မွန်တွင် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ဖွယ်ရှိ

0
453

၂၀၁၆-၂၀၁၇ ခုနှစ် ဆားထုတ်လုပ်ရာသီတွင် ရာသီဥတု အခြေအနေကြောင့် မွန်ပြည်နယ်ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိသည်ဟု သတ္တုတွင်းဝန်​ကြီးဌာန၊ မြန်​မာ့ဆားနှင့်​ အဏ္ဏဝါဓာတု​ဗေဒပစ္စည်း ထုတ်​လုပ်​​ရောင်းဝယ်​​ရေးလုပ်​ငန်း (မွန်​ပြည်​နယ်​) ပြည်နယ်ဦးစီးမှူးက ပြောသည်။

ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလက တစ်ကြိမ်၊ သင်္ကြန်ကာလအတွင်းက တစ်ကြိမ် မိုးရွာခဲ့သဖြင့် ဆားကွင်းများ ပျက်စီးသွားသည့်အတွက် ဆားထုတ်လုပ်မှုလည်း လျော့ကျသွားသည်။

“ဆားရာသီ တစ်ရာသီလုံးမှာ ၁၀၀ ထွက်မယ့်အစား ၈၀ လောက်ပဲ ထွက်တော့မယ်လို့ ခန့်မှန်းလို့ ရတယ်”ဟု ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဆားထုတ်လုပ် ရာသီတစ်ခုလုံးတွင် ရာသီဥတုပုံမှန်ဖြစ်ပါက ဆား ၁၁ ကြိမ်ထိ သိမ်းနိုင်ကြောင်း သို့သော်လည်း ယခုနှစ်တွင် ရာသီဥတုကြောင့် ဆားစလုပ်သည့်အချိန်မှ သင်္ကြန်ထိကို ဆား ၆ ကြိမ်သာ သိမ်းနိုင်သေးကြောင်းလည်း ၄င်းက ရှင်းပြသည်။

၂၀၁၆-၂၀၁၇ ဆားရာသီတွင် ဆားကွင်းဧက ၂၆၀၀ ခန့် လုပ်ကိုင်လျက်ရှိကာ တစ်ရာသီလုံးတွင် ဆားတန်ချိန် ၂၆၀၀၀ ခန့် ထုတ်လုပ်ရန် မှန်းထားသည်။

သို့သော် ဧပြီလ ၁၅ ရက်ထိ ဆားတန်ချိန် ၂၁၀၀၀ ကျော်သာ ထုတ်လုပ်နိုင်သေးသည်။

မွန်ပြည်နယ်တစ်လုံးတွင် ဆားကွင်းဧကပေါင်း ၅ ထောင်ကျော်ရှိသည်။

၂၀၁၀ ခုနှစ်ကစပြီး ရာသီဥတု ဖျက်ဆီးခြင်း၊ ဆားဈေးကျဆင်းခြင်းနှင့် ဆားဈေးကွက်ပျက်ပြားလာခြင်းတို့ကြောင့် နှစ်စဉ် နှစ်တိုင်း အရှုံးပေါ်လာသည့် ဆားလုပ်တောင်သူများ လုပ်ငန်း ရပ်ဆိုင်းလာကြသည်။

၂၀၁၄-၂၀၁၅ ဆားရာသီမှစပြီး ဆားဈေးပြန်လည် ဦးမော့လာကာ ဆားလုပ်တောင်သူများလည်း ဆားလုပ်ငန်း ပြန်လည် လုပ်ကိုင်လာကြသည်ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။

မွန်ပြည်နယ်မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်း အသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေး ဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟုလည်း ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

ဆားလုပ်ငန်းကို မိုးကုန်ကာလဖြစ်သည့် နိုဝင်ဘာလခန့်က လုပ်ငန်းစတင်လုပ်ကိုင်ကြပြီး မေလကုန်ထိ ဆားထုတ်လုပ်ကြသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆား အများအပြား ထုတ်လုပ်သည့်ဒေသများ ဖြစ်သည်။