအားဖြင့် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးထံသို့ ဧပြီ ၂၅ သို့မဟုတ် ၂၇ ရက်တွင် တင်ပြသည့်အပြင် ကိုယ်တိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေး နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု ကော်မတီ တာဝန်ရှိသူက ပြောသည်။