သင်္ကြန်ရက်များအတွင်း ဓားအလက် ၆၀ နီးပါး ဖမ်းမိ

0
367

သင်္ကြန်ကာလအတွင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့ဝင် မြို့ထွက်နေရာများတွင် ကားနှင့် ဆိုင်ကယ် များကို စစ်ဆေးခဲ့ရာ ဓားအလက်ရေ ၆၀ နီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တိုင်းအတွင်းရှိ မြို့ဝင်/ထွက်နေရာများတွင် သင်္ကြန်ကာလဖြစ်သည့် ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အထိ ယာဉ်များကို စစ်ဆေးရာမှ ယင်းကဲ့သို့ ဖမ်းမိခဲ့ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယင်း လက်နက်ကိုင်ဆောင်မှုများအနက် မြိတ်မြို့ရှိ ရေကစားမဏ္ဍပ် အနီးတွင် ဓားကိုင်ခဲ့သူ ၂ ဦး ကိုသာ အမှုဖွင့် ထားသည်။

” ကျန်တာကတော့ တူးဘောက် (ယာဉ်များတွင် ပစ္စည်းထည့်သည့်ပုံး)ထဲမှာ မိတော့ အမှုမဖွင့်ဘူး၊ ပစ္စည်းပဲ သိမ်းထားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ယင်းကဲ့သို့ တားဆီးစစ်ဆေးနေသည့်အတွက် ခိုက်ရန်ဖြစ်ပွားမှု သိသိ သာသာလျော့နည်းသွားကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာတင်ယာဉ်အဖွဲ့မှ ဦးနိုင်မျိုးသွင်က ဆိုသည်။

” ရန်ဖြစ်တာတွေလည်း သိပ်မတွေ့ရတော့ဘူး” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ဓား ၅၈ လက်၊ သစ်သားတုတ် ၃၆ ချောင်း၊ သံတုတ်သံပိုက် ၁၉ ချောင်း၊ လေးခွ ၂၅ ခုနှင့် မျက်နှာဖုံး ၃၈၃ ခု အစရှိသည့် ပစ္စည်းများ သိမ်းဆည်းထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။