အပေါင်ပစ္စည်းမလိုဘဲ ငွေချေးစနစ်ဖြင့် ချေးငွေလျှောက်သူ လုပ်ငန်းရှင် ၈၀ ဦးခန့်ရှိ

0
409

အပေါင်ပစ္စည်းမလိုဘဲ ငွေချေး နိုင် သည့်စနစ် စတင်ပြီးနောက် ချေးငွေ ယူရန် အသေးစား၊ အလတ်စား( SME )လုပ်ငန်းရှင် ၈၀ ဦးခန့် လာလျှောက်ကြ ကြောင်း တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရ သည်။

အဆိုပါ ချေးငွေစနစ်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် စတင်ပြီး နောက် တိုင်းအတွင်းရှိ SME လုပ်ငန်း ရှင် ၇၈ ဦး လာလျှောက်ခဲ့ပြီး ၃၇ ဦး ထောက်ခံချက် ကျထားပြီးဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး က ဆိုသည်။SME လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀၀ အထိ ချေးယူခွင့်ရမည် ဖြစ်ပြီး တစ်နှစ်အတွက် ကျပ် ၁၀၀ လျှင် ၁၂ ကျပ် အတိုးနှုန်းနှင့် ဘဏ်ဝန်ဆောင်ခ ၁ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဒု-ညွှန်မှူး ဦးဇော်မျိုးအောင် က ရှင်းပြ သည်။

ယင်းချေးငွေစနစ်ကို မြန်မာ့အာမခံ လုပ်ငန်းနှင့် CB ဘဏ်တို့ ချိတ်ဆက် ချေးမည်ဖြစ်ပြီး ငွေချေးရန် လျှောက်လွှာ လာယူနိုင်ကြောင်း ဒုညွှန်မှူးက ပြော သည်။
” ဒီချေးငွေက အပေါင်ပစ္စည်း မပါ တဲ့အတွက် လုပ်ငန်းခိုင်မာရမယ်” ဟု ၎င်းက ပြောသည်။ချေးငွေပြန်ဆပ်ရမည့် သက်တမ်း မှာ တစ်နှစ်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်တွင် စတင်ခဲ့သော အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဘဏ်ကထုတ်ချေးသည့် အခြား ချေးငွေအစီအစဉ်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တိုင်းအတွင်းရှိ SME လုပ်ငန်းရှင် ၇ ဦးကို ငွေကျပ် ၂၆၅၀ သိန်းထုတ်ချေးခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။