၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားသည့် အမျိုးသမီး ပြန်လည်တောင်းပန်

0
407

မြိတ်ဒေသအခြေစိုက် ပြည့်ဖြိုး ထွန်းကုမ္ပဏီ(PPT )အား ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ Zar Chi အကောင့် ပိုင်ရှင် အမျိုးသမီးက ဧပြီလ ၇ ရက်တွင် ပြန်လည် တောင်းပန်ခဲ့သည်။အဆိုပါ တောင်းပန်သည့် အခမ်း အနားကို မြိတ်ခရိုင်ငါးလုပ်ငန်းရှင်များ အသင်းရုံးတွင် ပြုလုပ်ခဲ့ပြီး ကုမ္ပဏီပိုင် ရှင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရှေ့နေ များ တက်ရောက်ခဲ့သည်။

” ဒီပို့စ်ကို အမှန်လို့ထင်ပြီး တိုင်း အတွက်အရေးကြီးတဲ့အတွက် မှားယွင်း မှန်းမသိဘဲ တင်ခဲ့မိပါတာပါ” ဟု အမှုဖွင့်ခံ ထားရသူ Zar Chi အကောင့်ပိုင်ရှင် မဇာခြည်ဦးက ပြောသည်။Zar Chi အကောင့်ပိုင်ရှင်က မတ်လ ၇ ရက်တွင် ” ကာကွယ်ရေးဦးစီးချုပ်သိစေအပ်သည်ခင်ဗျား” ဟု အစ ချီကာ PPT ကုမ္ပဏီက သင်္ဘောကြီး ၃ စီးဖြင့် သစ်ခိုးထုတ်နေကြောင်း ပုံနှင့် တကွ ပို့စ်တစ်ခုတင်ခဲ့ကြောင်း ကုမ္ပဏီမှ သိရသည်။

အဆိုပါ ပို့စ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မူရင်းအကောင့်ဖြစ် သူ တနင်္သာရီ(SHWELAY) က ရေး သားခဲ့သည့်ပိုစ်ကို Credit ပေးကာ Zar Chi အကောင့်ပိုင်ရှင်က ပြန်လည်ဖော်ပြ ခဲ့ခြင်းဖြစ်သည်။Zar Chi အကောင့်ပိုင်ရှင်က တင်ခဲ့သည့်ပို့စ်သည် ကုမ္ပဏီနှင့်သက် ဆိုင်ခြင်းမရှိသည့်အတွက် ပြန်ဖြုတ် ပေးရန် ပြောဆိုခဲ့သော်လည်း မဖြုတ် သည့်အပြင် အခြားပို့စ်တစ်ခု ပြန်လည် တင်ခဲ့သည့်အတွက် ကုမ္ပဏီမှ တရားစွဲ ဆိုခြင်းဖြစ်ကြောင်း ကုမ္ပဏီ မန်နေဂျာ ဦးဆန်းထွန်းဝင်းထံမှ သိရသည်။

ယင်းကြောင့် မတ်လ ၂၀ ရက်တွင် ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီး ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ဖမ်းဆီးခံရသည့် မဇာခြည်ဦးမှာ အာမခံရထားကြောင်း ယင်းမိသားစုဝင် များမှ သိရသည်။” နစ်နာစေတဲ့ စိတ်လည်းမရှိပါဘူး။ တောင်းပန်တဲ့အပေါ်မှာ ကျေနပ်ပါတယ်။ အမှုကိုလည်း ပြန်ရုပ်သိမ်းဖို့ သဘောတူ ပါတယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးလှသန်း က ပြောသည်။ကုမ္ပဏီဘက် စွဲဆိုထားသည့်အမှုကို ပြန်လည်ရုပ်သိမ်းပေးသွားမည် ဖြစ်သည်။
Zar Chi အကောင့်ပိုင်ရှင်ဘက်က တောင်းပန်ကြောင်း ခံဝန်လက်မှတ်ရေး ထိုးပေးခဲ့သည်။